တောင်ကြီးမြို့မဈေးအတွင်းသို့ မော်တော်ယာဉ်များ ဝင်/ထွက်သွားလာခွင့် မပြုထားသော်လည်း ဆိုင်ကယ်အချို့ သွားလာမှုများ ရှိနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, February 9, 2019

တောင်ကြီးမြို့မဈေးအတွင်းသို့ မော်တော်ယာဉ်များ ဝင်/ထွက်သွားလာခွင့် မပြုထားသော်လည်း ဆိုင်ကယ်အချို့ သွားလာမှုများ ရှိနေ



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မဈေးကြီးအတွင်းသို့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ ဝင်ထွက်သွားလာခွင့် မပြုထားသော်လည်း မော်တော်ဆိုင်ကယ်အချို့မှာ ဝင်ထွက်သွားလာမှုများရှိနေသည်ဟု သိရသည်။
.
.
'' ဆိုင်ကယ် တွေကတော့ နေ့တိုင်းလိုလို ဝင်ထွက်သွားလာ နေကြတာပါပဲ။ ဈေးဝယ်လာတဲ့ သူတွေကတော့ မဟုတ်ဘူး။ ဈေးထဲမှာ ဆိုင်ခန်းဖွင့်ထားကြတဲ့ လူတချို့ကပဲ မောင်းဝင်ပြီး သွားလာနေကြတယ်။ ပြီးရင် သူတို့ဆိုင်ခန်းတွေ ရှေ့မှာ ရပ်ထားကြပါတယ်။ ဈေးထဲမှာ လူပါးချိန်ဆိုရင် သိပ်ပြီးတော့ ကိစ္စမရှိပေမယ့် ဈေးနေ့လိုမျိုးနေ့တွေ ဆိုရင်တော့ သွားရ လာရတာ အရမ်းဒုက္ခရောက်ပါတယ်။ အဲဒါတွေကို စနစ်တကျနဲ့ ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေပါတယ်'' ဟု တောင်ကြီးမြို့ဒေသခံ ကိုစိုင်းအေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြို့မဈေးအတွင်း၌ ယင်းကဲ့သို့ မော်တော်ဆိုင်ကယ်များ ဝင်ရောက်မှုကြောင့် အများပြည်သူများအတွက် စိတ်အနှောင့်အယှက် ဖြစ်ပေါ်နေရကာ သွားလာရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံပြည်သူများ က ပြောဆိုလျက်ရှိသည်။
.
ယင်းကိစ္စနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့မဈေးတာဝန်ခံ ဦးခင်အေးက ''ကျွန်တော်တို့ ဈေးအတွင်းကိုမော်တော် ယာဉ်ဝင်ထွက်သွားလာ ခွင့်ပြုထားတာ မရှိပါဘူး။ ဆိုင်ကယ်တွေလည်း ဝင်ရောက်ခွင့် ပြုထားတာမရှိပါဘူး။ ဆိုင်ကယ်တွေ ဝင်ထွက်သွားလာနေတာကို တွေ့တယ်၊ မြင်တယ်ဆိုရင်တော့ အရေးယူပါတယ်''ဟု ပြောသည်။
.
တောင်ကြီး မြို့မဈေးသည် တောင်ကြီးမြို့၏ အဓိကကုန်စည် စီးဆင်းရာ နေရာတစ်ခုဖြစ်သည့် အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများသို့ ကုန်စည်ပို့ဆောင်ရာ အချက်အချာ နေရာတစ်ခုလည်း ဖြစ်သည်။ မြို့မဈေးအတွင်းရှိ ဈေးရုံပေါင်း ၁၉ ရုံ၌ ဆိုင်ခန်းပေါင်း ၁၈၁၃ ခန်း ဖွင့်လှစ် ရောင်းချလျက် ရှိကာ လစ်လပ်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၁၉ဝဝ ကျော် ရှိပြီး ပျံကျဈေးသည် ၁ဝဝဝ ခန့်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube