မူဆယ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး တရုတ်မယားအဖြစ် ရောင်းစားခံရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, March 10, 2019

မူဆယ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး တရုတ်မယားအဖြစ် ရောင်းစားခံရ



အောင်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး တရုတ်မယား အဖြစ် ရောင်းစားခံခဲ့ရပြီး ယနေ့တိုင် ကယ်တင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
.
.
“မူဆယ်မြို့၊ မန်မိုင်ရွာက အသက် ၁၃ နှစ်အရွယ် မဂွမ်ဆောင်လူပန် (ခ) မလုပန်ကို မူဆယ်မြို့မှာ နေတဲ့ မထုရှဲန်နဲ့ မရှန်နန်းတို့ ၂ ဦးက တရုတ်နိုင်ငံ၊ ကျင်ဖုန်းမြို့ကို ခေါ်သွားပြီး တရုတ်ယောက်ျားဆီမှာ ယွမ်ငွေ ၂၅၀၀ နဲ့ ရောင်းစားခဲ့တယ်လို့ မိဘတွေက လူကုန်တားရဲတပ်ဖွဲ့မှာ လာရောက်တိုင်ကြားပါတယ်။ ရောင်းစားခံရတဲ့ မိန်းက လေးကို ဒီနေ့အထိ ကယ်တင်လို့မရသေးပါဘူး။ နှစ်နိုင်ငံ ချိတ်ဆက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ရောင်းစားခဲ့သူ ၂ ဦးကို မူဆယ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ အဲဒီ ၂ ဦးအနက် မထုရှဲန်ကို ဖမ်းဆီးစစ်ဆေးနေပြီး မရှန်နန်း ကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပါတယ်” ဟု မူဆယ်မြို့ရှိ အမှတ် (၁၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
မဂွမ်ဆောင်လုပန် (ခ) မလုပန်သည် ဖေဖော်ဝါရီလ ၂၇ ရက်က သူငယ်ချင်းဖြစ်သူ မနူးနူးနှင့်အတူ သွား ရာမှ နေအိမ်သို့ ပြန်မလာသည့်အတွက် မိဘများမှ မနူးနူးနေ၏ နေအိမ်သို့ သွားရောက်မေးမြန်းရာ ကျင်ဖုန်းမြို့တွင် ကျန်နေရစ်ကြောင်း ပြောဆိုသဖြင့် သက်ဆိုင်ရာ လူကုန်တားရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။
.
ရောင်းစားခံရသူ မဂွမ်ဆောင်လုပန်သည် သူငယ်ချင်းဖြစ်သူ မနူးနူးနှင့် ၎င်း၏မိခင် မထုရှဲန်တို့က ညီမဖြစ်သူ မရှန်းနန်းနှင့်အတူ တရုတ်နိုင်ငံ၊ ကျင်ဖုန်းမြို့သို့ ခေါ်ဆောင်သွားပြီး တရုတ်ယွမ် ၂၅၀၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
.
သို့ဖြစ်၍ မဂွမ်ဆောင်လုပန် (ခ) မလုပန်ကို တရုတ်မယားအဖြစ် ရောင်းသစားခဲ့သူ မထုရှဲန်နှင့် မရှန်းနန်း တို့ ၂ ဦးအား မူဆယ်မြို့မရဲစခန်းတွင် (ပ)၂၇၉/၂၀၁၉၊ လူကုန်ကူးမှုဥပဒေ ၂၄ အရ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိပြီး ရောင်းစားခံခဲ့ရသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အား ပြန်လည်ကယ်တင်နိုင်ရေးအတွက် နှစ်နိုင်ရဲတပ်ဖွဲကအကြား ချိတ်ဆက်ဆောင်ရွက်နေသည်ဟု မူဆယ်မြို့မရဲစခန်းမှ သိရသည်။
.
မူဆယ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လဆန်းအထိ ကာလအတွင်း လူကုန်ကူးမှု ၁ မှု ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ အမျိုးသမီး ၁၈ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။
.

No comments:

Post a Comment

Recent Tube