မြစ်နဒီ နမ့်ပန်သို့ တမ်းခြင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, February 12, 2019

မြစ်နဒီ နမ့်ပန်သို့ တမ်းခြင်း


မြမြ (ပညာရေး)
.
.
နမ့်ပန်ရေသောက်ပြီးရင် ကွန်ဟိန်းမြို့ကို ပြန်လာရတယ်ဆိုတဲ့ ကွန်ဟိန်းမြို့သူ/သားတွေ ရဲ့ ဆိုစကားလေးကို အရင်က ကျွန်မ မယုံခဲ့ပါ ဘူး။ အခုတော့ ဒီစကားလေး တယ်ပြီးမှန်ပါ လားလို့ ဆိုရပါတော့မယ်။ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကွန်ဟိန်းမြို့အခြေခံ ပညာအထက်တန်းကျောင်းရဲ့ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲ ကျင်းပတာမို့ ကျွန်မကွန်ဟိန်းမြို့သို့ တစ်ခေါက်ပြန်ရောက်ခဲ့ရပါတယ်။ ၂၅ နှစ်နီးပါးကွဲကွာနေကြတဲ့ ဆရာတပည့်တွေ ပြန်လည်တွေ့ကြရလို့ အတိုင်းမသိ ဝမ်းသာ ပျော်ရွှင်ခဲ့ရပါတယ်။ ကွန်ဟိန်းတံတားကြီးပေါ် ကိုလည်း အလွမ်းပြေလျှောက်ခဲ့ပါတယ်။ နမ့် ပန်မြစ်ကြီးက အရင်ကလိုပဲ ပြာလဲ့ကြည်လင်ပြီး တငြိမ့်ငြိမ့် စီးဆင်းနေပါတယ်။ ပတ်ဝန်းကျင်ရေ မြေတောတောင် သဘာဝအလှတွေကို လှည့် လည်ကြည့်ရှုရင်း လွမ်းခဲ့ရပါတယ်။ နှစ်ကာလ အတော်ကြာ ခွဲခွာခဲ့ရတဲ့ ချစ်တပည့်ဟောင်း တွေနဲ့ ဆရာအို၊ ဆရာမအိုတို့ ပြန်လည် တွေ့ ဆုံရတဲ့ မြတ်ဆရာပူဇော်ပွဲက အလွမ်းတစ်ရာ ပန်းတစ်ရာနဲ့ အလွမ်းအိပ်မက် ပန်းအိပ်မက်ပါ ပဲ။
.
ကျွန်မက ၁၉၇၇ ခုနှစ်၊ ဇွန်လမှာ ကွန် ဟိန်းမြို့သို့ ရောက်ခဲ့ပါတယ်။ အလယ်တန်း ကျောင်းအုပ်၊ မြို့နယ် ပညာရေးမှူးဆရာမကြီး ဒေါ်နန်းစုစုစံ လက်ထက်မှာ ရောက်ခဲ့တာပါ။ ကျွန်မတို့ မောင်နှမလေးယောက်ကို ဆရာမကြီးက မူလတန်းပြဆရာ/မအဖြစ် ရာထူးခန့် ထားပေးခဲ့ပါတယ်။ ကွန်ဟိန်းမြို့နယ် နားပွဲရွာ မူလတန်းကျောင်းမှာ နှစ်ယောက်၊ ငါးတိုင်ကျေး ရွာအုပ်စု၊ ဝမ်ပိန်ရွာ မူလတန်းကျောင်းမှာ နှစ် ယောက် ခန့်ပေးခဲ့ပါတယ်။ ကျွန်မက သုံးလလောက် တာဝန်ထမ်းဆောင်ပြီး ကွန်ဟိန်းမြို့ ပေါ် အလယ်တန်းကျောင်းကို ပြောင်းရွှေ့ရပါ တယ်။ အဲဒီအချိန်တုန်းက ဆရာ/မတွေ အလွန်နည်းပါတယ်။ လမ်းခရီး မအေးချမ်းတာရယ်၊ လုံခြုံမှု မကောင်းတာရယ်ကြောင့် ဝန်ထမ်းတွေက မလာချင်ကြပါဘူး။ အဲဒီအချိန်က လုံခြုံရေးယာဉ်တန်းတွေနဲ့ သွားလာကြရပါတယ်။ ကွန်ဟိန်းမြို့က အလွန်သာယာပါတယ်။ ကွန်ဟိန်းတံတားသစ်ကြီးနဲ့ နမ့်ပန်မြစ်ကြီးက ကွန်ဟိန်းမြို့ရဲ့အလှကျက်သရေဆောင်ပါပဲ။ နမ့်ပန်ချောင်းလို့သာ ပြောကြတာပါ။ မြစ်ကြီး တစ်စင်းလောက် ကြီးပါတယ်။ သံလွင်မြစ်ထဲကို စီးဝင်တဲ့ မြစ်လက်တက်ကြီးတစ်ခုပါ။
.
နမ့်ပန်မြစ်ကြီးထဲမှာ ကျွန်းကြီးကျွန်းငယ်ပေါင်း တစ်ထောင်လောက်ရှိပါတယ်။ မိုးရာသီ ကလွဲရင် မြစ်ရေဟာ အပြာရောင်သန်းနေပါ တယ်။ အပြာရောင်သန်းနေတာကိုက မြစ်ကြီးရဲ့ ထူးခြားတဲ့ အလှတစ်ခုပါ။ ကွန်ဟိန်းမြို့ကို ရောက်ခါစရက်ပိုင်းအတွင်း ဆရာမကြီးက ကျွန်မတို့ကို ဆောက်လုပ်ဆဲ ပြီးခါနီး ကွန်ဟိန်း တံတားသစ်ကြီးပေါ်သို့ ညနေခင်းမှာ ခေါ်သွား ပါတယ်။ ညနေဆည်းဆာချိန်လေးမို့ ဝင်လုဆဲ ဆဲ နေရောင်ခြည်ဖျော့တော့တော့လေးက အားကုန်အစွမ်းကုန် အလင်းရောင်ပေးနေတဲ့ အချိန်လေးပါ။ ကဲ ဆရာ/မအသစ်လေးတွေရေ နမ့်ပန်ရေချောင်း ကြီးကို ကြည့်လိုက်ပါဦး။ မြန် မာပြည်တစ်ခွင်မှာရှိတဲ့ မြစ်ချောင်းတွေထဲမှာ ဒီလိုပြာလဲ့နေတဲ့ ရေအရောင်မျိုး တွေ့ဖူးလားလို့ မေးပါတယ်။ ကွန်ဟိန်းတံတားသစ်ကြီးက နမ့်ပန်မြစ်ကြီးပေါ်မှာ တည်ဆောက်ထားတာပါ။ သဘာဝပတ်ဝန်းကျင်ရေမြေတောတောင် က ညို့ညို့မှိုင်းမှိုင်းစိမ်းစိမ်းစိုစိုနဲ့ သာယာလိုက် တာလွန်ပါရော။ မှန်ပါသည်။ ဒီလိုပြာလဲ့ပြီး မှန် သားပြင်လိုကြည်လင်နေတဲ့ ရေချောင်းမျိုး အလွန်ရှားပါတယ်။
.
နမ့်ပန်မြစ်ရေက ရွှံ့ခံတဲ့ရေမဟုတ်ဘဲ ကျောက်ဆောင်ကျောက်တုံးတွေအခံရှိတဲ့ ရေ ဖြစ်ပါတယ်။ အချို့နေရာ တွေမှာ ကျောက်ချိုင့် ခွက်ကြီးတွေက မှောင်နေပါတယ်။ သဘာဝအတိုင်း ကူးခတ်သွားလာနေတဲ့ ငါးတွေကို အ ပေါ်ကနေ ဆီးကြည့်လိုက်ရင် အတိုင်းသားတွေ့ ရပါတယ်။ အထူးသဖြင့် ရွှေဝါငါးကြင်း၊ ငါးဖိန်း ငါးဖယ်၊ ငါးခုံးမ စတဲ့ငါးတွေက ပိုများပါတယ်။ ရေက ဝါးတစ်ပြန်မက နက်ပါတယ်။ ဒါကြောင့် ဒီငါးတွေကို ဖမ်းဖို့ အလွန်ခက်ပါတယ်။ ရေစီးက သံလွင်မြစ်လောက် မသန်ပေမယ့် အလယ် အလတ်လောက်ရေစီးသန်ပါတယ်။ ကျွန်မတို့ က အဲဒီတံတားကြီးရဲ့ဘေးမှာရှိတဲ့ ရေလယ်ကျွန်းလို့ခေါ်တဲ့ ကျွန်းတစ်ခုပေါ်မှာ နေကြပါ တယ်။ အဲဒီကျွန်းပေါ်မှာ ကွန်ဟိန်းတံတားကြီးကို ဆောက်လုပ်တဲ့ဆောက်လုပ်ရေးဝန်ထမ်း တွေနေကြပါတယ်။ တံတားကြီးပြီးလို့ ပြောင်း ရွှေ့သွားကြတဲ့အခါ ကျွန်မတို့ဌာနဆိုင်ရာ အသီးသီးဝန်ထမ်းတွေကို နေရာချထားပေးကြပါ တယ်။
.
ကျွန်မတို့ကတော့ ဆောက်လုပ်ရေးအင်ဂျင်နီယာကြီးတို့ မိသားစုနေသွားခဲ့တဲ့ အိမ်မှာနေပါတယ်။ အိမ်က ဘုရားခန်း၊ အိပ်ခန်း၊ မီးဖို ခန်း၊ ဧည့်ခန်း၊ စတိုခန်း၊ ရေချိုးခန်းနဲ့ ကြမ်းပြင်တစ်ခုပါပါတယ်။ အဲဒီနောက်ဖေးကြမ်းပြင် ကနေ ကြည့်လိုက်ရင် ကိုက် ၂ဝ ခန့်အကွာမှာ စုပ်ဝဲ မှုတ်ဝဲကြီးတစ်ခုရှိပါတယ်။ အဲဒီစုပ်ဝဲမှုတ် ဝဲကြီးက ရေတွေကိုစုပ်လိုက်မှုတ်လိုက်နဲ့ ဝဲကတော့ ပုံစံထပြီး တဗွမ်းဗွမ်းနဲ့ပါပဲ။ ညဘက်ဆို ရင် စုပ်ဝဲမှုတ်ဝဲကြီးရဲ့အသံနဲ့ ရေစီးသံကြီးက ည၏ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းပြီး တဝေါဝေါ နဲ့ကြားနေရပါတယ်။ အမြဲနေထိုင်အိပ်စက်နေ ကြသူတွေအဖို့ ဒီအသံကြီးတွေက ရိုးနေပါပြီ။ မိုးရာသီဆိုရင် တောင်ကျရေတွေပါလာသည့် အတွက် ပိုပြီး အသံကျယ်လောင်ပါတယ်။ မိုး ရာသီမှာ အချို့ကျွန်းတွေပေါ်အထိ ရေဖုံးလွှမ်း သွားပါတယ်။ နွေရာသီ၊ ဆောင်းရာသီဆိုရင် နမ့်ပန်မြစ်ထဲမှာ သဘာဝအတိုင်း ကူးခတ်ဆော့ ကစားနေတဲ့ ရေဖျံလေးတွေကို တွေ့ရပါတယ်။ ရေပေါ်မှာ အုပ်စုလိုက်ခေါင်းကလေးတွေဖော်ပြီး ဟိုကြည့်လိုက်၊ ဒီကြည့်လိုက်နဲ့ အလွန်ချစ် စရာကောင်းလှပါတယ်။ မကြာခဏတွေ့ရပါ တယ်။
.
နွေရာသီ၊ ဆောင်းရာသီကျောင်းပိတ်ရက် တွေမှာဆိုရင် ထမင်းချိုင့်တွေ၊ အစားအသောက်တွေ၊ ခင်းထိုင်ဖို့ ပလပ်စတစ်ဖျာတွေနဲ့ တပည့်တွေ၊ ဆရာ/မတွေ တစ်စုတစ်ဝေးအနီးအနားက ကျွန်းတွေပေါ်သွားပြီး ပျော်ပွဲစားထွက်ကြ ပါတယ်။ တစ်ကျွန်းနဲ့တစ်ကျွန်းကို ဝါးပိုးဝါးသုံးလုံးနဲ့ တံတားခင်း ဆက်သွယ်ထားပါတယ်။ ဝါးလုံးလေး တစ်ဖက် တစ်လုံးစီနဲ့ လက်ကိုင်တန်း လုပ်ထားပါတယ်။ အဲဒီလက်ကိုင်တန်း လေးကို ကိုင်ပြီး ဝါးသုံးလုံးခင်းထားတဲ့ တံတား လေးပေါ်မှာ လှုပ်တုတ်၊ လှုပ်တုတ်နဲ့ သွားကြ ရပါတယ်။ အဲဒီဝါးတံတားလေးပေါ်ကို နှစ် ယောက်တစ်သုတ်၊ သုံးယောက်တစ်သုတ် ကူး ဖြတ်ကြရပါတယ်။ ရေပတ်လည်ဝိုင်းရံလျက်ရှိ သော ကုန်းမြေကို ကျွန်းဟုခေါ်သည်ဟူ၍ ငယ် စသ်က ပထဝီဝင်ဘာသာပြဆရာမရှေ့မှာ လက်ကလေးပိုက်ပြီး ဆိုပြရတာကို ပြန်ပြီးသတိ ရမိပါတယ်။ အခုလည်း နမ့်ပန်မြစ်ရေတွေ ဝိုင်း နေတဲ့ ကျွန်းကလေးပါပဲ။ တစ်ဆင့်ပြီးတစ်ဆင့် တဝေါဝေါ စီးကျနေတဲ့ အဆင့်ငါးဆင့်လောက် ရှိတဲ့ ရေတံခွန်တွေ အများကြီးရှိပါတယ်။
.
တောပန်းတောင်ပန်းလေးတွေကလည်း သဘာဝအတိုင်း ဖူးပွင့်နေကြပါတယ်။ မိကျောင်းပန်း၊ ခေါင်းလောင်းပန်း တွေနဲ့ အခြား အမည်မဖော်တတ်တဲ့ ပန်းကလေးတွေရဲ့ ရနံ့ တွေကလည်း သင်းပျံ့လို့နေပါတယ်။ ကျေး ငှက်သာရကာလေးတွေရဲ့ ချိုမြိန်တဲ့ အသံလေး တွေကလည်း သာယာလိုက်တာ၊ တကယ်တော့ သဘာဝတရားကြီးက ကမ္ဘာ လောကကြီးကို သဘာဝကျကျ အလှဆင်ပေး နေတာပါ။ ရေတံခွန်တွေရဲ့အသံကြောင့် တစ် ယောက်နဲ့တစ်ယောက် စကားပြောရင် အော် ပြီး ပြောကြရပါတယ်။ တပည့်လေးတွေကတော့ လူငယ်ပီပီ သီချင်းတွေဆိုကြ၊ လက်ခုပ်လေး တွေတီးပြီး သံပြိုင်ဆိုကြနဲ့ တအား ပျော်နေ ကြပါတယ်။ ကမ်းစပ်မှာ ရေချိုးတဲ့သူကလည်း နမ့်ပန်မြစ်ရေကလည်း ကြည်လိုက်တာ၊ အေး လိုက်တာဆိုပြီး ချီးကျူးနေကြပါတယ်။ အလွန် စိတ်အပန်းပြေရပါတယ်။ ကျွန်းတစ်ထောင်ဆို တာနဲ့ ပတ်သက်ပြီး ပြောချင်ပါသေးတယ်။ ကွန် ဆိုတာ ရှမ်းဘာသာအရ ကျွန်းလို့အဓိပ္ပာယ်ရပြီး ဟိန်ဆိုတာ တစ်ထောင်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် ကွန်ဟိန်းမြို့ဆိုတာ ကျွန်းတစ်ထောင် မြို့လို့ အဓိပ္ပာယ်ရှိပါတယ်။
.
