ပြည်နယ်အစိုးရနှင့် တာဝန်ရှိသူများအား တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ရန်လိုဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, February 6, 2019

ပြည်နယ်အစိုးရနှင့် တာဝန်ရှိသူများအား တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ရန်လိုဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ထက်တိုင်းကျော်
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဖေဖော်ဝါရီလ ၆ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်းရှိ မြို့တော်ခန်းမတွင် လူထုတွေ့ဆုံပွဲပြုလုပ်စဉ် ပြည်နယ်အစိုးရနှင့် တာဝန်ရှိသူများအား ပြည်သူလူထု၏ လိုအပ်ချက်ကို တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
.
 
.
အဆိုပါ တွေ့ဆုံပွဲတွင် တက်ရောက်လာသော ပြည်သူများမှ ကျိုင်းတုံ မိုင်းလားကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ပေးရန်၊ လျှပ်စစ်မီး လုံလောက်စွာရရှိရန်၊ မြို့တွင်းရေကြီးရေလျှံမှုများအတွက် ရေနုတ်မြောင်းများ ပြုလုပ် နိုင်ရေး ရန်ပုံငွေ ရရှိရန်၊ မြို့တွင်းလမ်းများ ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းပေးရန်၊ ဌာနဆိုင်ရာများရှိ နေ့စား ဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ် တိုးမြှင့်ခန့်ထားပေးရန်၊ မြေပြန့်ဒေသမှ လာရောက်တာဝန် ထမ်းဆောင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော လေယာဉ်လက်မှတ်ခဖြင့် ခရီးသွားလာခွင့် ရရန်၊ မူးယစ်ဆေးဝါးကင်းရှင်းရေးနှင့် လုံခြုံရေးဆောင်ရွက်ပေးရန် စသည့်လိုအပ်ချက်များကို တင်ပြခဲ့ကြကြောင်း သိရသည်။
.
တင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်အစိုးရအဖွဲ့၊ ဒေသတာဝန်ရှိသူများအနေဖြင့် တာဝန်ယူဆောင်ရွက်နိုင်သည့် အနေအထားအရ မဖြစ်နိုင်သည့် မျှော်လင့်ချက် ပေး၍ ပြည်သူကို ချွေးသိပ်သည့်သဘော မဖြစ်စေဘဲ ပြည်သူများအတွက် တာဝန်ယူစိတ်ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
.
“ဖြစ်နိုင်ချေ နည်းတဲ့ကိစ္စဆိုရင် နိုင်ငံတော်အဆင့် လူကြီးခရီးစဉ်မှာ တင်ပြဖို့ သင့်/မသင့် စဉ်းစားရပါမယ်။ ဥပမာ ရှမ်းပြည်နယ်နေ့ကို ရုံးပိတ်ရက်သတ်မှတ်ပေးဖို့ဆိုတာ မတင်ပြသင့်ဘူးလို့ ထင်ပါတယ်။ အမေစုက ရုံးပိတ်ရက် တွေများနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတစ်မျိုးစီက ရုံးပိတ်ရက်တွေ မတောင်းဆိုဘဲ အလုပ်တွေ ပိုလုပ် နိုင်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်မယ်လို့ ပြောသွားတာကို ကြိုဆိုထောက်ခံပါတယ်” ဟု အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကျိုင်းတုံဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျိုင်းတုံမြို့သို့ လာရောက်သည့် ခရီးစဉ် မတိုင်မီ အကြို ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလက ဒေသအတွက် အမှန်တကယ်လိုအပ်ပြီး အကျိုးရှိနိုင်မည့် ကိစ္စများကိုသာ တင်ပြပေးရန် လိုအပ်သည်ဟု ပြောဆို ထားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube