ကျောက်မဲစစ်ရှောင်စခန်းများတွင် လာရောက်ခိုလှုံနေသူ စစ်ရှောင် ၁၀၀၀ ကျော်အထိ ရှိလာနေပြီး မြို့အနီးဝန်းကျင် ကျေးရွာများတွင် ခိုလှုံနေမှုများလည်းရှိနေ ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, February 14, 2019

ကျောက်မဲစစ်ရှောင်စခန်းများတွင် လာရောက်ခိုလှုံနေသူ စစ်ရှောင် ၁၀၀၀ ကျော်အထိ ရှိလာနေပြီး မြို့အနီးဝန်းကျင် ကျေးရွာများတွင် ခိုလှုံနေမှုများလည်းရှိနေ ဟုဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်စခန်းများသို့ ဖေဖော်ဝါရီလ ၁၃ ရက်က စစ်ရှောင်များ ထပ်မံရောက်ရှိလာခြင်းမရှိသော်လည်း မြို့အနီးဝန်းကျင် ရွာများတွင် ခိုလှုံနေမှုများ ရှိနေပြီး မြို့ပေါ်ရှိ စစ်ရှောင်စခန်း ၃ ခုတွင် လာရောက်ခိုလှုံနေသူ ၁၀၀၀ ဦးကျော် ရှိနေကြောင်း စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ ကိုသားဇော်ထံမှ သိရသည်။
.
.
“မနေ့က ခေါက်ဝမ်းလျန်ရွာက ၂၀ ကတော့ စခန်းကို မလာတော့ဘဲ အနီးရွာမှာပဲ ခိုလှုံနေတယ်လို့ သိရတယ်။ အခုရောက်ခဲ့တဲ့ လွယ်ခေါ်ရွာဆိုရင် ကျောက်မဲနဲ့ ၃ မိုင်လောက်ပဲဝေးတဲ့ သီပေါ-ကျောက်မဲသွားလမ်းပေါ်က ရွာလေးမှာ ၈၀ လောက်က လာခိုလှုံရင်း ကြံခုတ်နေကြတယ်လို့ သိရတယ်။ စခန်းမရောက်ပေမဲ့ သူတို့ လိုအပ်တာ တွေ မေးမြန်းကူညီနေပါတယ်” ဟု ကိုသားဇော်က ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျောက်မဲမြို့မှ တောင်ဘက် ၇ မိုင်ခန့် ကွာဝေးသည့် ပန့်လော့ကျေးရွာနှင့် နမ့်ပြင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှ စတင်၍ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုဖြစ်သည့် RCSS နှင့် SSPP တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုများကြောင့် အဆိုပါကျေးရွာများနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသည့် အက်ကြီး၊ နမ့်ဝ၊ ဝိုးလုံ၊ ပုံဝိုး၊ နမ့်ကျင်လီ၊ နမ့်မဖိတ်ကျေးရွာများတွင်လည်း ပစ်ခတ်မှုများ အနည်းငယ် ရှိခဲ့ကြောင်းနှင့် နားပုံ၊ နားပိန်း၊ ကောင်းဟုန်၊ လွယ်မွန်း၊ လွယ်ဆာကျေးရွာများအထိ တိုက်ပွဲများ ရောက်ရှိလာသဖြင့် ယင်းရွာများမှ စစ်ဘေးရှောင်လာသူ စုစုပေါင်း ၁၁၁၉ ဦးအထိ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါစခန်းများသို့ ရောက်ရှိလာသည့် ဒေသခံပြည်သူစစ်ရှောင်များအား လူမှုအဖွဲ့အစည်းအသီးသီးနှင့် တပ်မတော်၊ ဌာနဆိုင်ရာများမှ လိုအပ်သည်များ တတ်စွမ်းသမျှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသော်လည်း ရက်ကြာလာမည်ဆိုပါက အခက်အခဲများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ အထောက်အပံ့များအပြင် ဖေဖော်ဝါရီလ ၁၃ ရက်ညပိုင်းတွင် ရှမ်းပြည်နယ်စစ်တမ်းကောက်ယူရေးအဖွဲ့မှ မိုင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
ထို့အတူ ကျောက်မဲမြို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် သီပေါစစ်ရှောင်စခန်းများရှိ လူဦးရေ ၈၀၀ ကျော် စစ်ရှောင်ပြည်သူများအတွက် ရိက္ခာများ လိုအပ်လျက်ရှိနေပြီး နမ္မတူမြို့ပေါ်တွင်လည်း စစ်ရှောင်များအား ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရှိရသည်။
.

No comments:

Post a Comment

Recent Tube