ဆေးရိုးလှန်းတဲ့သူတွေလို လူပုဂ္ဂိုလ်တွေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆေးရိုးလှန်းတဲ့သူတွေလို လူပုဂ္ဂိုလ်တွေ


ရဲဘော်မြသိန်း (ဟိုပုံး)
.
.
ဗိုလ်ချုပ်မိန့်ခွန်း
.
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ လူသိများပြီး ထင်ရှားတဲ့အကြောင်းခြင်းရာ တစ်ချက်ရှိပါတယ်။ အဲဒါက ဧရာဝတီတိုင်း  ဟင်္သာတနယ်ဘက်မှာ လွတ်လပ်ရေးရပြီဆိုပြီး အများပြည်သူသွားလာတဲ့ လမ်းပေါ်မှာ ထွက်ပြီး ဆေးရိုးတက်လှန်းကြတဲ့ သူတွေအကြောင်း ဖြစ်ပါတယ်။ အဲဒီလို လူတွေကို ဗိုလ်ချုပ်က စည်းကမ်းမရှိတဲ့ သူတွေဖြစ်ကြောင်း၊ လွတ်လပ်ရေးနဲ့ထိုက်တန်တဲ့ လူတွေမဟုတ်ကြောင်း၊ လမ်းသွားလမ်းလာတွေ ဂွကျကုန် ကြောင်း၊ သူတစ်ပါး လွတ်လပ်ခွင့်တွေ ဆုံးရှုံးကြောင်း ထောက်ပြဝေဖန် ရှုတ်ချထားပါတယ်။
.
အဲဒီလိုလူတွေဟာ ပုံစံအမျိုးမျိုးနဲ့ အခုခေတ်အထိလည်း ရှိကြပါတယ်။ စာဖတ်သူတွေလည်း အနည်းနဲ့အများ ကြုံတွေ့ဖူးကြမှာပါ။ အကြောင်းမတိုက်ဆိုင်ကြလို့ ရင်မဖွင့်ကြတာ ဖြစ်မှာပါ။ ကျွန်တော်ကတော့ အခုလောလော လတ်လတ် တွေ့ကြုံခဲ့ရတဲ့ အလားတူ ဖြစ်စဉ်ကလေးသုံးခုကို တင်ပြလိုက်ပါတယ်။ စာဖတ်သူတွေ ပိုမိုသိရှိကြပြီး အဲဒီလိုလူတွေအရေအတွက် မတိုးပွားအောင်နဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ထိန်းချုပ်ဆောင်ရွက်နိုင်အောင် တင်ပြ လိုက်ပါတယ်။ ဥပမာအားဖြင့် အဲဒီလို လူတွေကို တွေ့ရင် ရှုတ်ချတန်ရှုတ်ချ၊ နားချတန်နားချ၊ တားဆီးတန်တားဆီး၊ ပညာပေးတန် ပညာပေး၊ စည်းရုံးတန်စည်းရုံး လူထုနည်းနဲ့ဆန့်ကျင်တန်ဆန့်ကျင်ကြရအောင်ပါ။
.
ဖြစ်စဉ် ၁
.
အေးသာယာမြို့က အမည်မဖော်ချင်တဲ့ ဘောလုံးကွင်းတစ်ကွင်းမှာပါ။ အဲဒီ ဘောလုံးကွင်းဟာ အပြင်က ပတ်ဝိုင်းထားတဲ့ ပြေးလမ်းတွေ မပါဝင်ပါ။ ရိုးရိုးဘောလုံးကန်လို့ရတဲ့ ကွင်းပါ။ အဲဒီကွင်းထဲမှာ မနက်နဲ့ညနေဘက် တွေ မှာ ဘောလုံးကန်ကြပါတယ်။ ဘောလုံးပြိုင်ပွဲတွေ မရှိရင် မနက်ရော၊ ညနေရော သူ့အစုနဲ့ သူ ဘောလုံး အပျော်လေ့ကျင့်ကြပါတယ်။ ဘောလုံးနဲ့ ခွေးရူးလိုက်တမ်းကစားကြပါတယ်။ လမ်းလျှောက်တဲ့လူ၊ အပြေးကျင့်တဲ့လူ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့လူတွေလည်း ဥဒဟို လှုပ်လို့ရှားလို့ ခုန်လို့ ပေါက်လို့ပါပဲ။ ဘောလုံး ကွင်းကိုပတ်ပြီး လမ်းလျှောက်အပြေးကျင့်ကြတဲ့ ပြည်သူတွေလည်း မနက်ရော ညနေရော ပါပဲ။
.
