သီပေါတွင် ရှေ့မှဆိုင်ကယ်ကို ကျော်တက်ရန် ဟွန်းတီးသည့် မော်တော်ယာဉ်ကြောင့် ဆိုင်ကယ်လဲကျကာ ကားဘီးနှင့် ကြိတ်မိသဖြင့် ကျောင်းသားတစ်ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, February 5, 2019

သီပေါတွင် ရှေ့မှဆိုင်ကယ်ကို ကျော်တက်ရန် ဟွန်းတီးသည့် မော်တော်ယာဉ်ကြောင့် ဆိုင်ကယ်လဲကျကာ ကားဘီးနှင့် ကြိတ်မိသဖြင့် ကျောင်းသားတစ်ဦး သေဆုံး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၄ ရက်၊ ညနေပိုင်းက မော်တော် ယာဉ်တစ်စီးမှ ဆိုင်ကယ်အား ကျော်တက်ရန် ဟွန်းတီးစဉ် ဆိုင်ကယ်မောင်းနှင်သူ လန့်၍ ဆိုင်ကယ်လဲကျသွားပြီး နောက်မှ လိုက်ပါလာသည့် ကျောင်းသားတစ်ဦးအား ကားနောက်ဘီးဖြင့် ကြိတ်မိကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
“ဘယ်လောက်ပဲ ပညာပေးတွေလုပ်လုပ် ကိုယ်တိုင်လိုက်နာဆင်ခြင် မောင်းနှင်ကြမှသာ အန္တရာယ်ကင်းဝေးမှာ ဖြစ်ပါတယ်” ဟု အမှတ် (၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ သီပေါ(တပ်ဖွဲ့စိတ်)မှ ယာဉ်ထိန်းတပ်ကြပ်ကြီး ဝင်းဇော်လတ် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မန္တလေး-လားရှိုးလမ်း၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအနီး၊ မိုင်တိုင်အမှတ် ၁၂၅/၆ နှင့် ၁၂၅/၇ အကြားတွင် ဖေဖော်ဝါရီလ ၄ ရက်၊ ညနေ ၄ နာရီခွဲခန့်က လားရှိုးဘက်မှ ကျောက်မဲဘက်သို့ မကွေးတိုင်းဒေသကြီးနေ ထွန်းထွန်းနိုင် မောင်နှင်ပြီး ဂေါ်ဒန်ကျောက်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ်သည် ရှေ့မှမောင်းနှင်နေသော သီပေါမြို့၊ စံဖိတ်ကျေးရွာနေ မမြင့်မြင့်အေး မောင်းနှင်လာပြီး ၎င်း၏မောင်များဖြစ်သော မောင်ဖြိုးထက်ကျော် (၁၁ နှစ်) နှင့် မောင်ဟိန်းထက်အောင် (၁၄ နှစ်)တို့ လိုက်ပါစီးနင်းလာသော မော်တော်ဆိုင်ကယ်အား ကျော်တက်ရန် ဟွန်းတီးစဉ် ဆိုင်ကယ်မှာ လဲကျတိမ်းမှောက်သွားခဲ့ပြီး မောင်ဟိန်းထက်အောင်အား ကားနောက်ဘီးဖြင့် ကြိတ်မိသဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ပြီး မောင်ဖြိုးထက်ကျော်မှာ မစိုးရရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
“ကလေးတွေက ရွာအနီးက ရေချိုးပြန်လာတာပါ။ တရုတ်နှစ်သစ်ကူးဆိုတော့ သင်္ဂြိုဟ်ဖြစ်ချင်မှဖြစ်မယ်။ အအေးခေါင်းနဲ့ထားပြီး နောက်နေ့မှ သင်္ဂြိုဟ်နိုင်အောင် အကြံပေးခဲ့ပါတယ်” ဟု အဆိုပါဖြစ်စဉ်တွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သူ နယ်စည်းမခြားလူမှုကူညီရေးအသင်းမှ ကိုမျိုးက ပြောသည်။
.
သို့ဖြစ်၍ မဆင်မခြင်မောင်းနှင်ပြီး လူထိခိုက်ဒဏ်ရာရရှိသေဆုံးစေသူ ယာဉ်မောင်း ထွန်းထွန်းနိုင်အား သီပေါမြို့မ ရဲစခန်းမှ ယာဉ်(ပ)၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube