ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ နှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, February 24, 2019

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ နှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်


မင်းဇော်မင်း
.
တိုင်းရင်းသားနိုင်ငံရေးပါတီပေါင်း ၂၄ ခုဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (National Brotherhood Fedration-NBF) မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် ပုဒ်မ ၂၆၁ နှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ကြေညာချက် ၁ စောင်ကို ဖေဖော်ဝါရီလ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
.
.
“အရင်ကတည်းက ဒီပုဒ်မနဲ့ ပတ်သက်ပြီး ၂ ကြိမ်လောက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါက ကိုယ့်ပြည်နယ်ကိုယ် ဝန်ကြီးချုပ် ခန့်နိုင်ဖို့ တိုင်းရင်းသားတွေရဲ့လိုလားတောင့်တချက်ပါ။ ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်နိုင်ရေး အတွက်လည်း ဒီပုဒ်မကို ပြင်ဖို့ လိုအပ်ပါတယ်၊ ကျန်တဲ့ပြင်စရာပုဒ်မတွေရှိပေမယ့်လည်း ဒီပုဒ်မကို အဓိကပြင်ဆင်စေဖို့ ထုတ်ပြန်တာပါဟု ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း အဖွဲ့ဝင် တစ်ခုဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ ဥက္ကဌ ဦးစောသန်းမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ သတင်းထုတ်ပြန်ကြေညာချက်တွင် အချက် ၃ ချက်ပါရှိရာ ယင်းတို့မှာ တိုင်းရင်းသားပေါင်းစုံ အနေဖြင့် ဖက်ဒရယ်အခြေခံသည့် ပြည်ထောင်စုကို ထူထောင်နိုင်ရန် လွတ်လပ်ရေးအကြိုကာလမှ စတင်ကာ ယနေ့အထိ တစ်စိုက်မတ်မတ် ကြိုးပမ်းလာခဲ့ကြပါကြောင်း၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဝန်ကြီးချုပ်များကို ရွေးချယ် ပိုင်ခွင့်ရှိသည်ဟု NBF က ယုံကြည်ကြောင်း၊ သို့ဖြစ်၍ လက်ရှိ ပြည်ထောင်စုလွှတ်တော်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် တိုင်းရင်းသားများ၏ ဆန္ဒသဘောထားများကို ထောက်ထားပြီး ထောက်ခံပေးကြပါရန် NBF မှ မေတ္တာရပ်ခံတင်ပြပါကြောင်းဖြင့် ဖော်ပြပါရှိသည်။
.
NBF အဖွဲ့ဝင်ပါတီများအနက် ရခိုင်အမျိုးသားပါတီ (ANP) မှာ လက်ရှိတွင် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်၂၃ နေရာ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာတို့ကို ရရှိထားကာ တအာင်း (ပလောင်)အမျိုးသားပါတီ (TNP) ၊မှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၇ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ နေရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၃ နေရာဖြင့်လည်းကောင်း၊ ဒီမိုကရက်တစ်ပါတီ (WDP) မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ ဖြင့်လည်းကောင်း၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) မှ ပြည်နယ်လွှတ်တော် ၁ နေရာနှင့် ပြည်သူ့လွှတ်တော် ၁ နေရာတို့ကိုလည်းကောင်း၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုရေစီပါတီ (AMDP)၊ “ဝ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီ (WNUP) နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KSDP) တို့မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ နေရာစီ ရရှိထားပြီး NBF အနေဖြင့် ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁၈ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာတို့ကိုရရှိထားကြောင်း သိရသည်။
.
အဆိုပါကြေညာချက်နှင့်ပတ်သက်၍ NBF အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၏ တွဲဘက်အတွင်းရေးမှူး ဦးစိုင်းအောင်မြင့်ခိုင်က “ တိုင်းရင်းသားတွေ အားလုံး ၂၀၀၈ ကတည်းက မျှော်လင့်ရည်မှန်းထားတာပါ။ လက်ရှိအခြေအနေမှာလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေ ရှိနေတော့ တိုင်းရင်းသားတွေရချင်တဲ့ ၂၆၁ (ခ) ကို ပြင်ဆင်နိုင်ဖို့ တောင်းဆိုရတာပါ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း အများကြီး အထောက်အကူပြုသွားလိမ့်မယ်လို့ ထင်ပါတယ်ဟု ၎င်း၏အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။
.
၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)၊  အုပ်ချုပ်ရေး၊ ပုဒ်မ ၂၆၁ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း အပိုဒ်(ခ)၊ အပိုဒ်ခွဲ (၁) အရ နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးအပ်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်ရမည်ဟု ပြဌာန်းထားပြီး ယင်းပုဒ်မ အပိုဒ်ခွဲ (ဃ) တွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အတွက် ရွေးချယ်သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင် အရှား မပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်းတင် သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရန် ငြင်းပယ်ခွင့်မရှိစေရဟု သတ်မှတ်ပြဌာန်းထားသည်။
.

No comments:

Post a Comment