ကျောက်မဲမြို့နယ်အတွင်းရှိ အထက်ရဲရွာ ရေကာတာ စီမံကိန်းတွင် ပါဝင်လုပ်ဆောင်နေသည့် ပြင်သစ်ကုမ္ပဏီတစ်ခု နုတ်ထွက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, February 9, 2019

ကျောက်မဲမြို့နယ်အတွင်းရှိ အထက်ရဲရွာ ရေကာတာ စီမံကိန်းတွင် ပါဝင်လုပ်ဆောင်နေသည့် ပြင်သစ်ကုမ္ပဏီတစ်ခု နုတ်ထွက်



မင်းဇော်မင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း တည်ဆောက်နေသည့် အထက်ရဲရွာရေကာတာစီမံကိန်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ဝ ရက်က ပြင်သစ်ကုမ္ပဏီတစ်ခုမှ နုတ်ထွက်သွားခဲ့ပြီးနောက် ဒေသခံလူထုအတွက် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိလာနေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းက ပြောသည်။
.
.
''အထက်ရဲရွာစီမံကိန်းမှာ  တရုတ်ကုမ္ပဏီ၊ မြန်မာအစိုးရနဲ့ပေါင်း လုပ်နေတဲ့ ပြင်သစ်ကုမ္ပဏီကတော့ လူ့အခွင့်အရေးချိုးဖောက်မှု ကမ်ပိန်းထဲမှာ အမည်ပျက်အထည့်ခံရလို့ လုပ်ငန်းခွင်ကနေ ပါဝင်မှုရုပ်သိမ်းတယ်ဆိုပြီး ထုတ်ပြန်လာပါတယ်။ ဒါဟာဒေသခံ ပြည်သူလူထုကို ထိခိုက်နစ်နာစေနိုင်တဲ့ မည်သည့်စီမံကိန်းမဆို နိုင်ငံရေးပါတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ လူမှုအဖွဲ့အစည်းနဲ့ ဒေသတွင်းပြည်သူလူထုတွေ ပူးပေါင်းပြီး တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ကန့်ကွက်မယ်ဆိုရင် တစ်စုံတစ်ခုသော အကျိုးသက်ရောက်မှုတော့ ရှိမှာပါ''ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စွမ်းအင်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်နေသည့် ပြင်သစ်ကုမ္ပဏီ The French Multinational Energy သည် လူ့အခွင့် အရေးချိုးဖောက်မှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုတို့ဖြင့် Burma Campaign UK မှ Black List အမည်ပျက်စာရင်း ထည့်သွင်းခံရ ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါပြင်သစ်ကုမ္ပဏီမှာ Lahmeyer ကုမ္ပဏီ၏ လုပ်ငန်းခွဲအဖြစ် အထက်ရဲရွာရေကာတာ စီမံကိန်းတွင် ပါဝင်ခြင်းဖြစ်ပြီး  Black List  ထည့်သွင်းခံရခြင်းနှင့်ပတ်သက်၍ လုံးဝပါ ဝင်တော့မည်မဟုတ်ကြောင်း ကုမ္ပဏီ ၏ ဒါရိုက်တာ Mr.XavierHubertက ဇန်နဝါရီ ၂၁ ရက်တွင် စာပေးပို့ လာသည့်အတွက် အမည်မည်း စာရင်းမှ ပြန်လည် ဖယ်ထုတ်လိုက်ပြီး ဖြစ်သည်ဟု Burma campaign UK ၏ ဒါရိုက်တာ Mark Farmaner  က ပြောကြားခဲ့ကြောင်း သိရှိရသည်။
.
''ဒီပြင်သစ်ကုမ္ပဏီရဲ့လုပ်ရပ်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိနေတယ်ဆိုတာကို ပြနေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရန်ကုန်မြို့မှာလုပ်တဲ့ ဒေသခံတွေရဲ့ သတင်းစာရှင်းလင်းပွဲက အကျိုးဆက်အပြင် ကုမ္ပဏီရဲ့ခံယူချက်နဲ့လည်း ဆိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီရေကာတာစီမံကိန်းနဲ့ ပတ်သက်လို့ တခြားနေရာတွေရဲ့ အချက်အလက် အပြည့်အစုံရရင် လွှတ်တော်အတွင်းမှာ ဆွေးနွေးဖို့ ရှိပါဦးမယ်''ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းသန့်စင်ကလည်း ကမ္ဘောဇတိုင်းသို့ ပြောကြားသည်။
.
ထို့အတူ သီပေါဒေသခံတစ်ဦးဖြစ်ပြီး အဆိုပါရေကာတာကိစ္စရပ်အတွက် အစဉ်တစ်စိုက် ဦးဆောင်ကန့်ကွက် နေသူတစ်ဦးဖြစ်သည့် ဦးစိုင်းအိုက်ထမ်းက ''ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မှာ အထက်ရဲရွာရေကာတာနဲ့ ပတ်သက်ပြီး ဒေသခံတွေ နစ်နာဆုံးရှုံးနေရတာကို သတင်းစာရှင်းလင်းပွဲလုပ်တယ်၊ ၆ ရက်နေ့မှာ သံရုံး ၇ ခုကို စာပို့တယ်။ တရုတ်သံရုံး တစ်ခုပဲ လက်မခံတာ ရှိတယ်။ ဒီစာတွေရဲ့ အကျိုးဆက်အရလည်း ပြင်သစ်ကုမ္ပဏီ ရုပ်သိမ်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ အခြားရေကာတာ စီမံကိန်းတွေကိုလည်း ဒေသခံတွေက ဆန့်ကျင်ပါတယ်'' ဟု ပြောသည်။
.
၎င်းအနေဖြင့် နိုင်ငံခြားသံရုံး များအနက် စီမံကိန်းများတွင်ပါဝင် နေသည့် တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဂျပန်နိုင်ငံသံရုံးတို့ကို စာပေးပို့ခဲ့သည့်အပြင် အမေရိကန် သံရုံးနှင့် EU သံရုံးတို့ကိုလည်းသိရှိနိုင်ရန် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတထံသို့ ၂ဝ၁၈ ခုနှစ်၊ နို ဝင်ဘာလ ၁၂ ရက်က အဆိုပါ ရေ ကာတာ ဆောက်လုပ်ခြင်းရပ်တန့် ပေးနိုင်ပါရန် တင်ပြခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ မသိရှိရ သေးကြောင်း ၎င်းကဆက်လက်ပြော ကြားခဲ့သည်။
.
နမ္မတူမြစ် ခေါ် မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်ပေါ်တွင် ရေကာတာများ တည်ဆောက်လျက်ရှိရာ ၂ဝ၁ဝ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရဲရွာရေကာတာ၊ တီးတုတ်ရေကာတာ၊ နောင်ချိုမြို့နယ် အတွင်းရှိ အလယ်ရဲရွာ ရေကာတာ၊ ကျောက်မဲနှင့် သီပေါမြို့နယ်အကြား၊ တာလုံကျေးရွာရှိ အထက်ရဲရွာ ရေကာတာ၊ သီပေါ မြို့နယ်အတွင်းရှိ မိုးတေရေကာတာ စီမံကိန်းများရှိနေပြီး လူထုမှအစဉ် တစိုက် ကန့်ကွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube