''ဝ''အထူးဒေသ (၂) မှ ပြန်လည် အပ်နှံသည့် မိုင်းဆတ်-တာချီလိတ် လမ်းအား စတင်ပြုပြင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, February 2, 2019

''ဝ''အထူးဒေသ (၂) မှ ပြန်လည် အပ်နှံသည့် မိုင်းဆတ်-တာချီလိတ် လမ်းအား စတင်ပြုပြင်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်တို့ကို ဆက်သွယ်ထားသည့် မိုင်းဆတ်-တာချီလိတ်ကားလမ်းအား ''ဝ''အ ထူးဒေသ (၂) မှ ပြန်လည်အပ်နှံပြီးနောက် ဇန်နဝါရီလ ၂ဝ ရက်မှ စတင်၍ ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မိုင်းဆတ်ခရိုင် လမ်းဦးစီးဌာနမှ သိရသည်။
.
.
''လောလောဆယ်တော့ ယာဉ်အန္တရာယ်ရှိနိုင်ပြီး ယာဉ်သွားနှုန်း လျော့ကျနိုင်တဲ့ လမ်းအကွေ့မျက်ကွယ်ခြုံတွေကို ရှင်းနေတဲ့အပြင် လမ်းဘေးဝဲယာက ခြုံတွေကိုလည်း ရှင်းနေပါတယ်။ အရင်တာဝန်ယူ ထားတဲ့သူတွေ လမ်းညှိထားတဲ့ နေရာတွေကို မြေသားအပွတွေ၊ လမ်းပုခုံးတွေကိုညှိပြီး ကျောက်ရော မြေသားတွေ ဖြည့်နေပါတယ်။ လမ်း ဦးစီးဌာနရဲ့ လမ်းအမှတ်အသားတိုင် တွေကိုလည်း စိုက်ထူဖို့ဆောင်ရွက် နေပါတယ်။ ဇန်နဝါရီလ ၂၁ ရက်မှာ ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ လာရောက်ကွင်းဆင်းကြည့်ရှုသွားပါတယ်''ဟု မိုင်းဆတ်ခရိုင် လမ်းဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်က ပြောသည်။
.
ထိုသို့ လာရောက်ကြည့်ရှုစစ် ဆေးရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်း ထွဋ်က တာချီလိတ်-မိုင်းဆတ်ကား လမ်းအရှည် ၆ဝ မိုင် ၄ ဖာလုံအနက် အဆိုးဆုံးနေရာများအား စတင်ပြုပြင် မှုများ လုပ်ဆောင်နေပြီး သက်ဆိုင်ရာ ဦးစားပေးလုပ်ငန်း အစီအစဉ်အလိုက် လုပ်ဆောင်သွားမည်ဖြစ်ရာ အနည်း ဆုံးအချိန် ၄ နှစ်ခန့် ကြာမြင့်မည်ဖြစ် ကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ကြာမြင့်စွာ ပစ်ထားခဲ့သည့်အတွက် လမ်းအနေအထားအလိုက် လိုအပ် သည့်ကတ္တရာ၊ ကွန်ကရစ်လမ်းများ ကို အပိုင်းအလိုက်လုပ်ဆောင် သွားမည်ဖြစ်ပြီး ယင်းလမ်းပိုင်းကို ပြုပြင်ရန်အတွက် ပြည်ထောင်စု အစိုးရရန်ပုံငွေအပြင် ပြည်နယ် ဘဏ္ဍာရန်ပုံငွေများမှ ကျခံ၍ ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
.
အဆိုပါလမ်းပြုပြင်မှုအတွက် ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်မှ ငွေကျပ် ၆၆၁၃ သန်း သုံးစွဲရန်လျာထားပြီး တောင်ပြို မြေများဖယ်ရှားခြင်း၊ လမ်း ဘေးရေမြောင်းများတူးဖော်ခြင်း၊ လမ်းဘေးဝဲယာ ခြုံများရှင်းလင်းခြင်း၊ လမ်းပုခုံး မြေသားများ ဖြိုချမြေညှိ ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကာ လွယ်ဆမ်ဆုံတောင်ပေါ်တွင် ယခင် ကတ္တရာခင်းထားမှုများမှာလည်း လမ်းသားများ ကွဲပျက်နေသဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ အမာခံ ကျောက်သားမြေ ဖြည့်စွက်၍ လမ်း ကြိတ်ခြင်းများကို ပြုလုပ်ရန်ရှိပြီး အချို့နေရာများတွင် လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
.
''အခုမှ စတင်သတ်မှတ်ရတဲ့ လမ်း မိုင်တိုင်ကီလို ၇၆ ကနေ ၇၈ မှာ မြေသားတွေ တူးထုတ်ပြီး ကျောက် ရော မြေသားတွေဖြည့်ပြီး ပြန်ကြိတ် နေပါတယ်။ပထမနှစ် ပြီးရင်တော့ မောင်းချိန် နာရီဝက်လျော့သွားနိုင်ပြီး အားလုံး ပြီးရင်တော့ မောင်းချိန် ၂ နာရီခွဲလောက်ပဲ ရှိတော့မှာဖြစ်ပါ တယ်''ဟု ဦးမျိုးဇာနည်က ဆက် လက်ပြောကြားခဲ့သည်။
.
လမ်းပြုပြင်နေစဉ်အတွင်း လမ်းပိတ်ပြုပြင်ခြင်း မဟုတ်သော်လည်း တစ်ခြမ်းပိတ်၊ တစ်ခြမ်းပြင်စနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ရာ ခရီးသွားပြည် သူများအနေဖြင့် သည်းခံကာ ဖြည်း ဖြည်းးမောင်းနှင်ခြင်းဖြင့် ကူညီပေးကြ စေလိုကြောင်းနှင့် လမ်းအသုံးပြုခ ကောက်ခံနေမှုကိုလည်း ပြည်နယ်အ စိုးရမှ စာထွက် ပိတ်ပင်သွားရန် ရှိ ကြောင်း ဦးမျိုးဇာနည်မှ ပြောသည်။
.
အဆိုပါလမ်းကို ၁၉၉၂ ခုနှစ်က ''ဝ''အထူးဒေသ (၂) မှ ဖောက် လုပ်ခဲ့ခြင်း ဖြစ်ကာ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ဝ ရက်က ပြည် ထောင်စုအစိုးရသို့ ပြန်လည်အပ်နှံ ခဲ့ခြင်းဖြစ်သော်လည်း လမ်းတံတား ကြေးကောက်ခံမှုကိုမူ ဆက်လက် ကောက်ခံနေဆဲဖြစ်သဖြင့် လမ်းကြေး ကောက်ခံမှုအား ရပ်ဆိုင်းပေးရန် ခရီး သွားပြည်သူများမှ လိုလားလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube