ရွှေအိုးရသူနှင့် ဖားပြုတ်ခေါင်း ရှိသူ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, February 3, 2019

ရွှေအိုးရသူနှင့် ဖားပြုတ်ခေါင်း ရှိသူ


ဆာယာ-လှမြင့်
.
.
အဆုံးအမပေးသူကို ဆရာဟုခေါ်ရပါသည်။ မဆုံးမလျှင် ဆရာ မမည်။
.
''ဆရာဆိုသည် စာသင်ခန်းထဲက ကျောင်းဆရာတစ်ဦးတည်းကိုပဲ ရည်ညွှန်းသည်မဟုတ်ပါ။ အကျိုးကို ရစေခြင်းငှာအပြစ်ပြ အကြောင်း ပြဆုံးမလာသူတိုင်းဆရာ စာရင်းဝင်သည်။ ရှင် တော်ဘုရားတိုင်းကလည်း နတ်လူအပေါင်းကို ''မကောင်းတာ မလုပ်နဲ့ ကောင်းတာလုပ်၊ စိတ် ကိုလည်း ဖြူအောင်ထား''ဟူ၍ ဆုံးမတော်မူပါ ၏။ ထိုအဆုံးအမကို သာသနာဟုခေါ်ပါ၏။ ကျွန်ုပ်တို့ ဆရာမြတ်ဗုဒ္ဓသည်ကား အနှိုင်းမဲ့ဆ ရာတစ်ဆူဖြစ်တော်မူ၍ ''သတ္ထာဒေဝမနုဿာနံ'' ဟူသော ဂုဏ်ထူးဝိသေသကို တစ်ဦးတည်းပိုင် ဆိုင်ပါ၏။ ''ဤအဆုံးအမတွေနှင့် တွေ့ဆုံရဖို့ ဆိုတာ အလွန်မှ ခဲယဉ်းလေ၏။ ဆုံးမကင်းကွာနေသော် ရိုင်းသွားမှာပေါ့။
.
ထိုဆုံးမသည်ကို နာယူဖို့တော့ လိုပါ၏။ နာယူသူမှာ ခံစားစုပ်ယူနိုင်စွမ်းရှိရ၏။ နာယူသူ ပဓာနအကြောင်းရင်း ဖြစ်၏။ နာယူသူကိုယ်တိုင်က မလိုက်နာ မကျင့်သုံးလျှင် အကျိုးမဲ့အကြောင်းတရားပေါ့။ မိုးဘယ်လို ရွာချပေမယ့်ရေ ခွက်မှောက်ထားပါက ရေမရ။ တောင်ကုန်းထက် မှာလည်း ရေမတင်နိုင်ဘိသို့ ဆုံးမသူက ဆုံးမ သော်ငြား ခံယူနိုင်စွမ်း မရှိပါက ဆရာနှင့် မဆိုင်ပါ။ ဆုံးမသည့်အခါ ဆေးခါးကြီးတိုက်ရသ လို မျိုးလည်းရှိတတ်၏။ သက်ရောက်ခံအပေါ် များစွာ မူတည်ပါသည်။
.
''ကျွန်ုပ်အား မည်သူဆုံးမသတိပေးနေမည် နည်း''ဆိုတဲ့ စာတစ်ကြောင်းကို ကွမ်းယာဆိုင် မှာ ချိတ်ထားတာ ကျွန်တော်ဖတ်ဖူးသည်။ မည် သူမဆို မိဘဆရာသမားတို့၏ အဆုံးအမ၊ စာ ပေကပြောတဲ့ အသံတိတ်အဆုံးအမ များနှင့် မကင်းနိုင်ပေ။ ပြောမရဆိုမရ အရွယ်တွေလည်း ဖြတ်သန်းခဲ့ရမှာပေါ့။ ခက်နေသည်က လူ့သ ဘောသည် ဆရာလုပ်တာကို မကြိုက်။ ကြောင်း ကျိုးဆီလျော်အောင် ဆုံးမပြန်တော့လည်း နား မဝင် မာနဖြင့် တင်းခံ၏။ ဒေါသစရိုက် ကြီးသူ ဆိုဆုံးမခက်ပါ၏။ ဘာနှင့် တူသလဲဆိုတော့ ဖားပြုတ်ခေါင်းရိုက်သလို ပြန်ထောင်တတ်၏။  ထိုသူတို့ကို မင်္ဂလာမဲ့သူများ၊ အသိဉာဏ်မဲ့သူ များလို့ ဆိုလိုက်တော့။
.
မင်္ဂလာရှိသူများက ဆိုဆုံးမလွယ်ကုန်၏။ စာပေမှာ ''သုဝစ''ဟု သုံးနှုန်းပါသည်။ သူတို့ သည် ဆရာပေါင်းများစွာထံမှ ရွှေနှင့်အလားတူ သော အသိဉာဏ်များ ရထား၍ ရွှေအိုးရသူများ နှင့် တူလေ၏။ သည်လိုဆိုလျှင် အကျိုးလို၍ ဆုံးမသူ ဆရာစကား မှန်သမျှကို နာယူတဲ့အခါ မှာ နားထဲက ရေထွက်ချင် ထွက်သွားပါစေ။ ထောင်နားစိုက်လိုက်ပါ။ နှုတ်လှန် မထိုးပါနဲ့။ ပြောခက်ဆိုခက်သူများမှာ အဆုံးအမ မရှိ။ အ သိဉာဏ်မရှိ။ အားကိုးစရာလည်း နတ္ထိ။ သူတို့ ကို သြဝါဒပေးမိသော်ြေ>ွမပေါက်စ နို့တိုက်ပေး သလို အဖိုးတန်နို့သည်ပင် အဆိပ်ဖြစ်သွားမည်။ ကိုယ်တွေ့လေးတစ်ခု ပြောပြချင်ပါသည်။
.
ကျွန်တော် တာဝန်ကျခဲ့ရာ အထက်တန်း ကျောင်း၏ ဘောလုံးကွင်းထဲကို ရွာသားတချို့က စနေ၊ တနင်္ဂနွေ နေ့တွေမှာ နွားတွေလွှတ်ထားသည်။ ကျွန်တော့်ကျောင်းဝင်းကို နွားခြံလိုလုပ် နေ၏။ လက်ခံနိုင်စရာ မဟုတ်။ ကျွန်တော်က နွားကျောင်းသားလေးကို ချက်ချင်းခေါ်ပြီးတော့ ''ကျောင်းထဲ နွားမကျောင်းရဘူး။ ကလေးတွေ ကာယအချိန် ဘောလုံးကန်မှာ ကျောင်းကို ရုပ်ပျက် ဆင်းပျက် ဖြစ်တယ်။ မင်းတို့ရွာက ကျောင်းပဲလေ။ ကား လမ်းဘေးကျောင်းဆိုတော့ လူမြင်မကောင်းဘူး မင်းနားလည်ပေးပါ''ဟု ပြောတော့၊ မကြိုက်တဲ့ပုံစံနှင့် ပေစောင်းစောင်း ကြည့်သည်။ တံခါးကို ဖြည်းဖြည်း ဖွင့်မရလို့ ဆောင့်ကန်တဲ့ သဘောနှင့် ''မင်းကို ရဲစခန်းဖုန်း ဆက်လိုက်ရမလား၊ ဘာလုပ်နေတာလဲ မောင်း သွားလေ'' တစ်နယ်တစ်ကျေးရွာ ဆွေမျိုးမရှိ၊ ကျောင်းကို ချစ်စိတ်နှင့် အမုန်းခံ လူဆိုးကြီး ကျွန်တော် ဖြစ်ခဲ့ရပါသည်။ ကျွန်တော့်စကား ထန်သွားခဲ့ပြီ။
.
နွားကျောင်းတဲ့ကောင် မကျေမနပ် ထွက်သွားသည်။  ရွာထဲက သူနှင့် ဆွေမျိုးနီးစပ်သူ မိုက်ရိုင်းရိုင်းကောင် တစ်ယောက်ခေါ်လာသည်။ ကျွန်တော့်ကို တာဝန်ရှိ လူကြီးတစ်ယောက်မှန်း သူမသိ၊ အသက်အရွယ်၊ ဂုဏ် သူမသိ။ ပညာပေးဆွေးနွေးဖို့ သူ့မှာ အသိဉာဏ်မရှိပါ။ အသိဉာဏ်နည်းသူကို ပညာပေးလည်း မရပါ။ ဒီ မိုကရေစီ လမ်းစဉ်ဆိုတာ အသိပညာအခြေခံ ကောင်းမှ ဖြစ်သည်။ သည်တော့ မယှဉ်အပ်သူ ကို ထိပ်တိုက်ရင်ဆိုင်မိခဲ့သည့် ဖြစ်ရပ်တစ်ခုကြောင့် ကျွန်တော့်မှာ ပူဗျာပွေခဲ့ရတော့သည်။
.
ငတုံးက ခေါ်လာသော နောက်ငတုံးက တုတ်ဆွဲလျက် ကျွန်တော့်ကို ပထမမိုက်မိုက် ကန်းကန်း စကားတွေ ပြောလာသည်။ သူ့ကိုကျွန် တော်ဘာမှ ပြောစရာမရှိပါ။ ပြောနေလျှင် ဒေါ သ ပွားရုံပဲ ရှိမည်။ တုတ်နဲ့ ရိုက်မယ်လုပ်၏။ ကျွန်တော့်လက်ထောက်က ကာထားလိုက်ပါ သည်။ ''ဒါ ကျောင်းအုပ်ကြီးကွ'' ထိုအသံကြား မှ ကျောင်းနားရှိ ရဲစခန်းက ရဲတွေ ဝိုင်းဆွဲဖယ် ထုတ်လိုက်၏။ မြွေကိုမှ နို့တိုက်မိလေခြင်း။
.
ပုံပြင်တိုလေးရှိ၏။ မိုးတွေရွာသော နေ့တစ် နေ့မှာ တောအုပ်ထဲက ငှက်တစ်ကောင်သည် သူ့အသိုက်မှာပဲ မိုးခိုနေပါသတဲ့။ မျောက်တစ် ကောင်ကတော့ မိုးရေထဲမှာ သည်အတိုင်းသစ် ကိုင်းမှာ ထိုင်နေသည်။ ငှက်ကမြင်လေတော့ ''အဆွေမျောက် မိုးထဲရေထဲ မနေပါနဲ့ အမိုးအ ကာရှိတဲ့ နေရာလေး လုပ်ပါလား။ ပျင်းမနေပါ နဲ့'' ထိုစကားကို မျောက်က နားမဝင်။ ''ဟေ့  ငှက်စုတ် ငါက မြေပျောက်မှာစိုးလို့ ညတိုင်းမြေ ကြီးကို (၃)ခါလောက် စမ်းကြည့်တဲ့ကောင် မင်း မသိဘူးလား။ ငါ့ကို ဆရာမလုပ်နဲ့ကွ'' ငှက် သိုက်ကို ဖျက်ဆီးပစ်လိုက်ပါ၏။ ပုံပြင်အရတွေး မိသည်က အချိန်မတန်လျှင် ဆုံးမလို့ မရသေးပါလား ဆိုတာမှန်ပါ၏။
.
ဆုံးမလွယ်သူကို ခံစားကြည့်ပါစို့။ သူကား သားတော် ရာဟုလာပါပဲ။ သူသည် မိုးလင်း သည်နှင့် သဲကိုဆုပ်ကိုင်ကာ ဤသဲနှင့်အမျှ ဘုရားရှင်၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန်အစရှိ မထေရ်မြတ်တို့၏ အဆုံးအမကို ခံယူချင်သည် ဟု တိုင်တည်ပါသတဲ့။ သူ့ထူးခြားချက်မှာ သူ့ ကိုဆုံးမသော် တစ်ခွန်းတည်းနှင့် ပြီးပါ၏။ ဖား ပြုတ်လို ခေါင်းပြန်မထောင်တတ်ပါ။ အဆုံးအမ အလွယ်ဆုံး နိုဘယ်ဆုရှိလျှင် သူရထိုက်ပါ၏။ တစ်နည်းအားဖြင့် မေတ္တာသမားတိုင်း ဆုံးမလွယ်၏။ ''မှန်ရင်လက်ခံ မှားရင်လည်း ခွင့် လွှတ်ပါ''ဆိုတဲ့ ဝစီပိတ်ဆရာတော်ရဲ့ ကဗျာ လေးက မေတ္တာဆန်လွန်းသည်။ ထို့ကြောင့်အ ဆုံးအမ လွယ်သူတို့ရဲ့ မေတ္တာနယ်မြေ ငြိမ်းချမ်း သာယာနေလေတော့သည်။
.
မိဘနှင့်သမီး၊ ဆရာတပည့်၊ လူငယ်လူကြီး ဆက်ဆံရေးမှာ ဆိုပြောရလွယ်သူ သားသမီး၊ တပည့်လူငယ်တွေ မရှိဘူးလား။ ရှိပါလိမ့်မည်။ သို့သော် သားသမီးကြောင့် စိတ်ဆင်းရဲရတဲ့ မိဘတွေက များနေတာလည်း အမှန်ပဲ။ အမွေ ပြတ် စွန့်လွှတ်ခြင်း၊ စုံစမ်းခြင်း သည်းခံပါဆိုသည့် သတင်းဆိုးတွေ သတင်းစာနောက်ကျောမှာ တွေ့နေရဆဲပါ။ မဖြစ်ကောင်းပါ။ လူအဖွဲ့အ စည်း ပျက်စီးသွားမည်။ ဘာသာရေးကလည်း ဆုံးမ၏။ ကျိုင်းတုံလွိုင်မွေ အထကမှာ တာဝန်ကျစဉ် ကျွန်တော့်ကျောင်းမှာ ခရစ်ယာန်ကျောင်းက ကလေးတွေရှိ၏။ ခရစ်ယာန်ဘာသာက ဆုံးမထားတဲ့ စာတစ်ကြောင်း ဖတ်မိသည်။ Don't worry about tomorrow, I will support for you ဘုရားသခင် အဆုံးအမပါ။ သူ တို့က ဘုရားသခင် ကျွန်တော်တို့က ကံတရား၊ support လုပ်တာချင်း အတူတူပါပဲ။ မတူတာဖယ် တူတာကိုသာ ကြည့်တတ်ပါစေ။ ဗုဒ္ဓဘာ သာမှာတော့ ''သီလသမာဓိပညာ''ဆိုတဲ့ လောကီ လောကုတ် သာသနာ အဆုံးအမတွေ ထွန်း လင်းတောက်ပဆဲ ရှိနေသလို မြန်မာ့စာပေထဲ က သားရွှေဥ ဆုံးမစာ၊ ပုတ္တောဝါဒ အစရှိစွာ မနည်းလှပါ။ မဖတ်ကြ။ လူအများစုက ဖုန်းကို ပွတ်သပ်ရင်း အချိန်တွေ လေလွင့်ကုန်ကြသည်။ စာအုပ်စာပေ လူ့မိတ်ဆွေတွေကို ပစ်ပယ်၍ ဖတ်ရှုလေ့လာချိန် မပေးတော့ပါ။ အစွန်းရောက် သွား၏။
.
မိမိအား ရဟန်းရှင် လူကဖြစ်စေ၊ စာပေက ဖြစ်စေ အဆုံးအမပေးလျှင် မိတ်ဆွေပဲ။ အဆုံး အမ မပေးဘဲ အလိုလိုက်အကြိုက်ဆောင်သူ ကတော့ မိတ်ဆွေမဟုတ်။ ရန်သူသဘောဆောင် သည်။ ရန်သူတွေကြား နေမည့်အစား တစ်ယောက်တည်းနေရသည်က ပို၍ကောင်းပါ၏။ စာအုပ်ကောင်း အဖော်ရှိနေလျှင် အထီးကျန် မဖြစ်ပါ။ ဤတွင် အပြစ်ပြဆုံးမတာ မဟုတ်ဘဲ ပါဝါသုံးဆုံးမတာမျိုးကလည်း မလျော်ကန်ပါ ဘူး။ ငါပြောတာ နားထောင် တစ်ခွန်းမှ ပြန်မပြောနဲ့လို့ မိဘပါဝါ။ ဆရာ့ပါဝါသုံး ဆုံးမတျာိုးက စိတ်ကို နာကျင်စူးရှသွားစေတတ်၏။ ကျိုးလိုစိတ်နှင့် ဆုံးမလာသည့်တိုင် နားမဝင် တော့ချေ။ စေတနာမှန်သော်ငြား လုပ်နည်းလုပ် ဟန် လွဲနေပါ၏။ စာရေးဆရာတစ်ယောက်က Only One, but lion ဒီတစ်ကြောင်း ဖတ်လိုက် ရတာနဲ့ ကျွန်တော့်ဘဝ တိုးတက်ပြောင်းလဲသွား ခဲ့ရတယ်လို့ ဟောပြောပွဲတစ်ခုမှာ ပြောဖူးသည်။ ဤသို့နှယ် စာပေရဲ့ အရှိန်အဝါက ကြီးမားလွန်း ပါ၏။ စာပေသည် မက်ဆေ့(ခ်ျ) (သို့) အဆုံးအ မတစ်ခုတော့ပေးပါသည်။
.
ကျွန်တော်သည်လည်း အမေရိကန်သမ္မတ ဂျက်ဖာဆန်ရဲ့ အကြောင်းဖတ်ရင်း သူ့စကား တစ်ခွန်းက ကျွန်တော့်ကို အဆုံးအမပေးသွား သည်။ သူပြောတဲ့စကားတစ်ခွန်းက သူ့ဆီကို အရေးတကြီး ကိစ္စနဲ့ အကူအညီတောင်းလာတဲ့ သူကို အကြင်နာမေတ္တာဖြင့် ကူညီမပေးနိုင် လောက်အောင် သူ့ကိုယ်ရေးကိုယ်တာ ကိစ္စ တွေနဲ့ အလုပ်ရှုပ်မနေပါစေနဲ့တဲ့။ ကျွန်တော့် ဘဝင်မှာတော့ ငြိပါသည်။ လူတိုင်းက ဆရာကြီး လုပ်တာတော့ မကြိုက်ပါ။ အကြင်နာ အရင်းခံ ဖြင့်သာ ဆိုပြောပါ။ ဆုံးမပါ။ အသိဉာဏ်ရှိသူ က လက်ခံပါ၏။ ဤသို့လျှင် အကြင်နာပါ စ ကားများကို ဖတ်ရှုရသည်မှစ၍ ကျွန်တော့်ထံ အကူအညီ တောင်းလာသူကို အချိန်မဆွဲဘဲ ဆောင်ရွက်ပေးပါတော့သည်။
.
တစ်နေ့ည ၁၁ နာရီ ဖုန်းဝင်လာ၏။ ခရိုင် ရေရရှိရေး ဦးစီးမှူးတစ်ယောက်ပါ။ သူ့သမီးအ တွက် ပညာအရည်အချင်း ထောက်ခံစာလိုနေလို့ ကူညီပါတဲ့။ မနက် ရန်ကုန်သွားပြီးထောက်ခံစာ တင်ပြရမှာမို့ ဒီညရမှ ဖြစ်မယ့်အကြောင်း ညတွင်းချင်း အကူအညီတောင်းပါသည်။ မကြာခင်ဘဲ ကျွန်တော်တာဝန်ကျရာ ကျောင်းသို့ ရောက်လာသည်။ ကျွန်တော် အိုဗာတိုင်ဆင်းခဲ့ရသည်။ သူ့သမီးအတွက် သူ့မှာဇောချွေးတွေ ပြန်နေတာ မြင်နေရတော့ ကျွန်တော့်နှလုံးသား မခံနိုင်ပါ။ အရင်ကဆိုရင်ဖြင့် ခင်ဗျားအလုပ်ချိန် နားမလည်ဘူးလား ဆိုမိမည်။ ခုတော့ သမ္မတ ဂျက်ဖာဆန်ရဲ့ စကားတစ်ခွန်းက ကျွန်တော့်ကို ဆုံးမအနိုင်ယူထားလိုက်ပါ၏။ ကျွန်တော့်ဘဝ လက်ကိုင်ဆောင်ပုဒ် အဖြစ်လည်း သိမ်းပိုက်ထား လိုက်ပါပြီ။ ကြီးကြီးကျယ်ကျယ် ဆီးသီးသည် စိတ်တွေ မထားတော့ပါ။ ဂျက်ဖာဆန်ကို ကျွန်တော့်ဆရာဟု သတ်မှတ်သည်။
.
ကျွန်တော့်ကို လက်ထောက်ဆရာတွေက ရာထူးအရ ဆရာကြီးဟု ခေါ်ကြ၏။ ကျွန်တော် မသာယာပါ။ ဆရာကြီး မဖြစ်ချင်။ ခေါင်းဆောင် ကောင်းပဲ ဖြစ်ချင်သည်။ ကိုယ့်ကိုယ်ကို Instructional Leader ဟု မှတ်ယူထားသည်။ မိတ္ထီလာ တပ်မတော်ကျောင်းထွက် ကျွန်တော်သည် ကျောင်းစုဝေးပွဲမှာ စကားပြောလျှင် ''ရှင်းလား၊ ဘာမေးစရာရှိလဲ ဆက်လုပ်''ဆို တဲ့ အမိန့်ဆန်ဆန် စကားတွေပါနေတယ်။ မ ကောင်းပါဘူးလို့ လက်ထောက်ဆရာတစ်ဦးက စေတနာနှင့် ဝေဖန်ထောက်ပြ၏။ ကျွန်တော် စိတ်မဆိုးပါ။ သူ့ကို အလွန်ကျေးဇူးတင်သည်။ မှားတတ်သည်က လူပဲလေ။ သူ့စကားကြောင့် ကျွန်တော့်စကားသံ တဖြည်းဖြည်း အမိန့်သံတွေ ပျောက်ကုန်၏။ ပြစ်မျိုးမှဲ့ မထင် ကျွန်တော်မဟုတ်ပါ။ အပြုသဘော ဆောင်တဲ့ ဝေဖန်ခြင်းကို ဆုံးမသည်။ မေတ္တာနှင့် ထောက် ပြသည်ဟု သဘောထားပါသည်။
.
မည်သူမဆို လူကြီးသူမ ဆုံးမစကားတွေ ငယ်စဉ်က နားထောင်ရင်းဖြင့် ကြီးပြင်းလာမည် ဆိုက လူကြီးလူကောင်း လူလိမ္မာတွေ ဖြစ်လာ မယ်ဆိုတာ အငြင်းပွားဖွယ် မရှိပါ။ ရှင်ဘုရင် ဖြစ်ရန် ကြန်အင်လက္ခဏာရှိတဲ့ မောင်လွင်သည် ငါးခြောက်ပြားကိုပင် မထိန်းသိမ်းနိုင်ရကောင်း လားဆိုပြီး အပြစ်ပြ ဆုံးမခဲ့တဲ့ ဆရာတော်ကျေး ဇူးကြောင့် နောင်သောအခါ သာသနာပြု မင်း တုန်းမင်းကြီး ဖြစ်လာရပေသည်။ ဤသို့ သမိုင်းအထောက်အထား ရှိ၏။
.
နိဂုံးအားဖြင့် လောက၌ လဲဝါသည် ပေါ့၏။ ထို့ထက် လျှပ်ပေါ်သောသူက ပို၍ ပေါ့၏။ ဤ သည်ထို့ထက် အဆုံးအမ ခက်သူတို့က ပို၍ သာလျှင် ပေါ့၏ ဟူသော လောကနီတိစာအရ လေးနက်၍ တန်ဖိုးရှိသော ဘဝများ ရယူပိုင်ဆိုင် ခွင့်ရရန် ကြောင်းကျိုးပြ ဆုံးမလာသူများထံမှ အသိဉာဏ် ရွှေအိုးရသူများ ဖြစ်ပါစေကြောင်း။
.

No comments:

Post a Comment

Recent Tube