ကျောက်မဲတွင် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၅၀၀ ကျော် မြို့ပေါ်သို့ စစ်ရှောင် ရောက်ရှိလာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, February 10, 2019

ကျောက်မဲတွင် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၅၀၀ ကျော် မြို့ပေါ်သို့ စစ်ရှောင် ရောက်ရှိလာ



မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်လော့နှင့် နမ့်ပျဉ်ကျေးရွာများ အနီးတွင် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ ခုဖြစ်သော RCSS နှင့် SSPP တို့ အပြန်အလှန် ပစ်ခတ်မှုများကြောင့် ဒေသခံ ရွာသူ/ရွာသား ၅၀၀ ခန့်မှာ ဖေဖော် ဝါရီလ ၉ ရက် ညပိုင်းမှစ၍ ကျောက်မဲမြို့ပေါ်သို့ စစ်ရှောင်ရောက်ရှိလာနေကြကြောင်း သိရသည်။
.
.
“အင်အားများတဲ့သူက ပစ်တော့ အင်အားနည်းတဲ့အဖွဲ့က ရွာထဲဝင်လိုက်/ထွက်လိုက်နဲ့ ဆိုတော့ ရွာသားတွေ ရွာဘုန်းကြီးကျောင်းမှာ ညနေ ၃ နာရီလောက်က ခိုနေကြရင်း တစ်ဖက်က အင်အားဖြည့်လာတာလဲသိရရော ညနေ ၆ နာရီလောက်ကစပြီး မြို့ပေါ်ကို ထွေလာဂျီ၊ ဆိုင်ကယ်စတာတွေနဲ့ ပြေးလာကြလို့ သူတို့အတွက် လိုအပ်တာတွေ ကို ကျောက်မဲစစ်ရှောင်ကူညီရေးကော်မတီကအစ အားလုံး လိုအပ်သမျှ ကူညီပေးနေပါတယ်။ ဘယ်လောက် ကြာမယ်ဆိုတာက မဆုံးဖြတ်နိုင်တဲ့ကိစ္စဖြစ်သလို စစ်ရှောင်တွေအတွက် ကျန်းမာရေး၊ ပညာရေးကအစ စီးပွားရေး အကုန် အထောက်အပံ့တွေ ထပ်မံလိုအပ်လာမှာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့မှ ကိုသားဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျောက်မဲမြို့၏တောင်ဘက် ၈ မိုင်ခန့် အကွာရှိ ပန်လော့နှင့် နမ့်ပျဉ်ကျေးရွာ၂ ရွာရှိ ဒေသခံ ရွာသူ/ရွာသားများမှာ အန္တရာယ်ကို စိုးရိမ်သောအားဖြင့် ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာကြရာ ဓမ္မမေဓနီ (ရွှေကျင်) ကျောင်းတိုက် တွင် ပန်လော့ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၁၀၂ စုမှ ၁၂ အောက်ကလေး ၉၆ ယောက်အပါအ၀င် ကျား ၉၇ ဦး၊ မ ၂၁၆ ဦး၊ စုစုပေါင်း ၃၁၃ ဦး ရောက်ရှိခိုလှုံနေကြပြီး အောင်ဆုပန်ကျောင်းတိုက်တွင် နမ့်ပျဉ်ကျေးရွာရှိ အိမ်ထောင်စု ၅၆ စုမှ ၁၂ နှစ်အောက် ကလေး ၆၇ ဦးအပါအ၀င် ကျား ၇၂ ဦး၊ မ ၁၀၈ ဦး၊ စုစုပေါင်း ၁၈၀ ဦးတို့ရောက်ရှိ ခိုလှုံနေကြကြောင်း စစ်ဘေးရှောင်စောင့်ရှောက်ရေးကော်မတီ၏ စာရင်းများအရ သိရှိရသည်။
.
“ရွာမှာ အိမ်စောင့်နဲ့ ဘုန်းကြီးကျောင်းကနေ မလာနိုင်သေးတဲ့ သူတွေ ကျန်သေးတယ်လို့သိရတယ်၊ ဒီနေ့လည်း ထပ်လာနိုင်သေးတယ်လို့ သိရတယ်။ တိုက်ပွဲကြောင့် အထိအခိုက်မကြားပေမဲ့ ကြောက်လို့ ပြေးလာကြတာပါ။ ည ၁၀ နာရီအထိ ထမင်းမစားရသေးလို့ သူတို့အတွက် စားစရာတွေ အဓိက လာရောက်ထောက်ပံ့ပေးတာ ဖြစ်ပါတယ်” ဟု ကျောက်မဲမြို့နယ် မှ ပလောင်တိုင်းရင်းသားလူမှုကူညီရေးအသင်းတစ်ဖွဲ့သည့် အိုမ်တမာဝ်အဖွဲ့မှ ဒေါ်နီလာထွန်းက ပြောသည်။
.
ကျောက်မဲမြို့နယ် လူကယ်ပြန်ဌာနကလည်း အစိုးရမှထောက်ပံ့သည့် ပစ္စည်း ၉ မျိုးအား ဖြန့်ဝေပေးခဲ့ပြီး ကျန်းမာရေးအတွက် မြို့နယ်ဆရာဝန်ကြီးကိုယ်တိုင် လာရောက်ကြည့်ရှုကာ လိုအပ်သည်များ ဆောင်ရွက်ပေး လျက်ရှိပြီး ဈေးခေါင်း ဦးဇော်ဝင်းနှင့် စေတနာရှင်များအဖွဲ့၊ တိုက်ပွဲစစ်ရှောင်ထောက်ပံ့ကူညီရေးကော်မတီမှ ဆန်နှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ထားပြီး အနီးကပ်စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
.
“ဖြစ်တာတော့ ၈ ရက်နေ့ညကတည်းက အင်အားစမ်းသလို လုပ်နေကြတာ၊ ၉ ရက်မှ ပစ်ကြတာပါ။ RCSS ရော SSPP ရောက ရှမ်းအချင်းချင်းဆိုတော့ ရွာကလည်း ရှမ်းတွေလေ။  တစ်ဘက်ကိုကူရင်း တစ်ဘက်ကမကောင်းဘူး၊ အဲဒီတော့ အားလုံး ပြေးကြရတာပေါ။ အားလုံး ဒီအတိုင်းထားခဲ့ရတာပါ” ဟု ပန်လော့ကျေးရွာမှ စစ်ရှောင်ရှမ်းအမျိုး သမီးတစ်ဦးက ပြောသည်။
.
အဆိုပါ လက်နက်ကိုင် ၂ ဖွဲ့၏ စစ်ရေးပဋိပက္ခများကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက သီပေါမြို့နယ်အတွင်း စစ်ရှောင် ၈၀၀ ကျော် နေရပ်မပြန်နိုင်သေးဘဲ နားမခေါ်၊ နားကန်၊ ဧဝံဂလိ ခရစ်ယာန်ကျောင်းတို့တွင် ခိုလှုံနေရဆဲ ဖြစ်ကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Recent Tube