အုန်းငှက်ပျော သတ်လို့ နှစ်ခါပြန်သေတဲ့ နတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, March 23, 2019

အုန်းငှက်ပျော သတ်လို့ နှစ်ခါပြန်သေတဲ့ နတ်



အောင်ဆန်းဝင်း
.


.
အချိန်က ညနေစောင်း၊ လင်းသလိုမှောင် သလိုနဲ့ ဟိုလိုလိုဒီလိုလိုအချိန်။ နွားရိုင်းသွင်း ချိန်ဆိုလား၊ ညီအစ်ကိုမသိတသိဆိုလား ပြောကြတယ်။ ကားတဝီဝီ ဆိုင်ကယ်တဂျိန်းဂျိန်းဆို တော့ နွားရိုင်းသွင်းချိန်မဖြစ်နိုင်ဘူး။ (သွင်းစရာ နွားတွေလည်း မရှိလောက်တော့ပါဘူး။ အကုန် တရုတ်ပြည်ရောက်ကုန်လို့)အင်ဂျင်စက်သံတ ညံညံနဲ့ မြို့အရပ်မြို့ဒေသဆိုတော့ ညီအစ်ကို မသိတစ်သိအချိန်ဖြစ်မှာပေါ့။ တချို့ကပြောကြ တယ်။ မြင်အပ်မမြင်အပ်လောကသားတွေ မြူး တဲ့အချိန်တဲ့။ ဘာအချိန်ညာအချိန်တွေ ဘယ် လိုပြောပြော သေချာတာတော့ တစ်နေဝင်လို့ တစ်မိုးချုပ်တော့မယ်ဆိုတာ။ ဒီဘက်ခြမ်းက လူသားတွေအတွက် တစ်နေ့တာအလင်းရောင် ပေးပြီး ဟိုဘက်ကမ္ဘာတစ်ခြမ်းကို နေမင်းကြီး အမှုတော်ထမ်းမယ့်အချိန်။ နေညိုချိန်တိမ် တောက်လို့ တောအရပ်ဒေသလုပ်ငန်းခွင်သိမ်း ချိန်ပေါ့။
.
ရွက်ဝါကြေတဲ့နွေဦး။ လေရူးနဲ့အတူ ဥသြကမြူးတယ်။ လွမ်းဖွယ်ဥသြဖော်ကွာဝေးတဲ့ ဥသြ။ ဖော်ကွာဝေးလို့ လွမ်းဖွယ်ဥသြလို့ သနားစဖွယ်ရေးဖွဲ့ကြတယ်။ အမှန်တော့ တစ်ကိုယ်တော်ကျူးတဲ့ ဥသြက သနားစရာသိပ်ကောင်း လှတဲ့အကောင်မဟုတ်ဘူး။ တစ်ကိုယ်ရေတစ် ကောင်တည်းဖြစ်အောင် သူတို့ကိုယ်တိုင်ရက် ရက်စက်စက် ဖန်တီးကြတာ။ ဥသြငှက်တွေဟာ သွားချင်ရာသွား နေချင်သလိုနေကြတယ်။ ညှိချင်တဲ့အကောင်နဲ့ညှိပြီး ဖြစ်ချင်တိုင်းဖြစ်ကြတယ်။ ဥသြဆိုတဲ့ငှက်က ဘယ်သောအခါမှ ကိုယ်ပိုင်အသိုက် ဆောက်လေ့ဆောက်ထမရှိဘူး။ နေ့စေ့လစေ့ ထိမ်းမနိုင်သိမ်းမရဖြစ်တော့မှ တစ်ခြားငှက်မတွေရဲ့ အသိုက်မြုံထဲကြုံသလို ဝင်ဥတယ်။ ငှက်တယ်လီပသီသဘောတရား နားလည်တဲ့ ဥသြငှက်မတွေဟာ သူ့ရဲ့အရင်ဆုံး အကောင်ပေါက်မယ့် ငှက်မအသိုက်ကို ရွေးချယ်တတ်ကြပါတယ်။
.
အချိန်တန်တော့ ဥသြငှက်ဥက အရင်ဆုံး အကောင်စပေါက်တယ်။ ဥခွံကျွတ်ကာစ ဥသြငှက်ပေါက်လေးက သူ့ဘေးမှာရှိတဲ့ငှက်ဥတွေကို အသိုက်ထဲကထွက်ကျအောင်တွန်းချတယ်။ အသိုက်ထဲမှာ တစ်ကောင်တည်း ကျန်တဲ့အထိ တစ်လုံးပြီးတစ်လုံး အားကြိုးမာန်တက် တွန်းချပါတယ်။ တွန်းချရတဲ့အကြောင်းရင်းက သူ့အမေ မဟုတ်တဲ့ ငှက်မကြီးအစာရှာကျွေးတာကို သူတစ်ကောင်တည်းစားသောက်ချင်လို့။ လောကကြီးထဲ စတင်ဝင်ရောက်တည်းက လောဘ၊ ဒေါသ၊ မောဟတွေနဲ့ပြည့်နေတဲ့ အကောင်။ အရိပ်နေနေ အခက်ချိုးချိုး လုပ်တတ်တဲ့ အကောင်ပေါ့။ အဲဒီလို တစ်ကိုယ်ကောင်းဆန် စရိုက်ရှိတဲ့ ဥသြငှက်တွေတစ်ကောင်တည်းကျူး ပြီး တစ်ကိုယ်တည်း အချိန်ပြည့်လွမ်းရတာ အကြောင်းသိတွေက ဘယ်တုန်းကမှ မသနားခဲ့ကြဘူး။ ဒီလိုဖြစ်လာအောင် သူတို့ကိုယ်တိုင် ဖန်တီးခဲ့တာ မဟုတ်လား။
.
ဥသြတွေမြူးလို့ နွေဦးပေါက်တာကို လက်ခံလိုက်ရပေမယ့် တောင်ကြီးမြို့ ရာသီဥတုက လောင်လောင်မြိုက်မြိုက် တော့မရှိဘူး။ နေခပ်ပါးပါးသာလိုက်၊ မိုးရိပ်မိုးငွေ့လေးတက်လာလိုက်။ အရိပ်ထဲများ ငုတ်တုတ်ထိုင်ရင် အနေတော် အနွေးထည်လေး ကောက်စွတ်ထားရတုန်း။ သင်္ကြန်ကြိုမိုးရွာတဲ့ရက်ကဆို စကြာဝဠာထဲက နေမင်းကြီးတောင် အလုံးလိုက် တောခိုသွားပါသေးတယ်။ နေထိုင်လို့ကောင်း၊ သွားလို့ကောင်း၊ စားလို့သောက်လို့ကောင်း ရာသီဥတု ပြောရမှာပေါ့။ သတင်းအယ်ဒီတာမောင်စပ်စု နဲ့ ကြံရာပါတစ်သိုက်လို ဆက်ရက်မင်းစည်းစိမ် ခံစားတတ်တဲ့ ဇိုးမင်းသားများအတွက်တော့ ညနေစောင်းမယ် စောစောတွယ်ပေါ့လေ။ လောကပါလကြီးက မက်မက်စက်စက် ကိုယ့် ဖက်ပါလာတဲ့အတိုင်း။ (ကျန်တဲ့အချိန်တွေလည်း ကိုယ်လိုရာကိုယ်ဆွဲပြီး ဆယ့်နှစ်ရာသီတက်ညီ လက်ညီကစ်တာပါပဲ)
.
ဒီလိုကိုယ့်ဘက်ကိုယ်အတင်း အဓမ္မဇွတ် ဆွဲယက်ထားတဲ့ ရာသီဥတုကိုအကြောင်းပြု။ သေရည်တစ်ခွက်နဲ့ ကိုယ့်သေတွင်း ကိုယ်တူးရင်း လေလှိုင်းပေါ် လမ်းတက်လျှောက်တုန်း မိတ်ဆွေသတင်းထောက်ကြီးတစ်ယောက် တင် ထားတဲ့ပို့စ်တစ်ခုကို တွေ့လိုက်ရတယ်။ ဘုရား စောင်းတန်းနားက သစ်သားခုံပေါ်တင်ထားတဲ့ ငှက်ပျောသီးစိမ်းတစ်ချက် မှည့်တစ်ချက်ကိုတွေ ကို သတင်းထောက်ကြီးကိုယ်တိုင် ကိုင်ကြည့် နေတဲ့ပုံပါ။ စိတ်ဝင်တစားနဲ့ ငှက်ပျောသီးကို ကြည့်တဲ့အကြည့်က သူ့ငယ်ရည်းစားမျက်နှာ ကြည့်နေတဲ့အထာနဲ့ပေါ့။ ငှက်ပျောသီးမျက်နှာ ငယ်ရည်းစားအမှတ်နဲ့ ကသိုင်းရှုနေတာများ လောကကြီးတစ်ခုလုံးမေ့ပြီး သူ့ကိုမှတ်တမ်းတင် ဓာတ်ပုံရိုက်တာတောင် သိလိုက်ပုံမပေါ် ဘူး။ (ဘယ်သူလဲလို့တော့ မမေးပါနဲ့၊ တော် ကြာ မြဝတီမင်းကြီးဦးစက လမ်းကြုံရင် ဓာတ် ပြန်စီးမှာ စိုးရလို့ပါ)။
.
