နယ်စပ်ကျောက်တိုင် အနီးတွင် စိုက်ထူထားသည့် မြန်မာအလံ အုတ်ခုံအား တရုတ် နယ်ခြားစောင့်တပ်မှ ၀င်ရောက် ဖြိုဖျက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, February 2, 2019

နယ်စပ်ကျောက်တိုင် အနီးတွင် စိုက်ထူထားသည့် မြန်မာအလံ အုတ်ခုံအား တရုတ် နယ်ခြားစောင့်တပ်မှ ၀င်ရောက် ဖြိုဖျက်


မင်းဇော်မင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် စိုက်ထူထားသည့် မြန်မာနိုင်ငံတော်အလံတိုင် အုတ်ခုံအား တရုတ်နယ်ခြားစောင့်တပ်မှ လက်နက်ကိုင်များက ဇန်န၀ါရီလ ၂၉ ရက်တွင် ၀င်ရောက်ဖြိုဖျက်ခဲ့သဖြင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တရုတ်နိုင်ငံ၊ ကိန်းမခရိုင်ပြည်သူ့အစိုးရ၊ ပြည်ပဆက်ဆံရေးဌာန၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့သို့  ယင်းနေ့တွင်ပင် အဆိုပါ လုပ်ရပ်နှင့် ပတ်သက်၍ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သိရသည်။
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်၊ နယ်နိမိတ်ကျောက်တိုက် အမှတ် BP-144/3 နှင့် 144/4 အကြား နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမှ (၄ ဒသမ ၇) မီတာခန့်အကွာ၌ စိုက်ထူထားသော မြန်မာနိုင်ငံအလံတိုင် နေရာသို့  ဇန်န၀ါရီလ ၂၉ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် တရုတ်နယ်ခြားစောင့်တပ်မှ လက်နက်ကိုင် ၁၀ ဦး ရောက်ရှိလာပြီး အလံတိုင် အောက်ခြေ အုတ်ခုံအား ၀င်ရောက် ဖြိုဖျက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ဖြစ်စဉ်နှင့် ပတ်သက်၍ ကိုးကန့်ဒေသ ဦးစီးအဖွဲ့မှ ပေးပို့သည့် ကန့်ကွက်စာတွင် အဆိုပါ အလံတိုင်သည် ၂၀၁၆ ခုနှစ်တွင် နှစ်ဖက်အဖွဲ့အစည်းများမှ နှစ်နိုင်ငံ နယ်နိမိတ် ကိစ္စရပ်များအတွက် ကွင်းဆင်း ဆောင်ရွက်စဉ် နှစ်နိုင်ငံ နယ်နိမိတ် အခြေအနေအား ရှင်းရှင်းလင်းလင်း လွယ်ကူစွာ မြင်နိုင်ရန်အတွက် စိုက်ထူးထားခြင်း ဖြစ်ပြီး အဆွေတော်တို့ ဘက်မှ ကန့်ကွက်လိုပါက တာဝန်ရှိသည့် နှစ်ဖက် အစိုးရ အဖွဲ့အစည်း အချင်းချင်း ကန့်ကွက်ရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်နက်များ ကိုင်ဆောင်၍ အလံတိုင် အုတ်ခုံအား လာရောက် ဖျက်ဆီးခြင်းသည် ၁၉၉၇ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ချုပ်ဆိုထားသည့် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ်(၁၆)၊ အပိုဒ်ခွဲ(၃) အား အတိအလင်း ဖောက်ဖျက် ကျူးလွန်ရာ ကျရောက်ကြောင်း၊ အဆိုပါ သဘောတူညီချက် စာချုပ်တွင် စာချုပ်ဝင် နှစ်နိုင်ငံ၏ အရာရှိများသည် အခြား စာချုပ်ဝင် နိုင်ငံ၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ငြိမ်ဝပ်ပိပြားမှု ပူးတွဲ ထိန်းသိမ်းရန်ကိစ္စများမှ တစ်ပါး လက်နက်များ၊ ခဲယမ်း မီးကျောက်များ သို့မဟုတ် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား သယ်ဆောင်၍ အခြားစာချုပ်ဝင် နိုင်ငံ၏ နယ်မြေအတွင်းသို့ဝင်ရောက်ခြင်းမပြုရဟု ပါရှိကြောင်း၊ အဆွေတော်ဖက်မှ လက်နက်များ ကိုင်ဆောင်၍ နှစ်နိုင်ငံ သဘောတူ စာချုပ်အား ဖောက်ဖျက်ခဲ့သည့်အတွက် မိမိတို့ဘက်မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် နောင်တွင် ယခုကဲ့သို့ ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အလေးထား၍ ဆောင်ရွက်ပေးရန် တောင်းဆိုလိုကြောင်း ဖော်ပြပါရှိသည်။
.
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစွမ်းလူ၏ ဂိုထောင်အနီးတွင် တရုတ်တပ်မတော်မှ ပြောက်ကျား စစ်ယူနီဖောင်းဝတ် အင်အား ၂၂ ဦးခန့်မှ မြန်မာနိုင်ငံ၏ စိုက်ထူထားရှိမှုအား သံဖြတ်စက်ဖြင့် ဖြတ်တောက်ပြီး အလံတိုင်အား ယူဆောင်သွားခြင်း ဖြစ်ကြောင်း မှတ်တမ်းဓါတ်ပုံများအရ သိရသည်။
.

အဆိုပါ ဖြစ်စဉ်အား အတည်ပြုနိုင်ရေးအတွက် ကမ္ဘောဇတိုင်းမှ ကိုးကန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးကျောက်တယ်ချန်းထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါဖြစ်စဉ် မှန်ကန်ကြောင်းနှင့် တရုတ်နိုင်ငံ ပြည်ပ ဆက်ဆံရေးဌာနသို့ စာပေးပို့ထားပြီး ရှမ်းပြည်နယ်အစိုးရသို့လည်း တင်ပြထားကြောင်း ပြောကြားခဲ့သည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် နံနက်၊ ၈ နာရီခန့်က မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူဈေးလမ်းရှိ၊ မြန်မာဘက်အခြမ်းသို့ တရုတ်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
.
 

No comments:

Post a Comment

Recent Tube