အောင်ပန်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးစဉ် ဓားဖြင့် ပြန်လည်ခုခံသဖြင့် ၀ိုင်းဝန်းထိန်းသိမ်းခဲ့ရဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးစဉ် ဓားဖြင့် ပြန်လည်ခုခံသဖြင့် ၀ိုင်းဝန်းထိန်းသိမ်းခဲ့ရဟု ဆို


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းတွင် ဖေဖော်ဝါရီလ ၁၀ ရက် ညနေပိုင်းက မူးယစ်ဆေးဝါး သတင်းအရ ဖမ်းဆီးရာမှ တရားခံတစ်ဦးမှ ဓားဖြင့် ပြန်လည် ခုခံသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ၀ိုင်းဝန်း ထိန်းသိမ်းခဲ့ရကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.
သူ့ကို လက်နက်မှုနဲ့ပါ ထပ်ဖြည့်အမှု ဖွင့်ပါတယ်၊ ခရိုင်မှာ ထပ်ဖြည့်ပါတယ် ၂၂(ခ) ပါ။ တရားရုံး တင်ရင်လည်း လက်နက်နဲ့ ခုခံမှုပါ ထပ်စွဲဖို့ ရှိပါ့မယ်ဟု အောင်ပန်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် စိုးဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

မူးယစ်တပ်ဖွဲ့စု(တောင်ကြီး)မှ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ သတင်းအရ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ နယ်မြေ(၁)နေ အောင်ဇော်မျိုးထွန်း၊ (၁၈)နှစ် ၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေစဉ် နေအိမ် အပေါ်ထပ်မှ ပြေးဆင်းလာသူ အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ မင်းကူလမ်းနေ မနှင်းအိဝေ (ခ) ငြိမ်းအိနှင့် အောင်ပန်းမြို့၊ ပြည်ကျော်ရပ်ကွက်၊နေ အောင်လွင်မိုး (ခ) အငယ်ကောင်တို့ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရှာဖွေရာ နှင်းအိဝေထံမှ မူးယစ်ဆေးပြား ၁၈၀ ကို တွေ့ရှိရပြီး၊ အိမ်ရှင်ဖြစ်သူ အောင်ဇော်မျိုးထွန်းနှင့် ဇနီးချမ်းမြေ့သူ တို့၏ အိပ်ခန်းကို ရှာဖွေရန် ၀င်ရောက်စဉ် အောင်ဇော်မျိုးထွန်းမှ အရိုးအသွား ၁၀ လက်မရှိ ဓားဦးချွန်ဖြင့် ပြန်လည် ခုခံသောကြောင့် ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်း ဖမ်းဆီး ထိန်းသိမ်းခဲ့ရခြင်း ဖြစ်ပြီး ယင်းအိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြား ၉၀ ပြားကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။
.
ယင်းကဲ့သို့ မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း (၄)ဦးအား အောင်ပန်း နယ်မြေရဲစခန်းမှ မယ(ပ) ၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁/၂၂(ခ) တို့ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။

Journal Download

Photo of three cats