အဲဒီ ကွန်ဟိန်းမြို့ အထကမှာ ကျွန်မက မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ရာထူးအထိ နှစ်ပေါင်း ၂ဝ ကြာ တာဝန်ထမ်း ဆောင်ခဲ့လို့ အလွန်သံယောဇဉ်ကြီးခဲ့ပါတယ်။ ဟိုတုန်းက အခုလို သောက်ရေသန့်တွေ မပေါ် သေးတော့ ဒီနမ့်ပန်ရေကိုပဲ ကျိုပြီး နှစ်ပေါင်း ၂ဝ လောက်သောက်ခဲ့တာပါ။ ကျွန်မတို့ ကွန် ဟိန်းမြို့သို့ စရောက်တဲ့ နှစ်မှာပဲ ပေပေါင်း ၁၁၇ဝ ရှည်တဲ့ နှစ်လမ်းသွား အာစီကွန်ဂရစ် ကွန်ဟိန်းတံတားသစ်ကြီးကို စပြီးဖွင့်ခဲ့တာပါ။ ၁၉၇၇ ခု ဖေဖော်ဝါရီလ ၁၂ ပြည်ထောင်စုနေ့မှာ ဖွင့်ခဲ့တာပါ။ ရှမ်းပြည်နယ်ပြည်သူ့ကောင်စီ ဥက္ကဌ ဦးထွန်းရင်လောမှ ဖွင့်လှစ်ပေးခဲ့တာပါ။ ကျွန်မက လမ်းစဉ်လူငယ်တစ်ယောက်ဖြစ်တာမို့ လမ်းစဉ်လူငယ်အလံကိုင်တပ်ဖွဲ့မှာ ပါဝင်ခဲ့ ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန၊ မော်ကွန်း ရုပ်ရှင်အဖွဲ့မှ သတင်းမှတ်တမ်း ရိုက်ကူးကြပါ တယ်။ ဤသတင်း ရုပ်ရှင်ကို ကွန်ဟိန်းမြို့လယ် တွင် ပိတ်ကားကြီးထောင်၍ လာရောက်ပြသသည့်အခါ ကျွန်မတို့ ပုံပါလာသည့် အတွက် ကျွန်မအလွန်ပျော်ရွှင်ခဲ့ရပါတယ်။
.
ဤကွန်ဟိန်းတံတားသစ်ကြီးဖွင့်ပွဲသည် တိုင်းရင်းသားပေါင်းစုံတို့၏ စည်းလုံးညီညွတ်မှု၊ ပျော်ရွှင်မှုတို့ကို အထင်းသားမြင်တွေ့ခဲ့ရပါ သည်။ နမ့်ပန်မြစ်သည် တန့်ယန်းမြို့နယ်မြောက် ဘက် နောင်ကိုင်ကျေးရွာအနီးမှာ မြစ်ဖျားခံပြီး ကွန်ဟိန်းမြို့နယ် ကျိုင်းခမ်းရွာ အောက်ဘက် သုံးမိုင်ခန့် ဝေးကွာတဲ့နားပွဲရွာအနီးမှာ သံလွင် မြစ်ထဲသို့ စီးဝင်သွားပါတယ်။ အဲဒီစီးဝင်တဲ့ မြစ် ဆုံနေရာဟာ အလွန်သာယာပါတယ်။ နမ့်ပန် မြစ်စီးဆင်းရာ မြစ်စဉ် တစ်လျှောက်မှာလည်း ကျွန်းများ၊ ရေတံခွန်များ၊ ရေမှော်များ ရှိပါတယ်။ ရေတံခွန်များအနက် မိုင်းရှူးမြို့နယ် အတွင်းရှိ ဟိုက်ပါရေတံခွန်၊ ကွန်ဟိန်းမြို့နယ်နား ပွဲကျေးရွာမှာရှိတဲ့ နားပွဲရေတံခွန်များဟာ ထင် ရှားပါတယ်။ ကျန် ရေတံခွန်များမှာ ရေတံခွန် အငယ်များဖြစ်ကြပါတယ်။ နားပွဲရွာအနီးလွင် ပြင်များ၊ တောင်ကုန်းများမှာ သနပ်ခါးပင် များ ပေါက်ရောက်နေကြပါတယ်။ နားပွဲရွာမှထွက်တဲ့ သနပ်ခါးခေါက်က နာမည်ကြီးပါတယ်။ သနပ် ခါးပင်မှ အခေါက်ကို ခွာပြီး ရေစိမ်ရပါတယ်။ အခြောက်လှန်းပြီးမှ သွေးလိမ်းရပါတယ်။
.
သနပ်ခါးအခေါက်မှာ ဝါကြန့်ကြန့်လေးအ ရောင်ရှိပြီး သင်းပျံ့ပျံ့လေးမွှေးပါတယ်။ ဒီသနပ်ခါးလေးကို လိမ်းတဲ့သူတိုင်းဟာ အသားအရေ ချောမွေ့ပြီး နံ့သာရောင်လေးထွက်နေတာမို့ အ လွန်ကျက်သရေရှိပါတယ်။ ကျွန်းတစ်ထောင် ထဲမှာ အကြီးဆုံးကျွန်းကတော့ ဟိုယန်ကျွန်းပါ။ ဟိုယန်ကျွန်းဟာ အလှဆုံးကျွန်းလို့ ဆိုနိုင်ပါ တယ်။ ဟိုယန်ကျွန်းပေါ်ကို ကျွန်မရောက်ဖူးပါ တယ်။ အုန်းပင်တွေ၊ ကွမ်းသီးပင်တွေ အလွန် ပေါပါတယ်။ အိမ်တိုင်းမှာ မီးဖိုချောင်သုံးဟင်း သီးဟင်းရွက်နဲ့ ခြံဝင်းထဲမှာလည်း စားပင်သီး ပင်တွေ စိုက်ထားလိုက်ကြတာ စိမ်းစိုနေတာပဲ။ အိမ်ပုံစံတွေက ခြေတံရှည်အိမ်တွေပါ။ ကွမ်း ပင်၊ ငရုတ်ကောင်းပင်လေးတွေကလည်း အုန်း ပင်၊ ကွမ်းသီးပင်တွေကို နွယ်ပတ်ပြီး တက်နေ တာက တစ်မျိုးချစ်စရာကောင်းပါတယ်။ ဈေး မရှိတဲ့အရပ်မို့ မိမိတို့ခြံဝင်းထဲမှာ စုံနေအောင် စိုက်ထားကြပါတယ်။ နမ့်ပန်မြစ် နံဘေးမှာရှိတဲ့ ရွာတိုင်းလိုလို ရေဒလက်ကြီးတွေ၊ ရေမောင်း ကြီးတွေနဲ့ နမ့်ပန်ရေကိုသွယ်ယူပြီး နွေစပါးတွေ၊ ဟင်းသီးဟင်းရွက်ပင်တွေ၊ စားပင်သီးပင်တွေ စိုက်လိုက်ကြတာ အားရစရာပါပဲ။
.
ကျွန်မက ဝမ်လောရွာကနေပြီး ဟိုယန် ကျွန်းကိုသွားခဲ့တာပါ။ ဟိုယန်ကျွန်းပေါ်ကို ရောက်ဖို့ လှေနှစ်စီးကို ပူးတွဲချည်ထားပြီး ဝါးထ ရံကြီးခင်းထားပါတယ်။ အဲဒီဝါးထရံကြီးပေါ်မှာ လူတွေက ထိုင်ရပါတယ်။ ဦးလေးကြီးနှစ် ယောက်က လှော်ပြီးပို့ပေးပါတယ်။ ဝမ်လောရွာ ဆိုတာကလည်း ရှေးပဒေသရာဇ်ခေတ်က မြို့ စား အုပ်ချုပ်တဲ့ ဒေသတစ်ခုပါ။ လက်ဖက် တောင်ကနေ လှမ်းကြည့်ရင် ကွန်ပု၊ ငါးတိုင်၊ ကျိုင်းခမ်း၊ နားပွဲရွာတွေကို မြင်ရပါတယ်။ ဝမ် လောရွာမှာ သဘာဝရေထွက်နှစ်ခုရှိပါတယ်။ နမ့်ပန်မြစ်ရိုးတစ်လျှောက် အချို့ရွာတွေမှာ ရေ ဒလက်ကြီးတွေ၊ ရေမောင်းကြီးတွေ တပ်ဆင် ပြီး ရေအားနဲ့လည်တဲ့ ဆီဆုံကြီးတွေရှိပါတယ်။ ပြီးတော့ ဆန်ကြိတ်စက်တွေလည်းရှိပါတယ်။ ထူးခြားတဲ့သဘာဝရေအားနဲ့ လည်တဲ့အိမ်တွင်း မှုလုပ်ငန်းတွေပါ။ ကျိုင်းခမ်းဆိုတာက ရှမ်း စော်ဘွားခေတ်ကမြို့အဆင့် သတ်မှတ်ထားတာ ပါ။ ရှမ်းပြည်တောင်ပိုင်း စော်ဘွားအုပ်ချုပ်တဲ့ မြို့ထဲမှာ တစ်ခုတည်းသော အမျိုးသမီးစော် ဘွားအုပ်ချုပ်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ အမည်မှာ စဝ်ထစ်ထီလာဖြစ်ပါတယ်။
.
အဲဒီကျိုင်းခမ်းကနေ သုံးမိုင်ခန့်အကွာမှာ နားပွဲကျေးရွာအုပ်စု ရှိပါတယ်။ နမ့်ပန်မြစ်ကြီး ဟာ နားပွဲရွာကိုပတ်စီးပြီး တစ်ဖက် မျက်နှာစာမှာ အင်မတန်ကြီးမားလှတဲ့ နားပွဲရေတံခွန်ကြီးရှိပါ တယ်။ ရေပန်းပွားတွေဟာ နေရောင်ခြည် အောက်မှာ အလွန်လှပတဲ့ သက်တန့်တွေပေါ် နေပါတယ်။ နမ့်ပန်မြစ်ဟာ နားပွဲရွာအောက် ဘက် သုံးမိုင်ခန့်အကွာမှာ သံလွင်မြစ်ထဲသို့ စီးဝင်ပါတယ်။ ဤမြစ်ဆုံရဲ့အလှဟာ အလွန်ရှု မောမဆုံးတဲ့ သဘာဝအလှစစ်စစ်ပါ။ ဘယ်ပန်း ချီရေးလို့ မမီအောင် လှပါတယ်။ နွေရာသီ ရောက်တဲ့အခါ ဒီမြစ်ဆုံမှာ သဲသောင်တွေပေါ် ထွန်းနေပါတယ်။ ဝါးလုံးတစ်လုံးကို အဆစ်တွေ ဖောက်ပစ်ပြီး အဲဒီသဲသောင်မှာစိုက်လိုက်ပါ။ ဝါးလုံးရဲ့ထိပ်ကို မီးရှို့လိုက်ပါ။ အပြာရောင်မီး တောက်တွေထွက်ပြီး လင်းနေပါတယ်။ ဤမြစ် ဆုံဒေသဟာ အနှစ်နှစ်အလလက အနည်ကျ ကျောက်တွေရှိနေမှာမလွဲပါပဲ။ မြစ်မင်းသံလွင် နဲ့ နမ့်ပန်မြစ်တို့ရဲ့ အနည်ကျရာ မြစ်ဆုံဒေသ ဖြစ်နေလို့ပါ။ မြန်မာပြည်အတွက် အဖိုးတန်ရ တနာဓာတ်ငွေ့နဲ့ ရေနံတွေထွက်မည့်နေရာတစ် ခုပါပဲ။
.
