ပအိုဝ်းအမျိုးသားနေ့မှသည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပအိုဝ်းအမျိုးသားနေ့မှသည်



ကမ္ဘောဇတိုင်း
.

ကမ္ဘာတစ်ဝှမ်းရှိ တိုင်းရင်းသားလူမျိုးအသီးသီးတွင် ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာနှင့် စာပေ၊ ယဉ် ကျေးမှုများ ရှိကြသည့်နည်းတူ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးအသီးသီးတို့တွင်လည်း နေထိုင်ရာဒေသအသီးသီးလိုက် မတူညီသည့် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့စရိုက် လက္ခဏာများ၊ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုများ၊ အမျိုးသားအထိမ်းအမှတ်နေ့များ ရှိကြပါသည်။
.
ယင်းအမျိုးသား နေ့ထူးနေ့မြတ်များအနက် ပြည်ထောင်စုဖွားတိုင်းရင်းသား ၁၃၅ မျိုးမှ တစ်မျိုး အပါအဝင်ဖြစ်သော ပအိုဝ်းအမျိုးသားများ၏ အမျိုးသားနေ့သည်လည်း ထူးခြားချက်များနှင့် ပြည့်စုံနေပါသည်။ နှစ်စဉ် တပေါင်းလပြည့် အခါသမယတွင် ကျင်းပသော ပအိုဝ်းတိုင်းရင်းသားများ၏ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ နောက်ခံ သမိုင်းကြောင်း မှာလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါသည်။
.
ရှေးနှစ်ပေါင်းများစွာက သုဝဏဘုမ္မိသထုံပြည့်ရှင်၊ လေးဆူဓာတ်ဆံ ရွှေစာရံစေတီတော်ကြီးအား တည်ထား ကိုးကွယ်ခဲ့သော သာသနာ့ဒါယိကာ ''သူရိယစန္ဒာမင်းကြီး''သည် ပအိုဝ်းတိုင်းရင်းသား လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားတိုးတက်ရေးနှင့် အမျိုးသားရေး လက္ခဏာများ မပျောက်မပျက်ရန် ကြိုးပမ်းထိန်းသိမ်းစောင့် ရှောက်ခဲ့သော မင်းတစ်ပါး ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့် သူရိယစန္ဒာဘုရင်မင်းမြတ်သည် ပအိုဝ်းအမျိုးအနွယ် တိုင်းရင်းသားလူမျိုးများ၏ ဂုဏ်သိက္ခာကို မြှင့်တင်လျက် ''ပအိုဝ်းလူမျိုး''ဟု ထယ်ဝါတောက်ပြောင်ကာ ဝင့်ထည်နိုင် သော ခေတ်ကာလအတိုင်းအတာတစ်ခုကို သမိုင်းတွင် ကမ္ဗည်းထိုးဖော်ညွှန်းပေးခဲ့သော မင်းမြတ်တစ်ပါးလည်း ဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့က သူရိယစန္ဒာမင်းကြီးအား ချစ်ခင်လေးစား ဂုဏ်ပြုထိုက်သော မင်းတစ်ပါးအဖြစ် စံထားကာ မင်းကြီး၏ မွေးနေ့ကို ''ပအိုဝ်းအမျိုးသားနေ့''ဟူ၍ သတ်မှတ်ခဲ့ကြခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါသည်။
.
ပအိုဝ်းတိုင်းရင်းသားတို့သည် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ကြသည့် လယ်ယာလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း စေရေးနှင့် မိုးလေဝသရာသီဥတု ကောင်းမွန်စေရန်အတွက် လူဖိုင်ပွဲတော် ခေါ် မီးရှူးလွှတ် ပွဲတော်များကိုလည်း ယဉ်ကျေးမှု အစဉ်အလာမပျက် ကျင်းပပြုလုပ်လေ့ ရှိကြသည်။
.
ယခု ၂ဝ၁၉ ခုနှစ်တွင် ကျရောက်သော နှစ် (၇ဝ) ပြည့် ပအိုဝ်းအမျိုးသားနေ့အကြို အထိမ်းအမှတ်ပွဲကို ပြီးခဲ့ သည့် မတ်လ ၁၃ ရက်က နေပြည်တော်တွင် ပထမဆုံးအကြိမ်အဖြစ် တစ်နိုင်ငံလုံးမှ ပအိုဝ်းတိုင်းရင်းသားများ စုစု စည်းစည်း ကျင်းပခဲ့ရာ ယင်းအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပအိုဝ်းညီအစ်ကိုမောင်နှမများသည် သူရိယစန္ဒာမင်းကြီးကို စံနမူနာထားရမည့် မင်းတစ်ပါးအနေဖြင့် မြင်ခြင်းသည် မိမိတို့ပြည်ထောင်စုအတွက် အင်မတန်မှ ကောင်းသည့် အစဉ်အလာ ဖြစ်ပါ ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများသည် ပြည်ထောင်စုအတွက် စံနမူနာဖြစ်သည့် ပြည်ထောင်စုသားများဖြစ်ပါ စေကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများသည် ပြည်ထောင်စုကြီး ခိုင်မာရန်အတွက်၊ တိုးတက်ရန်အတွက်၊ အေး ချမ်းရန်အတွက် ရှေ့တန်းကနေ ဦးဆောင်ပေးသည့် တိုင်းရင်းသားများ ဖြစ်ပါစေကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများ သည် နှစ်ပေါင်းများစွာ တစ်နှစ်ပြီးတစ်နှစ် မိမိတို့၏ ပအိုဝ်းတိုင်းရင်းသားနေ့ကို ဂုဏ်ယူစွာ၊ ရွှင်လန်းစွာ၊ အင်မတန်မှ ပြည့်ဝသည့် နှလုံးသားများဖြင့် ဆင်နွှဲနိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။
.
ယနေ့အချိန်တွင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီး တည် ဆောက်နိုင်ရန် ကြိုးပမ်းနေချိန်တွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားအသီးသီးတို့၏ ရိုးရာယဉ်ကျေးမှုဓ လေ့ထုံးတမ်းအစဉ်အလာများ၊ ယုံကြည်ကိုးကွယ်မှုများ၊ ဘာသာစာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို အပြန်အ လှန် လေးစားတန်ဖိုးထားကာ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ခရီးဆက်ချီ တက်ရမည့် အချိန်အခါကောင်းလည်းဖြစ်နေပါသည်။ ၂ဝ၁၉ ခုနှစ်၊ မတ်လ ၂ဝ ရက်၊ ၁၃၈ဝ ပြည့်နှစ် တပေါင်း လပြည့်နေ့တွင် ကျရောက်သော ပအိုဝ်းတိုင်းရင်းသားတို့၏ အမျိုးသားနေ့မှသည် ပြည်ထောင်စုကြီး အစဉ်ထာဝရ အဓွန့်ရှည်တည်တံ့ပြီး ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
.

Journal Download

Photo of three cats