မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းစစ်တုရင်ပြိုင်ပွဲတွင် လင်းမင်းထိုက်က အမျိုးသားတံခွန်စိုက် ချန်ပီယံ ဝင်းဇော်ထွန်းကို အနိုင်ရဗိုလ်စွဲ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, March 29, 2019

မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းစစ်တုရင်ပြိုင်ပွဲတွင် လင်းမင်းထိုက်က အမျိုးသားတံခွန်စိုက် ချန်ပီယံ ဝင်းဇော်ထွန်းကို အနိုင်ရဗိုလ်စွဲ



သန်းနိုင် (မူဆယ်)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ခရိုင်အုပ်ချုပ်ရေးမှူးဖလား ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် (FIDE) အသိအမှတ်ပြု ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ စစ်တုရင် အလွတ်တန်းပြိုင်ပွဲကို မတ်လ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲတွင် လင်းမင်းထိုက်က အမျိုးသားတံခွန်စိုက် ချန်ပီယံ ဝင်းဇော်ထွန်းကို အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
.
.
ပြိုင်ပွဲတွင် ၉ ပွဲကစားရာ လင်းမင်းထိုက်က အမျိုးသားတံခွန်စိုက်ချန်ပီယံ IM ဝင်းဇော်ထွန်းကို ရမှတ် ၈ မှတ်ခွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ပထမဆုအဖြစ် ဆုကြေးငွေ ၇၀၀၀၀၀ ကျပ် ရရှိခဲ့ကြောင်း သိရသည်။ တံခွန်စိုက်ချန်ပီယံ IM ဝင်းဇော်ထွန်းက ရမှတ် ၈ မှတ်ဖြင့် ဒုတိယဆုရရှိကာ ဆုကြေးငွေ ၅၀၀၀၀၀ ကျပ်၊ IM မြင့်ဟန်က တတိယဆု ရရှိကာ ဆုကြေးငွေ ၃၀၀၀၀၀ ကျပ် အသီးသီး ရရှိခဲ့သည်။
.
ထို့အပြင် အသက် (၅၀) နှစ်နှင့်အထက် ကစားသမားဆုကို သိန်းဇော်က ပထမ၊ မူဆယ်မြို့နယ် ဒေသခံဆုကို မျိုးညွန့်က ပထမ၊ ရှမ်းပြည်နယ်ဒေသဆုကို ထိန်ဝင်းက ပထမ၊ အမျိုးသား အသက် (၂၀) နှစ်အောက် ကစားသမား ဆုကို ဘုန်းလပြည့်နှင့် အမျိုးသမီးဆုကို ဂျာဆန်အောင်တို့က ရရှိခဲ့ကြောင်း သိရသည်။
.
“အခုလို ဒေသအသီးသီးက ကစားသမားတွေ၊ IM အဆင့် ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရတဲ့အတွက် အတွေ့အကြုံ လည်းရ၊ ပညာလည်းရပါတယ်။ စစ်တုရင်ကစားနည်းကို သဘောကျနှစ်ခြိုက်ပါတယ်။ အခုလို လာရောက်ယှဉ်ပြိုင် ကစားရတဲ့အတွက်လည်း ကျေနပ်နှစ်သက်မိပါတယ်” ဟု လားရှိုးမြို့မှ လာရောက်ယှဉ်ပြိုင်သည့် အသက် ၈ နှစ် အရွယ် စစ်တုရင်ကစားသမား မဟေဇင်ကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။ ၎င်းအနေဖြင့် လာမည့် ဧပြီလအတွင်း မူဆယ်၌ ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၀ နှစ်အောက် စစ်တုရင် ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
.
အဆိုပါ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းစစ်တုရင်ပြိုင်ပွဲကို ၉ ချီစနစ် (9 Rounds Swiss System) ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးကစားသမား ၅ ဦး အပါအဝင် ဒေသအသီးသီးမှ ကစားသမား ၁၀၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment