ကျိုင်းတုံ တွဲဘက်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနရှေ့ရှိ ဆိုင်ခန်းပိုင်ရှင်အချို့မှ ၎င်းတို့အား ကျူးကျော်အဖြစ် သတ်မှတ်ခေါ်ဝေါ်သုံးစွဲခြင်းမပြုရန် ပြောကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, March 31, 2019

ကျိုင်းတုံ တွဲဘက်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနရှေ့ရှိ ဆိုင်ခန်းပိုင်ရှင်အချို့မှ ၎င်းတို့အား ကျူးကျော်အဖြစ် သတ်မှတ်ခေါ်ဝေါ်သုံးစွဲခြင်းမပြုရန် ပြောကြား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ် () ရပ်ကွက်၊ နောင်ရေးရပ်၊ လမ်းဆုံရှိ တွဲဘက်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့တွင် တည်ဆောက်ထားသည့် ဈေးဆိုင်ခန်းပိုင်ရှင်အချို့မှ ၎င်းတို့အား ကျူးကျော် ဟူသော အသုံးအနှုန်းကို အသုံးပြုခြင်းမှာ မသင့်တော်ကြောင်း ပြောဆိုခဲ့သည်။
.

.
ယင်းဆိုင်ခန်းများ ဆောက်လုပ်ခဲ့သည့် ရုံးဥပစာသည် မူလက သံဆူးကြိုးသာ ကာရံထားခဲ့ခြင်းဖြစ်ပြီး တပ်မတော် အစိုးရ အုပ်ချုပ်စဉ်ကာလက ဌာနဆိုင်ရာများအား ဝန်ထမ်းသက်သာရန်ပုံငွေ ရရှိရေးအတွက် လမ်းညွှန်ပေး ခဲ့သည့် အချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များအား မေတ္တာရပ်ခံ အကူအညီတောင်းခံ၍ ဆောက်လုပ်ခွင့်ပြုပေးခဲ့သဖြင့် လုပ်ငန်းရှင်များမှ ကိုယ်ပိုင်ငွေကြေးဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
၁၉၉၇-၉၈ ဝန်းကျင်လောက်မှာ ရုံးသက်သာရန်ပုံငွေ ရှာဖွေဖို့ အကြောင်းပြချက်နဲ့ ခေါ်ယူတွေ့ဆုံပြီး ရုံး မျက်နှာစာ လုံခြုံလှပအောင် သူတို့သတ်မှတ်ပေးလိုက်တဲ့ ပုံစံအတိုင်းပဲ ကိုယ့်ငွေနဲ့ကိုယ် သပ်သပ်ဆောက်ပြီး ဈေး ရောင်းခဲ့ရတာပါ။ အခုတော့ အစိုးရသစ်လက်ထက်မှာ ကျူးကျော်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး စည်ပင်ဥပဒေနဲ့ ဖယ်ရှား မယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ကျိုင်းတုံစာတိုက်ရဲ့ ဘေးမှာလည်း သက်သာဆိုင်ခန်းတွေ ရှိခဲ့ဖူးပါတယ် ဒါပေမဲ့ အဲဒီ ဆိုင်ခန်းတွေကိုတော့ စာတိုက်ငွေနဲ့ ဆောက်ပေးခဲ့တာဖြစ်လို့ မရောင်းရတော့ဘူး၊ ခွင့်မပြုတော့ဘူး ဆိုတော့ ဈေး ရောင်းနေတဲ့သူတွေက ဖယ်ပေးခဲ့တာမျိုး ရှိပါတယ်။ ဒီမှာက ဆောက်ပါ၊ ရောင်းပါလို့ သူတို့က ဖိတ်ခေါ်လို့ ကိုယ်ပိုင် ငွေနဲ့ ဆောက်ခဲ့ရတာဖြစ်ပါတယ်ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းပြောဆိုမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ တွဲဘက်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှစိုးကကျွန်တော်တို့ဌာနအနေနဲ့ အဆင်ပြေအောင် အကြိမ်ကြိမ် ခေါ်ယူညှိနှိုင်းဆွေးနွေးခဲ့ပါ တယ်။ ရုံးကို ဆိုင်ခန်းတွေ ပြန်အပ်ပါ။ ပြီးမှ သက်ဆိုင်ရာကို ဆက်လက်တင်ပြပေးရမှာ ဖြစ်ပါတယ်။ အခုက ဆိုင်ခန်း ၄ ခန်းပဲ ပြန်အပ်ပြီး ကျန်တဲ့ ၇ ခန်းက ပြန်မအပ်သေးပါဘူးဟု ပြောကြားခဲ့သည်။
.
ကျိုင်းတုံမြို့ရှိ ပြည်နယ်စည်ပင်သာယာရေးရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာက ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အဦ၊ အဖီ၊ ရေမြောင်းများ အား မြို့ နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ စည်ပင်သာယာရေး ဥပဒေအရ ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်းက ပြောကြားထားသည်။
.

No comments:

Post a Comment