အဲဒီဓာတ်ပုံနဲ့အတူ စာသားတချို့တွဲတင် ထားပါတယ်။ ရေးထားတဲ့စာက ဒီနေ့တောင်ပေါ် ဘုရားရောက်ခဲ့တယ်။ ကန်တော့ပွဲက စွန့်ထားပေးတဲ့ ငှက်ပျောသီးတွေ အရင်ထက်အများသား၊ သြော် ရည်မှန်းထားတဲ့ စာမေးပွဲလည်း အောင်မြင်ပါစေသားတို့သမီးတို့ရေတဲ့။ ဓာတ်ပုံ ရိုက်သွားပြီး ပုံပို့ပေးတဲ့သူကိုလည်း ကျေးဇူးပါ ဆိုတာက ပါလိုက်သေး။ ရေးထားတဲ့စာနဲ့ ပုံ တင်တဲ့ရက်စွဲအရ ဆယ်တန်းစာမေးပွဲဖြေဆို စဉ်ကာလ။ မြန်မာနိုင်ငံတစ်ဝှမ်းက အုန်းငှက် ပျောပွဲရောင်းတဲ့ ဈေးသည်တွေ လက်ဖျားငွေ သီးတဲ့အချိန်လို့လည်း ပြောကြပါတယ်။ သူငယ် ရည်းစားလို စိုက်ကြည့်နေတဲ့ ငှက်ပျောသီးတွေ က စာမေးပွဲဖြေမယ့် ကလေးတွေနဲ့ ကလေးမိ ဘတွေဆုတောင်းသမပူဇော်မှုလုပ်ထားတာဖြစ် ပါလိမ့်မယ်။ (ကိုယ့်စာကိုနိုင်အောင်ကျက်မှတ် ထားတဲ့ကလေးတွေတော့ လုပ်လောက်ဘူးထင် တာပါပဲ)။
.
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စာမေးပွဲ မတိုင်ခင်၊ စာမေးပွဲဖြေစဉ်ကာလအတွင်းလူမှု ကွန်ရက်မီဒီယာပေါ်မှာ ပုံစံမျိုးစုံတွေ့မြင်ရပါတယ်။ သတိထားမိတဲ့ ဓာတ်ပုံတစ်ပုံဆိုရင် အုန်းငှက်ပျောပွဲတွေ စီတန်းချထားတာ ကချင် ပြည်နယ်ဘက်က သောက်ပြဿနာမျိုးစုံတက် နေတဲ့ ငှက်ပျောတောကြီးမြင်ရတဲ့အတိုင်းပါ။ ခေါင်းပေါင်းစိမ်းနဲ့ ဘီလူးရုပ်တုမြင်ရတာလည်း အတော်သနားဖို့ကောင်းလှပါတယ်။ မတ်တပ် ရပ်မှန်းမသိ ထိုင်နေတာမှန်းမသိတဲ့ ဘီလူးရုပ် တုကိုယ်ပေါ်မှာ စာမေးပွဲဖြေမယ့်ကလေးတွေ ရဲ့ ဖြေဆိုကတ်မိတ္တူစာရွက်တွေ ကပ်ထားပါ သေးတယ်။ စာမတတ်၊ ပေမတတ် ဘီလူးဆီ ဘာတွေဆုတောင်းကြတယ်တော့ မပြောတတ် ပါဘူး။ ဘီလူးခမျာ ဆယ်တန်းစာမေးပွဲအတွင်းမှ စက္ကဝတ်ရုံတော်အသစ်ရတာလား၊ ဟိုအရင် တုန်းက တမင်တကာလုပ်စားတဲ့ အနာကြီးရောဂါသည်လို ဖြစ်သွားလား စဉ်းစားရကျပ်လို့။
.
ဘီလူးတောင် အငြိမ်မနေရမှတော့ ကျန်တဲ့ဘိုးဘိုးကြီး ဘွားဘွားကြီးတွေ၊ ဗမာနတ်၊ တရုတ်နတ်၊ ဂျပန်နတ်၊ ကိုရီးယားနတ်၊ ဘာသာပေါင်းစုံနတ်တွေလည်း အတော်အလုပ်ရှုပ် ကြမှာ သေချာပါတယ်။ နေ့စဉ်ရက်စက်အုန်း ငှက်ပျောစိမ်းတွေချည်းစားနေရလို့ ပြန်ကာလှန် ကာစိတ်ညစ်ပြီး နှစ်ခါလည်းပြန်သေသွားနိုင်ပါ တယ်။ လောကဓာတ်စာတစ်လုံးမှ မတတ်တဲ့ ဘိုးဘိုးဘွားဘွားကြီးတွေ ရှေ့အုန်းငှက်ပျောစိမ်း တွေ လာချပြီး ဟိုဟာဖြစ်ပါစေ၊ ဒီဟာလေးမစပါ သွားဆုတောင်းကြတယ်။ ဆုတောင်းပြည့် မ ပြည့်တော့ မပြောတတ်ဘူး။ မီးစာကုန်ဆီခမ်း အရွယ်တွေ အစိမ်းချည်းစားနေရလို့ အောင်စာ ရင်းမထွက်ခင် သူတို့အသက်ထွက်မှာ သေချာ သလောက်ပဲ။ အမှန်တော့ ဆယ်တန်းစာမေး ပွဲဆိုတာ ဖြေဆိုမယ့် ကျောင်းသားကျောင်းသူ ရဲ့ ဦးနှောက်အသိထဲမှာ သင်ခန်းစာနဲ့ပတ်သက် ပြီး ဘယ်လောက်မှတ်ကျောက်အတင်ခံနိုင်မ လဲ စမ်းသပ်တဲ့ပွဲပါ။
.
