သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်း စီမံချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်စေလို ဟု ၈၈၈၈ ဆရာတော် မိန့်ကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, March 5, 2019

သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်း စီမံချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်စေလို ဟု ၈၈၈၈ ဆရာတော် မိန့်ကြား


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်သံဃာ့နာယကအဖွဲ့၊ ပြည်နယ်ဝန်ဆောင် ဆရာတော်များ၏ ၂၅ ရာခိုင်နှုန်း အနားယူအစားထိုး ရွေးချယ်ပွဲနှင့် တောင်ကြီးမြို့နယ် သံဃာ့နာယကအဖွဲ့၊ မြို့နယ်ဝန်ဆောင် ဆရာတော်များ၏ ၂၅ ရာခိုင်နှုန်း အစားထိုး ရွေးချယ်ပွဲကို မတ်လ ၄ ရက်၊ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ကျင်းပပြုလုပ် ခဲ့ရာ အဆိုပါ ရွေးချယ်ပွဲအပြီးတွင် တောင်ကြီးမြို့၊ အောင်မြေဘုံစံကျောင်းတိုက် ဆရာတော် (၈၈၈၈ ဆရာတော်) ဘဒ္ဒန္တ ခေမာနန္ဒက သံဃာ့အဖွဲ့အစည်းများအနေဖြင့် အခြေခံ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် သော်လည်းကောင်း၊ လုပ်ငန်းစီမံချက်များနှင့် သော်လည်းကောင်း အညီ လုပ်ကိုင်ဆောင်ရွက်စေလိုသည်ဟု ကမ္ဘောဇတိုင်းသို့ မိန့်ကြားခဲ့သည်။
.
.
ရွေးချယ်ပွဲတွင် ရှေးဦးစွာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် ရွှေကျင်ကျောင်းဆရာတော်၊ အဖွင့်ဩဝါဒစကား မြွက်ကြားခဲ့သည်။
.
ထို့နောက် တောင်ကြီးမြို့နယ် သံဃာ့နာယကအဖွဲ့ ဖွဲ့စည်းနိုင်ရန်အတွက် အနားယူသွားသည့် ဆရာတော်ကြီး များ၏ အမည်စာရင်းကို တင်သွင်းကြေညာခြင်း၊ ထောက်ခံခြင်းများ ပြုလုပ်ခဲ့ပြီး တောင်ကြီးမြို့၊ အောင်မြေဘုံစံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒက သံဃာ့အဖွဲ့အစည်း၊ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် လည်းကောင်း၊ ၂၅ ရာခိုင်နှုန်း အစားထိုးရေး စီမံချက်တို့နှင့်လည်းကောင်း ကိုက်ညီခြင်း ရှိ/မရှိနှင့် လက်ရှိ လုပ်ကိုင် ဆောင်ရွက်နေသော မြို့နယ်သံဃာ့နာယက ဥက္ကဌ ဦးနာယကနှင့် အကျိုးတော်ဆောင်ဆရာတော် ဦးဂုဏဝံသ တို့အား သက်တမ်းပြည့်ပါက အနားယူပေးရန်တို့ကို တင်ပြလျှောက်ထားခဲ့သည်ဟု သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ၈၈၈၈ ဆရာတော်က “မြို့နယ်သံဃာ့နာယကအဖွဲ့ကို ပထမဦးဆုံး ရွေးချယ်ပါတယ်။ သဘာပတိ ဆရာတော်အဖြစ် ပြည်နယ်သံဃာ့နာယက ဥက္ကဌ၊ မူလမင်းကွန်းကျောင်းဆရာတော် ဦးပညာသီရိက ဆောင်ရွက်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း  ၂၅ ရာခိုင်နှုန်း စီမံချက်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲဒီလို လုပ်မှသာလျှင် ဒီသံဃာ့အဖွဲ့အစည်းဟာ သံဃာလည်း ညီညွတ်မယ်၊ သံဃာလည်း ချမ်းသာမှာဖြစ်ပါတယ်။ မညီညွတ်ရင်တော့ ဖွဲ့လို့မရပါဘူး။ အခုလို မဖွဲ့စည်းမီ မတ်လ ၁ ရက်က အကြိုအစည်းအဝေး လုပ်တဲ့အခါမှာလည်း မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော် ၁၁၁ ပါး ရှိတဲ့အနက် ၁၃ ပါးလောက်နဲ့ လုပ်ခဲ့ပါတယ်။ အဲဒီအကြိုညှိနှိုင်းပွဲမှာ ဘုန်းကြီးက အခုလက်ရှိဆရာတော် ဦးနာယက နဲ့ အကျိုးတော်ဆောင်ဆရာတော် ဦးဂုဏဝံသတို့ဟာ သက်တမ်းပြည့်ပြီလို့ သိရတယ်။ ဒါကြောင့် အရှင် ဘုရားတို့ အနားယူရပါမယ်ဘုရားလို့ လျှောက်ထားခဲ့ပါတယ်။ သူတို့က သက်တမ်းမပြည့်သေးဘူးလို့ ပြောပါတယ်။ ဘုန်းကြီး သိထားတာကတော့ သူတို့က ၂၀၀၇ ခုနှစ်ကတည်းက သံဃာ့အဖွဲ့အစည်းထဲမှာ ပါနေတာပါ။ တောင်ကြီး မြို့နယ် သံဃာ့နာယက ရွေးချယ်တဲ့အခါမှာ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားလွှာတွေကို မျက်ကွယ် ပြုပြီး လုပ်နေတာကို တွေ့ရတဲ့အတွက် ဘုန်းကြီးအနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ်။ သံဃာ့အဖွဲ့အစည်း ဆရာတော်တွေရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတာဖြစ်ပါတယ်။ ထို့အတူ အဲဒီလို လုပ်ကိုင်ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်ဟာ မိမိရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတာဖြစ်ပါတယ် ဟု ကမ္ဘောဇတိုင်းသို့ မိန့်ကြားခဲ့သည်။
.
ထို့အပြင် ဆရာတော် ဦးခေမာနန္ဒက သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ အခန်း (၄)၊ အပိုဒ် ၂၄/၂၇ (ဋ) ပါ အကျင့်စာရိတ္တနှင့် စပ်လျဉ်းသော ပြစ်မှုဥပဒေတစ်ရပ်ရပ်ဖြင့် အပြစ်ပေးမခံရ ဖူးသော ပုဂ္ဂိုလ်ဖြစ်ရမည်ဟု ပါရှိရာ ပြစ်မှုဆိုင်ရာ ဥပဒေ ဆိုရာတွင် ခိုး၊ ဆိုး၊ လု၊ နှိုက် တည်းဟူသော ရာဇဝတ်မှုများကို ဆိုလိုပါကြောင်း၊ ဤသတ်မှတ် ချက်သည် နိုင်ငံရေးပုဒ်မဖြင့် အပြစ်ပေးအရေးယူခံထားရသော ရဟန်းသံဃာတော်များနှင့် သက်ဆိုင်ခြင်း မရှိပါ ကြောင်း  လျှောက်ထား တင်ပြခဲ့သည်ဟု သိရသည်။
.
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းမှာ သံဃာ့နာယက အရွေးချယ်ခံဆရာတော်များသည် အကျင့်စာရိတ္တနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာဥပဒေဖြင့် အရေးယူခံထားရတဲ့ ပုဂ္ဂိုလ် မဖြစ်စေရလို့ ပါပါတယ်။ ပြည်နယ်သံဃာ့နာယက ဥက္ကဌ ဆရာတော် ဦးပညာသီရိက ဘုန်းကြီးကို ထောင်ထွက်ဆိုပြီးတော့ သံဃာ့နာယထဲ ပါလို့မရဘူးလို့ ပြောပါတယ်။ ဘုန်းကြီးက လုပ်ချင်လို့ မဟုတ်ပါဘူး။ အကျင့်စာရိတ္တနဲ့ ပတ်သက်လို့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ နဲ့ အရေးယူခံခဲ့ရတာ မဟုတ်ပါဘူး။ ဒီမိုကရေစီအရေးမှာ နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျခဲ့တာပါ။ အဓိပ္ပါယ်ကောက်လွဲ တယ်လို့ ယူဆပါတယ်။ ဒီကိစ္စကိုလည်း လျှောက်ထားတင်ပြခဲ့ပါတယ် ဟု ဆရာတော် ဦးခေမာနန္ဒက ဆက်လက်မိန့်ကြားခဲ့သည်။
.
အဆိုပါ သံဃာ့အဖွဲ့အစည်းဆိုင်ရာ  အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း ၂၅ ရာခိုင်နှုန်း ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေး အတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၁ ရက်၊ မွန်လွဲပိုင်းက တောင်ကြီးမြို့ မင်းကျောင်း ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော် ၁၁၁ ပါးအနက် ဆရာတော် ၁၃ ပါးခန့်သာ တက်ရောက်ခဲ့သည်ဟု သိရသည်။
.
သံဃာ့နာယက ဆရာတော်များ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းသည် တစ်ကြိမ်လျှင် ၃ နှစ် ဖြင့် ၂ ကြိမ်၊ ၆ နှစ်သာ တာဝန် ထမ်းဆောင်ခွင့်ရှိပြီး ၆ နှစ်ထက် ကျော်လွန်၍ တာဝန် ထမ်းဆောင်ခွင့် မရှိကြောင်း သိရသည်။
.

No comments:

Post a Comment