မိုင်းတုံတွင် ရန်ငြှိုးကြောင့် လူသတ်ကာ အလောင်းဖျောက်ထားသည့်အမှုမှ တရားခံများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, February 12, 2019

မိုင်းတုံတွင် ရန်ငြှိုးကြောင့် လူသတ်ကာ အလောင်းဖျောက်ထားသည့်အမှုမှ တရားခံများ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြိုနယ်၊ နားကောင်းမူးကျေးရွာတွင် ရန်ငြှိုးကြောင့် လူသတ်ကာ အလောင်း ဖျောက်ဖျက်ခဲ့သည့် အမှုမှ တရားခံများကို ဖမ်းဆီးရမိခဲ့ပြီး အမှုမှန် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
.
.
“တရားခံတွေကို စစ်ဆေးတော့ ရန်ငြှိုးကြောင့်သတ်တယ်လို့ သိရတယ်။ အမှန်တော့ သူတို့ကအထင်နဲ့ သတ်တာ တွေ့ရတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှ မှ အစီရင်ခံစာအပြည့်အစုံရေးတင်ရမှာပါ”ဟု နားကောင်းမူး နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်မိုးနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နားကောင်းမူကျေးရွာ၊ ရပ်ကွက် (၂)နေ မောင်ဝင်း (ခ) ကျလား အသက်(၁၄)နှစ်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်ဖြင့် အိမ်မှ ထွက်သွားရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ၎င်း၏ ဖခင်ဖြစ်သူ ဦးကျော်ဝင်း မှ စုံစမ်းရှာဖွေနေစဉ် ဖေဖော်ဝါရီ ၆ ရက်၊ ညနေပိုင်းတွင် တစ်ရွာတည်းနေ ကိုမျိုးမင်းထိုက် (၄၂ နှစ်)ဆိုသူမှ နားကောင်းမူးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခွဲခန့်အကွာရှိ နားကောင်းမူး-မုံးထသွားကားလမ်း ယာဘက် ၅ ဖာလုံခန့် အကွာ တောအတွင်း လူသေအလောင်း တွေ့ရှိခဲ့၍ ၎င်း၏သား ဖြစ်နိုင်ကြောင်း လာရောက် ပြောကြားသဖြင့် အလောင်းတွေ့ရှိရာသို့ မြို့နယ်တရားသူကြီး၊ ပုံပါကျင်ဆေးရုံမှ ဆရာဝန်ကြီး၊ ကျေးရွာအုပ်ချုပ်ရေး စသည့်သက်သေများဖြင့် သွားရောက်တူးဖော်စစ်ဆေးခဲ့ရာ အလောင်းမှာ ပျောက်ဆုံးနေသူ မောင်ဝင်း (ခ) ကျလား ဖြစ်ကြောင်း သိရပြီး ဆရာဝန်ကြီး၏ စစ်ဆေးချက်အရ သေသူမှာ ဦးခေါင်းခွံနောက်စေ့ကွဲအက်ဒဏ်ရာဖြင့် သေဆုံး ရခြင်းဖြစ်ကြောင်း ထင်မြင်ချက်ပေးသဖြင့် လူသတ်ကာ မြေမြှုပ်အလောင်းဖျောက်ခဲ့သူအား စုံစမ်းဖော်ထုတ်နိုင်ရန် နားကောင်းမူး နယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းအမှုမှ မသင်္ကာသူများ အားစုံစမ်းရာ ဒီဇင်ဘာ ၉ ရက်က သေဆုံးသူ မောင်ဝင်းအား ခေါ်ဆောင်သွားသူများ ဖြစ်ကြသည့် တစ်ရွာတည်းနေ ကျလား (၂၀ နှစ်) နှင့် ရှေလ(ခ) ထီးနား (၂၆နှစ်) ကို စစ်မေးရာ ပထမတွင် ဆိုင်ကယ်ပေါ်မှ မတော်တဆပြုတ်ကျသေသဖြင့် မြှုပ်ခဲ့သည်ဟု ထွက်ဆိုနေကြရာမှ နောက်ပိုင်းတွင် သေသူမှာ လွန်ခဲ့သည့် ၄ လခန့်က အုပ်စု လိုက်ရန်ဖြစ်မှုတွင် တစ်ဖက်အုပ်စုမှ ပါဝင်သည်ဟုယူဆကာ ၁၀ ရက်၊ နံနက် ၄ နာရီခွဲခန့်တွင် ကျလားမှ ဆိုင်ကယ်ဖြင့် တင်ဆောင်လာပြီးနောက် ကျလားမှ တုတ်ဖြင့် ၃ ချက်၊ ထိန မှ တုတ်ဖြင့် ၂ ချက် ဦးခေါင်းကိုရိုက်သတ်ပြီးနောက် အနီးရှိ မီးသွေးဖုတ်သည့်နေရာတွင် အလောင်းကို မြေမြှုပ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်ဟု သိရသည်။
.
အဆိုပါ လူသတ်အလောင်းဖျောက် တရားခံများဖြစ်သည့် ကျလားနှင့် ရှေလ (ခ) ထီးနား တို့ ၂ ဦးကို မိုင်းတုံမြို့မ ရဲစခန်းတွင်ချုပ်နှောင်ထားရှိပြီး တရားစွဲဆိုတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube