နမ္မတူမြို့နယ်၊ မန်လီကျေးရွာတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, March 30, 2019

နမ္မတူမြို့နယ်၊ မန်လီကျေးရွာတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ


အောင်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ချောင်းဆာအုပ်စု၊ မန်လီကျေးရွာတွင် ယနေ့ မတ်လ ၃၀ ရက်၊ နံနက်ပိုင်းက မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ရွာသား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ဓါတ်ပုံ - ကိုမျိုး (သီပေါ)
.
“မနက် ၆ နာရီလောက်မှာ မန်လီရွာသား ၉ ယောက်လောက်စုပြီး ရွာအရှေ့ဘက်ကို တောင်ယာလုပ်ကိုင်ဖို့ သွားတဲ့ အချိန် မီးရှို့ထားတဲ့ ဒေါ်မေအောင်ရဲ့ တောင်ယာတဲနားအရောက်မှာ မိုင်းပေါက်ကွဲသွားတာပါ။ အဲဒီတောင်ယာတဲ နားကို ကလေးတွေဖြတ်လျှောက်ရင်း နင်းမိရာကနေ မြေမြှုပ်မိုင်း ပေါက်ကွဲတာပါ။ လူ ၇ ဦး ထိတဲ့အနက် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု သီပေါမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ၄ တန်းဖြေဆိုထားသူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် မအေးအောင်၊ ၅ တန်းဖြေဆိုထားသူ အသက် ၁၅ နှစ်အရွယ် မောင်အိုက်လောင်နှင့် အသက် ၃၄ နှစ်အရွယ် အမျိုးသား အိုက်ဟိန်း တို့ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု မန်လီကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာဦးက ပြောသည်။
.
နမ္မတူမြို့နယ်၊ မန်လီကျေးရွာအနီးတွင် မတ်လ ၁ ရက်မှ စတင်ကာ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ များကြောင့် ကျေးရွာသားများသည် သီပေါမြို့သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး နေရပ်ပြန်လည်ကြသည်မှာ မကြာ သေးကြောင်း သိရသည်။
.
ယခု မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးသူ အိုက်လောင်၏ ဖခင်မှာ ပြီးခဲ့သည့် လဆန်းပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး မတ်လ ၂၉ ရက်က ပြန်လည်လွတ်မြောက်လာသူ ၈ ဦး အနက်မှ တစ်ဦးအပါအဝင်ဖြစ်သည်။
.

No comments:

Post a Comment

Recent Tube