တစ်နှစ်ပတ်လုံး ကျောင်းစာမှန်မှန်ကျက် မှတ်လာတဲ့ ကလေးစာမေးပွဲ အောင်မယ်။ ကျောင်းစာနဲ့ ခပ်ဝေးဝေးနေတဲ့ ကလေး စာမေးပွဲကျမှာ သေချာတယ်။ ခေါင်းထဲ စာမရှိဘဲနဲ့ ဘာပွဲထိုးထိုးသေလောက်အောင် အာပေါက် အောင်ထိုဆုတောင်း ခွက်ခွက်လန်အောင်ကျ မှာ။ မိဘကို ဒုက္ခပေးတဲ့အနေနဲ့ ဆယ်တန်း စာမေးပွဲသုံးခါဖြေခဲ့ဖူးပါတယ်။ နှစ်ကြိမ်ကျရတဲ့ အကြောင်းရင်းက ခေါင်းထဲမှာ ကျောင်းစာတစ် လုံးမှမရှိလို့ပါ။ ဂလေရိုက်တယ်။ ကျောင်းပြေး တယ်။ စာတစ်လုံးမှမရှိတဲ့ ခေါင်းနဲ့ စာမေးပွဲ သွားဖြေတယ်။ အဲဒီတော့ စုံးစုံးမြှုပ်အောင်ကျ ပါတယ်။ တတိယအကြိမ် ဖြေမယ်လုပ်တော့ စဉ်းစားပါတယ်။ ဆုံးဖြတ်ချက်ချပြီး ကျောင်းစာ ကို မှန်မှန်ကန်ကန်လေ့လာပါတယ်။ ကျက်မှတ် သင့်တာကို ကျက်မှတ်တယ်။ ခေါင်းထဲမှာစာရှိ သွားတဲ့အတွက် မေးခွန်းလှည့်လှည့်၊ သတ်သတ် အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ပါတယ်။
.
စာမေးပွဲဆိုတာ တစ်နှစ်တာအတွင်း သင်ကြားခဲ့တဲ့ကျောင်းစာတွေကို ကိုယ်တိုင်ပြန် လည်တူးဆွပြီး ဖြေဆိုရတာပါ။ ကိုယ်တိုင်လေ့ လာဖတ်ရှုသိရှိတတ်မြောက်ထားရင် ဘယ်သူ့မှ အားကိုးနေစရာမလိုပါဘူး။ ကိုယ့်အားကိုယ်ကိုး မှ ကိုယ်သာသခင်ဖြစ်မယ်ဆိုတာ မြတ်စွာဘု ရားရှင် အဆက်ဆက်ဟောကြားခဲ့ပြီးသားပါ။ ရွှေပြည်သားများက ခက်တော့အခက်သားလား။ ထင်ရာမြင်ရာလုပ်ဖို့ဆိုရင် မြတ်စွာဘုရားရှင်တွေ နည်းမှန်လမ်းမှန် ဟောကြားတာတွေ ဇွတ်ဆို ပစ်ချဖို့ ဝန်မလေးကြဘူး။ စာမေးပွဲအောင်ဖို့ စာမတတ်၊ ပေမတတ်တွေဆီ ထိုင်ဆုတောင်း တယ်။ အုန်းငှက်ပျောပိုင်ရှင်တွေအောင်စာရင်း ထဲ ပါ၊ မပါ မပြောတတ်ဘူး။ ပုဂ္ဂိုလ်မျိုးစုံက တော့ အောင်စာရင်းမထွက်ခင် ချောင်းဆိုးရင် ကျပ်နဲ့ နှစ်ခါပြန်သေကုန်လိမ့်မယ် ထင်ပါတယ်။ မယောင်ရာဆီလူးပြီး သောက်ပိုတွေလုပ်ရင် တော့ ဆေးကြောင့်လေးမယ်လို့သာ ထင်မြင်မိကြောင်းပါ။ ။
.

No comments:

Post a Comment

Recent Tube