နမ့်စမ်တွင် နေအိမ်မှ ၁၅ ရက်ကြာ ပျောက်ဆုံးနေသူကို ကြိးဆွဲချသေဆုံးထားသည့် အနေအထားဖြင့် ပုပ်ပွလျက် ပြန်လည်တွေ့ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, February 17, 2019

နမ့်စမ်တွင် နေအိမ်မှ ၁၅ ရက်ကြာ ပျောက်ဆုံးနေသူကို ကြိးဆွဲချသေဆုံးထားသည့် အနေအထားဖြင့် ပုပ်ပွလျက် ပြန်လည်တွေ့ရှိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စမ်မြို့တွင် နေအိမ်မှ ၁၅ ရက်ကြာ ပျောက်ဆုံးနေသည့် အမျိုးသား တစ်ဦးကို ဖေဖော်ဝါရီလ ၁၇ ရက်၊ မွန်းလွဲပိုင်းက အမှတ် (၅) ရပ်ကွက်၊ ဘောလုံးကွင်းအိမ်သာအတွင်း ကြိုးဆွဲချ သေဆုံးထားသည့် အနေအထားဖြင့် ပုပ်ပွလျက် ပြန်လည်တွေ့ရှိခဲ့ရပြီး နမ့်စန်မြို့မရဲစခန်းနှင့် မိသားစုများ ခွင့်ပြုချက်ဖြင့် မေတ္တာရှင်နာရေးကူညီမှုအသင်းမှ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းဝင် နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးနေဇော်နိုင်ထံက သိရသည်။
.
.
“အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးက အကြောင်းကြားလာတာနဲ့ ချက်ခြင်းသွားခဲ့ပါတယ်။ အလောင်းက ပုတ်ပွပြီး လောက်တွေတက်နေတာဖြစ်လို့ အတော်သယ်ဆောင်ခဲ့ရပါတယ်။ ခွင့်ပြုချက်ရတာနဲ့ ချက်ခြင်း မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်” ဟု ဦးနေဇော်နိုင်က ပြောသည်။
.
နမ့်စမ်မြို့၊ အမှတ် (၅) ရပ်ကွက်မှ ဆယ်အိမ်မှူး ဦးတင်ဖေသည် ဖေဖ်ာဝါရီလ ၁၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က ဘောလုံးကွင်း ပွဲကြည့်စင်အောက် အခန်းများအတွင်းမှ ပုပ်နံ့ ရရှိသည်ဟု အကြောင်းကြားလာသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသူရကျော်မှ သွားရောက်ကြည့်ရှုရာတွင် ပိတ်ထားသည့် အခန်းကို တူရွင်းဖြင့် ကော်ဖွင့်၍ ကြည့်ရှုရာမှ အိမ်သာခန်းအတွင်း၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရသည့်အတွက် နာရေးကူညီမှုအသင်းနှင့် သက်ဆိုင်ရာရဲစခန်းသို့ သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ပွဲကြည့်စင်အောက်မှာ အခန်း ၂ ခန်းရှိတာ တစ်ခုက အဝတ်လဲခန်း၊ တစ်ခုက အိမ်သာခန်း၊ ဆယ်အိမ်မှူးရဲ့ ပြောပြချက်အရ ဘေးဝန်းကျင်မှာလဲ အသေကောင်မရှိတော့ ပိတ်ထားတဲ့အခန်းထဲက အနံ့လာတာဖြစ်လို့ တူရွင်းနဲ့ကော်ဖွင့်တော့ တွေ့တာပါ” ဟု အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသူရကျော်က ပြောသည်။
.
သေဆုံးသူမှာ နမ့်စမ်မြို့၊ အမှတ် (၅) ရပ်ကွက်၊ စည်ပင်ဝိုင်းနေ  မောင်ပြည့်ဖြိုး (၂၄ နှစ်) ဖြစ်ကာ လွန်ခဲ့သည့်ရက်များက ညီအကိုချင်း စကားများပြီး အိမ်မှထွက်သွားပြီးနောက်  လိုက်လံရှာဖွေသော်လည်း မတွေ့ရဘဲ အခြား နယ်လှည့်ဈေးသည်များနှင့် လိုက်ပါနေကျ ဖြစ်သည့်အတွက် ယခင်လိုပင် လိုက်ပါသွားသည်ဟု ယူဆထားရာမှ ယခုကဲ့သို့ ပုပ်ပွနေသည့်အလောင်းအဖြစ် ပြန်လည်တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် သေမှုသေခင်းအမှတ်စဉ်၊ ၁/၂၀၁၉ ဖွင့်လှစ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း နမ့်စမ်မြို့မရဲစခန်းမှ သိရှိရသည်။
.

No comments:

Post a Comment