ဒေသန္တရအမိန့် ထုတ်ပြန်ထားသည့် တောင်ကြီးမြို့မဈေးအနီးရှိ ဆိုင်ကယ်ရပ်နားရာ နေရာတွင် မူးယစ်ရမ်းကားပြီး ဆိုင်ခန်းဆိုင်းဘုတ်များ ဖျက်ဆီးခံရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, February 15, 2019

ဒေသန္တရအမိန့် ထုတ်ပြန်ထားသည့် တောင်ကြီးမြို့မဈေးအနီးရှိ ဆိုင်ကယ်ရပ်နားရာ နေရာတွင် မူးယစ်ရမ်းကားပြီး ဆိုင်ခန်းဆိုင်းဘုတ်များ ဖျက်ဆီးခံရ


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း.တောင်ကြီးမြို့တွင် အုပ်စုဖွဲ့ မူးယစ်သောက်စား ရမ်းကားခြင်းမပြုရန် ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်ထားသည့် နေရာများအနက် တစ်ခု အပါအဝင် ဖြစ်သော မြို့မဈေးအနီးရှိ ဆိုင်ကယ် ရပ်နားရာနေရာ၌ အရက်သေစားသောက်စားခြင်းနှင့် မူးယစ်ရမ်းကားခြင်းများ ရှိနေပြီး ဈေးဆိုင်ခန်းများ၏ ဆိုင်ဘုတ်များ ဖျက်ဆီးခံရမှုများရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
.

.
''မနေ့ညက ဆိုင်ကယ်စတန်းမှာ ကောင်လေး ၂ ဖွဲ့က သီချင်းလာဆိုနေကြတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စကားများ ရန်ဖြစ်ကြတယ်။ အဲဒီအချိန်မှာ တစ်ဖွဲ့က ကျွန်တော်တို့ဆိုင်ခန်းဆိုင်း ဘုတ်တွေနားက သံတုတ်တွေနဲ့ ရိုက်ဖို့ ဆိုပြီး ဆိုင်းဘုတ်ကိုဖျက်တယ်။ ဆိုင်းဘုတ်ဒေါက်တွေကို ဆွဲဖြုတ်တယ်။ အဲဒီအချိန်မှာ တစ်ဖွဲ့က ရှောင်ထွက်သွားတယ်။ သူတို့ကလူရိုက်လို့ မရတော့ ဒီနားက ဆိုင်ခန်းဆိုင်းဘုတ်တွေကို ဖျက်ဆီးသွားကြတာပါ။ အချိန်က ၁၀ နာရီခွဲကနေ ၁၂ နာရီ လောက်အထိ ကြာတယ်။ ရိုက်ဖျက်တဲ့အဖွဲ့က လူ ၆ ယောက်ပါတယ်။ သူတို့ပုံစံက မူးယစ်ဆေး ကြောင်နေတဲ့ ပုံစံမျိုးပါ။ ဒီနေရာက တားမြစ်ဧရိယာဖြစ်ပါတယ်။ သူတို့ အဲဒီလိုလုပ်ပိုင်ခွင့် မရှိဘူးလေ။ လုံခြုံရေး တွေတော့ လာချထားတယ်။ ၈ နာရီကျော်ရင် မရှိတော့ဘူး။ လုံခြုံရေးမရှိတဲ့အချိန်ဆိုရင် ဂစ်တာတီးကြတယ်။ အရက်သေစာ လာသောက်ကြတယ်။ အသံသေးအသံကြောင်နဲ့ လာအော်ကြတယ်။ မနေ့ညကဖြစ်စဉ်ကို တာဝန်ရှိသူတွေက လာရောက်ကြည့်ရှုတာ၊ စုံစမ်းမေးမြန်းတာ မရှိပါဘူး” ဟု ဆိုင်းဘုတ် ဖျက်ဆီးခြင်းခံရသည့် ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
အဆိုပါနေရာတွင် ညပိုင်းလုံခြံရေးမရှိသည့်အချိန်၌ ပုံမှန်အတိုင်း အေးဆေးစွာ သီချင်းလာဆိုနေကြသည့် လူငယ်များရှိသကဲ့သို့ မူးယစ်သေစာသောက်စားပြီး ပတ်ဝန်ကျင်အနှောင့်အယှက်ဖြစ်အောင် အသံမျိုးစုံဖြင့် အော်ဟစ်ဆူညံခြင်း၊ မူးယစ်ရမ်းကားခြင်းများ ရှိနေပြီး ယင်းကဲ့သို့ပြုမူခြင်းသည် တရားဥပဒေကို စိန်ခေါ်သကဲ့သို့ ဖြစ်နေသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
''မနေ့ညက ဖြစ်စဉ်ကတော့ သူတို့တွေ ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ ဆိုင်းဘုတ်တွေကို ရိုက်ချိုးဖျက်ဆီးတယ်။ ကျွန်တော်တို့က ပြည်သူတစ်ယောက်အနေနဲ့ ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတယ်။ အမှတ် (၁) ရဲစခန်းကို ခေါ်တယ်။ လုံးဝ မကိုင်ဘူး။ အမှတ် (၂) စခန်းက ကိုင်တယ်။ အမှတ် (၁) က တာဝန်မှူးကို ဆက်လိုက်ပါဆိုပြီး ဖုန်းနံပါတ်ပေးလာတယ်။ ဖုန်းကစက်ပိတ်ထားတယ်။ မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေတာကို လက်ပိုက်ကြည့်နေ ရတယ်''ဟု ဒေသခံပြည်သူ ကိုချစ်က ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် အဆိုပါ ဆိုင်ကယ်ရပ်နားရာနေရာ အောက်ရှိ သီဟ မိတ္တူဆိုင် အပါ အဝင် ဈေးဆိုင်ခန်း ၅ ခု၏ ဆိုင်းဘုတ်များ ဆိုးရွာစွာ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
.
အဆိုပါ မြို့မဈေးအနီးတဝိုက်အပါအဝင် တောင်ကြီးမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးဘေး၊ ညဈေး နာရီစင်အနီး၊ အိမ်တော် ထင်းရှူးတော၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းအစ ရှိသည့် နေရာများတွင် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း မပြုရန် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်က တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒေသန္တရအမိန့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment