တောင်ကြီး၌ ရဟန်း ၂ ပါးကို သတ်ခဲ့သူ ရဟန်းအား ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၌ ရဟန်း ၂ ပါးကို သတ်ခဲ့သူ ရဟန်းအား ဖမ်းဆီးရမိ


စိုင်းရာဇာ
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရွှေမုဌော ဘုရားစောင်းတန်း၌ ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက်တွင် အသတ်ခံရသည့် ရဟန်း ၂ ပါးအား သတ်ဖြတ်ခဲ့သော ရဟန်းအား ရဲတပ်ဖွဲ့မှ စီစီတီဗွီ မှတ်တမ်းများမှ တဆင့် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
.
အသတ်ခံရသည့် ရဟန်း ၂ ပါးမှာ ဦးကိဝိန္ဒနှင့် ဦးသုဇာတတို့ဖြစ်ပြီး ပြတ်ရှဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ပြီး တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ဦး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များမှ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ရာ သေဆုံးသူ ရဟန်းများသည် ဘုရားစောင်းတန်း အနီး၌ ယာယီရွက်ဖျင်တဲဖြင့် နေထိုင်ပြီး တောင်ကြီးမြို့ အပါအ၀င် နီးစပ်ရာ မြို့များတွင် အလှူခံခြင်းများ ပြုလုပ်လျက် ရှိသည့်အပြင် အရက်သေစာ သောက်စားမှုများလည်း ရှိကြောင်း၊ ထို့အပြင် အခြားအမည်မသိ ရဟန်း တစ်ပါးနှင့် ဘုရားစောင်းတန်းတွင် စကားပြောဆိုမှုများ ရှိခဲ့ကြောင်း အနီး ပတ်ဝန်းကျင်ရှိ သက်သေများ၏ ပြောဆိုချက်အရ သိရသည်။
.

