စိုင်းစိုင်းခမ်းလှိုင်မှ တောင်ကြီးမြို့ အထက(၁)တွင် KG ကစားကွင်း လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စိုင်းစိုင်းခမ်းလှိုင်မှ တောင်ကြီးမြို့ အထက(၁)တွင် KG ကစားကွင်း လှူဒါန်း


စိုင်းအောင်မြတ်
.
အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နှင့် မိသားစုဝင်များသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၌ KG ကစားကွင်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။
.


အဆိုပါ KG ကစားကွင်းကို ရတနာဆောင်ဟု အမည် ပေးထားပြီး ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်၊ နေ့လပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ကစားကွင်းအား ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်ဝင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်းမြင့်၊ အထက(၁) ကျောင်းအုပ် ဆရာမကြီး ဒေါ်နော်မေမျိုးဦး၊ မြို့နယ်စည်ပင်(မြို့ပြ)အင်ဂျင်နီယာ ဌာနခွဲမှူး ဦးစန်းအောင်နှင့် စိုင်းစိုင်းခမ်းလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
.
“ ကျွန်တော့်ကို ဒီကစားကွင်းလေးကို လှူဒါန်းခွင့် ပေးတဲ့အတွက် ဆရာ/မတွေရော၊ ဒီမှာရှိတဲ့ ကျောင်းသား မိဘတွေ အားလုံးရော ကျေးဇူး အများကြီး တင်ပါတယ်။ ကျွန်တော် အမှတ်(၁) ကျောင်းမှာ သူငယ်တန်းကနေ ၁၀ တန်းထိ တက်ခဲ့တာ ဖြစ်ပါတယ်။ ဒီကျောင်းက ဆရာ/မတွေရဲ့ သင်ကြားပြသမှုနဲ့ သွန်သင်ဆုံးမမှုနဲ့ ကျွန်တော် အခုလိုမျိုး ရပ်တည်နိုင်တာလည်း ဖြစ်ပါတယ်။ ကျောင်းကိုလည်း ကျွန်တော် အမြဲတမ်း အောက်မေ့တယ်၊ ဆရာ/မတွေရဲ့ ဂုဏ်ကျေးဇူးကိုလည်း ကျွန်တော် အမြဲ အောက်မေ့ပါတယ်။” ဟု စိုင်းစိုင်းခမ်းလှိုင်က အခမ်းအနားတွင် ပြောကြားခဲ့သည်။
.

ဖွင့်ပွဲ အခမ်းအနားတွင် KG ကစားကွင်း အဆောက်အဦနှင့် ပတ်သက်သော စာရွက်စာတမ်းများကို စိုင်းစိုင်းခမ်းလှိုင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်ဝင်းထွန်းထံသို့ ပေးအပ်ခဲ့ကာ ကျောင်းအုပ် ဆရာမကြီး ဒေါ်နော်မေမျိုးဦးက ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်သည် တောင်ကြီး၊ အထက(၁) ကျောင်းသားဟောင်း တစ်ဦး ဖြစ်ပြီး သူငယ်တန်းမှ ဒသမတန်းထိ ပညာသင်ကြားခဲ့သည်။

Journal Download

Photo of three cats