ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါဒက စာမေးပွဲတော်ကြီး ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါဒက စာမေးပွဲတော်ကြီး ကျင်းပမည်


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် ပရိယတ္တိပါဒက စာမေးပွဲတော်ကြီးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက်မှ ၂၅ ရက်အထိ ဟိုပုံးမြို့၊ ဖာလွိုင်ဗွေလွန်း ကျောင်းတိုက်တွင် ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ဟိုပုံးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါဒက စာမေးပွဲတော်ကြီး ကျင်းပရန်အတွက် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ဟိုပုံးမြို့၊ တုံခမ်းကျောင်းတိုက်၌ မြို့နယ်သံဃာ့နာယက ဥက္ကဌနှင့်တကွ မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များ၊ ဌာနဆိုင်ရာ၊ ဒါယကာ/ဒါယိကာမများ၊ မြို့မိမြို့ဖများ စည်းဝေးတိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
စာမေးပွဲတော်ကြီးကို ပထမအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ စာဖြေသံဃာ ၇၃၃ ပါးဖြင့် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၂၁ ရက် အထိ စာဖြေသံဃာ အပါး ၁၂၅၀ ကျော်ဖြင့်လည်းကောင်း ဖာလွိုင်ဗွေလွန်းကျောင်းတိုက်တွင် ကျင်းပခဲ့ပြီး ယခုနှစ်မှာ တတိယအကြိမ်မြောက် ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ဟိုပုံးမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ်မြောက် ပရိယတ္တိပါဒက စာမေးပွဲတော်ကြီးတွင် ဝင်ရောက် ဖြေဆိုကြမည့် စာဖြေသံဃာ အပါး ၁၅၀၀ ကျော်အတွက် ဆွမ်းတစ်ဝိုင်းလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ စာဖြေခုံ တစ်ခုံလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ စာအောင်ပထမဆုအတွက် ကျပ် ၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ စာအောင် ဒုတိယဆုအတွက် ကျပ် ၄၀၀၀ နှုန်းဖြင့်လည်းကောင်း၊ စာအောင် တတိယဆုအတွက် ကျပ် ၃၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ခဲဘွယ်အလှူအတွက် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ရေသန့်ဖျော်ရည် အတွက် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် လည်းကောင်း တတ်စွမ်းသမျှ ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ကြောင်းနှင့် လှူဒါန်းလိုသူများအနေဖြင့် ဟိုပုံးမြို့၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက် ဖုန်း - ၀၉ ၄၁၀၁၀၂၆၇ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
.

Journal Download

Photo of three cats