ကျွဲကူး ရေပါ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, February 13, 2019

ကျွဲကူး ရေပါ

ကမ္ဘောဇတိုင်း
.
ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ ခေါ်ယူကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်သည် ယခုနှစ် ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ၃ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီး ဖြစ်သည်။ လွှတ်တော် သက်တမ်း ၃ နှစ်ပြည့်ရန် ၂ ရက် အလို ဇန်နဝါရီလ ၂၉ ရက်တွင် လွှတ်တော်အတွင်း၌ ထိုင်ခုံနေရာ အများစုရယူ ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်း ရန် အရေးကြီးအဆို တင်သွင်းခဲ့ပါသည်။
.
အဆိုကို ထောက်ခံဆွေးနွေးခြင်းမပြုရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်မှုများရှိခဲ့ သော်လည်း အဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် မဲခွဲအတည်ပြုနိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ယင်း အဆိုကို ဆွေးနွေးအတည်ပြုခဲ့ပြီး ယခုအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းရန် ကြိုးပမ်းနေချိန်လည်း ဖြစ်ပါသည်။ ကော်မတီဖွဲ့စည်းရေးအတွက် အစည်းအဝေးကို ပထမတစ်ကြိမ်ပြုလုပ်ရာတွင် ညိနှိုင်းမှု အဆင်မပြေနိုင်သေးဘဲ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပြန်လည်ညှိနှိုင်းဆွေးနွေးရန် ဆုံးဖြတ်ထားခဲ့ကြောင်း သိရပါသည်။
.
ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုမှာ ယခုတစ်ကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ကြံ့ခိုင်ရေးပါတီက ကြီးစိုးသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းအတွင်းကလည်းတစ်ကြိမ် ကြိုးပမ်းခဲ့ဖူးသည်။ သို့သော် ယင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသော အချက်များကို ယနေ့တိုင်    ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းနိုင်ခြင်းမရှိသေးဘဲ အချည်းအနှီးသာ ဖြစ်နေဆဲဖြစ်သည်။
.
NLD အစိုးရအနေဖြင့် လက်ကျန်သက်တမ်းအတွင်း တရားဥပဒေစိုးမိုးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က အစိုးရသက်တမ်း ၂ နှစ်ပြည့်မြောက်သည့်အချိန်တွင် ပြောကြားထားရာ ယခုအခါ ယင်းရည်မှန်းချက်များကို စတင်အကောင်အထည်ဖော်နေခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
.
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခြားနည်းလမ်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ၂ဝ၁၁ ခုနှစ်၊ ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်မှစတင်၍ ဆောင်ရွက်နေသော်လည်း ယခုချိန်အထိ NCA လုပ် ငန်းစဉ်များက ထင်သလောက် ခရီးမပေါက်နိုင်သေးသလို ၂၁ ရာစု ပင်လုံအစည်းအဝေးများကလည်း ကြန့်ကြာ နေဆဲဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေးနည်းလမ်း တစ်ခုတည်းသာလျှင် တိုင်းရင်းသားအားလုံး ပါဝင်နိုင်သောနည်း လမ်းဖြစ်ပြီး တိုင်းရင်းသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်းစစ်မီး အဆုံးသတ်ရေးစသည့် တိုင်းပြည်၏ အဓိကလိုအပ် ချက်များကို မဖြစ်မနေ ဖော်ဆောင်အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းတစ်ခုဖြစ်နေပါသည်။
.
လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်  ဒီမိုကရေစီ ဖက်ဒရယ်စံနှုန်းနှင့် ကိုက်ညီမှုမရှိဘဲ လိုအပ်ချက်များစွာ ရှိနေသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အဆင့်အတန်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်ဥပဒေပြုစာရင်း (ဇယား-၂)၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ခြင်း (ဖွဲ့စည်းပုံအခြေ ခံဥပဒေ အခန်း (၅)၊ အုပ်ချုပ်ရေး ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (က)၊ (ခ) စသည်တို့ကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီ ဖက်ဒရယ်နှင့်ဆန့်ကျင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံ၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီ ရင်ရေးဟူသော ခက်မသုံးဖြာအနက် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်များတွင် စစ်တပ်ကို အာဏာခွဲဝေပေးထား မှုကလည်း မဖြစ်မနေ ပြင်ဆင်ရမည့်အချက်များ ဖြစ်နေပါသည်။
.
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူများကလည်း ကမ်းပိန်းများ ပြုလုပ်၍ တောင်းဆိုနေကြ သည်ကို တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်လေရာ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြန်လည်ရင်ကြားစေ့ရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး လုပ်ငန်းစဉ်များ အားလုံး ကျွဲကူးရေပါဖြစ်ကာ အောင်အောင်မြင်မြင်ဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုမွန် ကောင်း တောင်းအပ်ပါသည်။  
.

No comments:

Post a Comment

Recent Tube