နားဖွဲရေတံခွန်ကြီးဟာ သဘာဝအတိုင်း လှပနေတဲ့ ရေတံခွန်ကြီးဖြစ်ပါတယ်။ ငြိမ်းချမ်း တဲ့ ဒေသဖြစ်လာပါက ဤနေရာသည် ကျေး လက်ဒေသအခြေပြု ခရီးသွားလုပ်ငန်းထွန်း ကားမည့်နေရာတစ်ခု ဖြစ်လာနိုင်ပါသည်။ မြစ် တို့မည်သည်မှာ ကွေ့လည်လှည့်ပတ်စီးဆင်းကြ ရိုးအမှန်ဖြစ်ပါသည်။ နမ့်ပန်မြစ်ကြီးဟာ စီး ဆင်းရာမြစ်ရိုးတစ်လျှောက်ရှိ မြို့ရွာများအပေါ် ကောင်းကျိုးများစွာပေးသည့်အပြင် ရှမ်းပြည် နယ်ကြီးကိုလည်း ရှေ့ဆက်ပြီး ကောင်းကျိုးများ စွာ ပေးနေပါဦးမည်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ် တောင်း၊ သံလွင်ဆိုတဲ့ မြစ်ကြီးလေးစင်းသည် လည်း အမိမြန်မာပြည်အတွက် အသက်သွေး ကြောများဖြစ်ပါသည်။ အမိမြန်မာပြည်အတွင်း စီးဆင်းသော မြစ်ချောင်းများ အားလုံးသည် သဘာဝက ပေးထားသော အဖိုးတန် လက် ဆောင်များ ဖြစ်ပါတယ်။ ထိုမြစ်ချောင်းများကို ဟန့်တားသူ၊ ဖျက်ဆီးသူများဟာ မြန်မာပြည် ကို ဖျက်ဆီးသူနဲ့တူပါတယ်။ မြစ်ချောင်းအင်း အိုင်များရဲ့ တန်ဖိုးကို သိရှိနားလည်သူများ၊ ထိန်းသိမ်းစောင့်ရှောက်သူများဟာ အမိမြန်မာ ပြည်ကို ချစ်မြတ်နိုးသူများဖြစ်ပါတယ်။ နမ့်ပန် မြစ်ကြီးဟာလည်း ကျွန်မတို့ ရှမ်းပြည်အတွက် တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်မအလွန်ချစ်သော၊ ကျွန်မ အလွန်တန်ဖိုးထားသော နမ့်ပန်မြစ်ကြီး ၏ ကျေးဇူးတရားများကို သတိရတမ်းတခြင်း များစွာဖြင့် ဤဆောင်းပါးကို ရေးသားလိုက်ရပါသည်။         
.

No comments:

Post a Comment

Recent Tube