ဆက်လက်၍ ရဲတပ်ဖွဲ့ တာဝန်ရှိသူများသည် စီစီတီဗွီ ကင်မရာများအား ကြည့်ရှုစစ်ဆေးရာ ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက် ၁ နာရီကျော်ခန့်တွင် အခင်းဖြစ်ပွားသည့် နေရာသို့ အငှားမော်တော်ယာဉ်ဖြင့် ရဟန်း တစ်ပါး ရောက်ရှိလာသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် သေဆုံးသူ ဦးက၀ိန္ဒ အလောင်း၏ လွယ်အိတ်အတွင်းမှ တွေ့ရှိရသော လက်ကိုင်ဖုန်းတွင် ယင်း စီစီတီဗွီတွင် တွေ့ရသည် ရဟန်းနှင့် သေဆုံးသူ ဦးသုဇာတတို့ အတူရိုက်ကူးထားသည့် ဓါတ်ပုံအား တွေ့ရှိခဲ့သဖြင့် ၄င်း အမည်မသိ ရဟန်းအား သင်္ကာမကင်းသူ အဖြစ် သတ်မှတ်၍ စုံစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အမည်မသိ ရဟန်းသည် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်အတွင်း၌ အရက်သေစာ သောက်စားလျက် အလှူခံနေကြောင်း သိရှိရ၍ ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုရာ သင်္ကာမကင်းသူ ရဟန်းဖြစ်ကြောင်း အတည်ပြုနိုင်သဖြင့် တောင်ကြီးမြို့နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ နာယကထံတွင် သိက္ခာချ၊ လူဝတ်လဲစေပြီးနောက် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရာ ၄င်းမှာ ဥူးအင်္ဂုရ (လူအမည် အောင်မျိုးဆွေ)ဆိုသူ ဖြစ်ပြီး၊ ပါရှိပစ္စည်းများအား ရှာဖွေရာ စတီးလ်သပိတ်နှင့် စတီးလ် ၂ ဆင့်ဂျိုင့်တို့အား တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ အသတ်ခံရသူ ဦးက၀ိန္ဒ မသေဆုံးမီ အသုံးပြုခဲ့သော ပစ္စည်းများဖြစ်သည်ဟု ထွက်ဆိုခဲ့သော်လည်း သေဆုံးသူ ရဟန်းများအား သတ်သည်ကိုမူ ငြင်းဆိုခဲ့ကြောင်း သိရသည်။
.
ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် သင်္ကာမကင်းသူ ဥူးအင်္ဂုရ (လူအမည် အောင်မျိုးဆွေ)အား တောင်ကြီးမြို့မရဲစခန်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၁၂ ရက်ထိ ပထမအကြိမ် ချုပ်မိန့်ရီမန်ယူကာ အမှုစစ်အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေး မေးမြန်းခဲ့ပြီးနောက် သေဆုံးသူ ရဟန်းများအား သတ်ဖြတ်ခဲ့သည်ဟု ၀န်ခံထွက်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ဥူးအင်္ဂုရ (လူအမည် အောင်မျိုးဆွေ)သည် သေဆုံးသူ ဦးသုဇာတနှင့်အတူ ရွှေမုဌော စောင်းတန်းပေါ်ရှိ တောင်ပေါ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေပိုင်းမှ စတင်၍ အရက် သောက်ခဲ့ပြီးနောက် အရက် အမူးလွန်ကာ အိပ်ပျော်သွားသည့် အချိန်တွင် ဦးသုဇာတမှ ဥူးအင်္ဂုရ (လူအမည် အောင်မျိုးဆွေ)၏ ဖုန်းနှင့် ပိုက်ဆံအိတ်အား ယူဆောင်သွားကြောင်း၊ အိပ်ပျော်ရာမှ နိုးလာပြီးနောက် ရွှေမုဌောစောင်းတန်း၌ ယာယီရွက်ဖျင်တဲဖြင့် အိပ်နေသည့် ဦးက၀ိန္ဒအား နှိုးကာ ဦးသုဇာတအား ဖုန်းဆက်ခေါ်ခိုင်းရာ ဖုန်းကိုင်ခြင်း မရှိသဖြင့် တောင်ကြီးမြို့တွင်း၌ လိုက်လံရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်း မရှိ၍ ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက် ၁ နာရီခန့်တွင် စ၀်စံထွန်းဆေးရုံရှေ့မှ အငှားမော်တော်ယာဉ်ဖြင့် ရွှေမုဌောစောင်းတန်းသို့ ပြန်လာခဲ့ကြောင်း၊ ယင်းနောက် အရက်သောက်သည့် နေရာအနီးရှိ အရှည် ၃ ပေခန့်ရှိ သစ်သားတုတ်အား ကိုင်ဆောင်၍ အိပ်နေသည့် ဦးသုဇာတအား နှိုးကာ ဖုန်းနှင့် ပိုက်ဆံအိတ်အား တောင်းယူခဲ့ရာ မပေးနိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့သဖြင့် ဦးသုဇာတ၏ ဦးခေါင်းအား တုတ်ဖြင့် ရိုက်နှက်ခဲ့သည့် အချိန်တွင် အနီးရှိ ဦးက၀ိန္ဒိမှ ဥူးအင်္ဂုရ (လူအမည် အောင်မျိုးဆွေ)အား တွန်းထိုးခဲ့သဖြင့် ဦးကိန္ဒ၏ ဦးခေါင်းအား ထပ်မံရိုက်နှက်ခဲ့ရာ သေဆုံးသူ ဦးက၀ိန္ဒနှင့် ဦးသုဇာတတို့မှာ လဲကျသွားခဲ့သဖြင့် သက်သေခံ သစ်သားတုတ်အား စောင်းတန်းအပေါ် ယာဘက်ရှိ ခြုံအတွင်းသို့ လွှင့်ပစ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.

အဆိုပါ သက်သေခံ တုတ်အား ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ သွားရောက် ရှာဖွေရာ သွေးများစွန်းလျက် တွေ့ရှိရသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာ ရဟန်း ၂ ပါးအား တုတ်ဖြင့် ရိုက်သတ်ခဲ့သူ ဥူးအင်္ဂုရ (လူအမည် အောင်မျိုးဆွေ) ၊ ၃၃ နှစ်၊ အမှတ်(၃၅၀)၊ မဟော်ဂနီ(၁)လမ်း၊ ဆင်ဖြူကျွန်းရပ်ကွက်၊ ပုပ္ဗသီရိမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေနေသူ အား တောင်ကြီးမြို့မ ရဲစခန်းမှ (ပ)၃၆၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats