အေးခဲအသား(အစို)နှင့် အေးခဲ ရေထွက်ကုန်ပစ္စည်းများ နယ်စပ်မှ တင်သွင်းခွင့် ပိတ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးခဲအသား(အစို)နှင့် အေးခဲ ရေထွက်ကုန်ပစ္စည်းများ နယ်စပ်မှ တင်သွင်းခွင့် ပိတ်မည်


မင်းဇော်မင်း
.
အေးခဲအသား (အစို)နှင့် အေးခဲရေထွက်ကုန်ပစ္စည်းများ၊ အသား အမျိုးမျိုးနှင့် ရေထွက်ကုန်ပစ္စည်းများကို အခြေခံ အသုံးပြုထုတ်လုပ်ထားသော အစားအသောက်ကုန်ပစ္စည်းများကို လာမည့် မတ်လ ၁ ရက်မှ စတင်၍ တင်သွင်းခွင့်ပြုတော့မည် မဟုတ်ဘဲ ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့် ပြုတော့မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 
.
.
နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် စားသုံးသူဘေးကင်းလုံခြုံရေး စစ်ဆေးမည့် ဓာတ်ခွဲခန်းများပြည့်စုံမှု မရှိသည့်အတွက် ယခုလို တင်ပို့ခွင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်းနှင့် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ EC အစည်းအဝေး (၃/၂ဝ၁၉) ဆုံးဖြတ် ချက်အရ ပိတ်ပင်ရခြင်းဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။
.
''တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်တာပါ။ ရေကြောင်းကတော့ သယ်ခွင့်ရပါတယ်။ တာချီလိတ်နယ်စပ် အနေနဲ့လည်း ဒီညွှန်ကြားချက်က အ ကျုံးဝင်ပါတယ်။ စားသောက်ဆိုင်တွေ မှာရောင်းချနေတဲ့ အသားတွေ အတွက်ကတော့ နယ်စပ်ကတင်သွင်းမှုနဲ့ ဆိုင်မှာဖြစ်ပါတယ်''ဟု တာချီလိတ် အခြေစိုက် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်သင်းသင်းခိုင်က ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကြေညာချက်မှာ ကုမ္ပဏီများ သာမက တင်သွင်းသူအားလုံး တစ်နိုင်ငံလုံး အတိုင်းအတာအထိ သက်ရောက်သည့်အတွက် တာချီလိတ်နယ်စပ်ကုန်သွယ်ရေး အနေဖြင့် လာမည့် မတ်လ ၁ ရက် မှစကာ ကြေညာချက်ပါ ရည်ညွှန်း စားသောက်ကုန်များကို တင်သွင်းခွင့် ပြုမည်မဟုတ်တော့ကြောင်း ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။
.
အလားတူ ကျိုင်းတုံခရိုင်စားသုံး သူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးကလည်း'' နေပြည်တော် ကနေ ခွင့်ပြုပေးတဲ့ ဒီအသားတွေ တင်သွင်းတဲ့ ကုမ္ပဏီ ၃ ခု ရှိတယ်။ မိုင်းလား၊ တာချီလိတ်ဘက်က ကြက်တောင်ပံ၊ ကြက်သား စတာတွေနဲ့ ရေထွက်ပစ္စည်းတွေ တင်သွင်းတာတွေပါ။ အကျုံးဝင်ပါတယ်၊ ဒါပေမဲ့ ရေလမ်းကြောင်း ကတော့ ခွင့်ပြု ထားပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဓာတ်ခွဲခန်းများအနေဖြင့်မူ ကျိုင်းတုံတွင် FDA မှ ဆောက်လုပ် သည့် ဓာတ်ခွဲခန်းအဆောက်အဦ ပြီးစီးပြီ ဖြစ်သော်လည်း စစ်ဆေးသည့် စက်ကိရိယာများ မရှိသေးကြောင်း ၎င်းက ပြောသည်။
.
မူဆယ်နယ်စပ်ဂိတ်တွင်မူ အေးခဲ အသားဖြစ်သော ဘဲသားကိုသာ အဓိက တင်သွင်းခွင့်ပြုထားရာ ယခု ညွှန်ကြားချက်အရ ခွင့်ပြုရန် မရှိတော့ဘဲ လားရှိုး-မူဆက်ဘက်တွင် ဓါတ်ခွဲခန်း ဆောက်လုပ်ရန်ရှိပြီး မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများဖြစ်သော ဂဏန်း၊ ငါးရှဥ့် စသည်တို့ကို တင်ပို့နေခြင်း များရှိကြောင်း လားရှိုးခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းသန့်က ပြောသည်။
.
အဆိုပါ ကန့်သတ်အသားများအား နယ်စပ်ဒေသများတွင် ဓာတ်ခွဲခန်းများ ပြည့်စုံစွာတပ်ဆင်ပြီးပါက နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ပြန်လည် တင်သွင်းခွင့်ပြုရန်ရှိကြောင်း နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဖေဖော်ဝါရီလ ၁၃ ရက်တွင် မီဒီယာများသို့ ပြောကြားထားသည်။
.
တရုတ်နိုင်ငံတွင်ဖြစ်ပွားနေ သည့် အာဖရိက ဝက်တုပ်ကွေးရော ဂါကြောင့် ဝက်နှင့် ပတ်သက်သည့် အေးခဲအသား၊ အသားပြားများ တင်သွင်းခွငိ့ကို ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ လမှ စတင်ကာ ကုန်သွယ်ရေးဦးစီးဌာနမှ ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
.

Journal Download

Photo of three cats