အဲ အခုနှစ် ဆောင်းရာသီရက်တစ်ရက်မှာ ကြက်စာကျွေးတဲ့ပြောင်းတွေ ဘောလုံးကွင်းငါး ပုံတစ်ပုံလောက်မှာ လာပြီးနေလှန်းကြသဗျ။ ညဘက်လည်း စောင့်အိပ်ကြသဗျ။ ဘောလုံးကွင်းထဲက မြေပြင်ပေါ်မှာ မိုးကာတွေခင်းပြီး ဆာလာအိတ်တွေထဲက ပြောင်းတွေသွန်ကြ၊ ဆွကြ၊ လှန်းကြသဗျ။ ခြောက်သွေ့အောင် လုပ်ကြသဗျ။ ရပ်ကွက် ထဲက အိမ်တချို့က ကြက်စာလာဝယ်တဲ့ ကုမ္ပဏီကို သွင်းတာ ရောင်းတာဖြစ်မယ်ဗျ။ ကုမ္ပဏီကားက ဘောလုံး ကွင်းအစပ်နားမှာရပ်ရပ်ထားသဗျ။ နေ့ရော ညရောဗျ။ ပြောင်းတွေကို နေလှန်းတာရော၊ သန့်ရှင်းတာရော၊ ကားပေါ်တင်တာရော တစ်ဆက်တည်း လုပ်ကြကိုင်ကြသဗျ။ ကုမ္ပဏီကားက ညအိပ်စောင့်ဝယ်ယူသဗျ။ ဘောလုံး ကွင်းထဲက ကြက်စာတွေစောင့်ရင်းပေါ့ဗျာ။ ရောင်းရေးဝယ်တာများ ပြီးဆုံးသွားရင် သုံးလေးရက်လောက်အကြာမှာ တစ်ခါထပ်လာ နေလှန်း၊ ထပ်ရောင်းထပ်ဝယ်နဲ့ စီးပွားရေးသမား တွေထပ်လှုပ်ရှားကြပြန်ရော။ အဆင်ကို ပြေ ကြလို့ဗျာ။ ဘောလုံးကွင်း ငါးပုံလေးပုံ မြေနေ ရာချန်ထားပေးလို့ သူတို့ကို ကျေးဇူးတင်ရဦးမှာ။
.
ဆိုချင်တာက အားကစားကွင်းထဲမှာ မိမိ တို့ စီးပွားရေးအတွက် အများကို မငဲ့ဘဲ တစ်ကိုယ်ကောင်းဆန်ကြတဲ့ အကြောင်းပါ။ အားကစားကွင်းဆိုတာ အများနဲ့ သက်ဆိုင်တဲ့ နေရာဌာနမဟုတ်လားဗျာ။ အများနဲ့ သက်ဆိုင်တဲ့ အသိစိတ်ဓာတ် ခေါင်းပါးကြလေခြင်းလို့ ကျွန်တော်ညည်းညူလိုက်မိပါရဲ့။ ဗိုလ်ချုပ်ပြောတဲ့ ဆေးရိုးလှန်းတဲ့ သူတွေလို လူစားတွေပါပဲ။
.        
ဖြစ်စဉ် ၂
.
အထက်က ဖော်ပြခဲ့တဲ့ ဘောလုံးကွင်းမှာပါပဲ။ မနက်အစောကြီးမှာ ဆိုင်ကယ်တွေနဲ့ ဆိုင်ကယ်အစီးလာသင် ကြသဗျ။ အဲဒီအချိန်မှာ ဘောလုံးကန်တာ မရှိသေးပေမယ့် ဘောလုံးတွေနဲ့ လေ့ကျင့်နေတဲ့လူ၊ ပြေးနေတဲ့လူ၊ လမ်း လျှောက်နေတဲ့လူ၊ အသက်ဝဝရှုပြီး ကိုယ်လက် လေ့ကျင့်ခန်းယူနေတဲ့လူ၊ ခုန်ဆွခုန်ဆွသွေးပူ လေ့ကျင့်ခန်း လုပ်နေတဲ့လူတွေ အများကြီးဗျ။   ဒီ အားကစားသမားတွေဟာ လတ်ဆတ်သန့် ရှင်းတဲ့လေကို အပြည့်အဝ ရှုချင်ရှာကြမှာပေါ့။ အေးမြတဲ့လေနဲ့ ထိတွေ့ ခံစားချင်ကြရှာပေါ့။ ဒါပေမဲ့ ဆိုင်ကယ်တွေက ထွက်တဲ့ မီးခိုးနံ့၊ ဓာတ်ဆီနံ့၊ ဖုန်မှုန့်နံ့တွေကို ရှုရှိုက်ရင်း ရှောင်တိမ်းနေရသဗျ။ ဘောလုံးကွင်းထဲမှာနော်။ ဘောလုံးကွင်းထဲမှာ။ အားကစားသမားတွေ လွတ်လွတ်လပ်လပ်ကို မကစားကြရရှာဘူး။ အဲ နေလေးထွက်လာမှ ဆိုင်ကယ်အစီး လေ့ ကျင့်တာတွေ ပျောက်ကုန်တယ်ဗျ။ သူတို့က မနက်အစောကြီးမှာ အချိန်စောနေရာယူရင်း အားကစားလှုပ်ရှားကြ သလားတော့ မသိပါဘူး။ ဆိုင်ကယ်ခေတ်ကိုးဗျ နော။ အခုနေလေးထွက် လာတော့ ဘောလုံးကန်တဲ့လူတွေကို အချိန်ပေး အလှည့်ပေးဖို့ သူတို့ရပ်နားသွားကြတာပါ။ ညနေပိုင်း မိုးချုပ်ခါနီးမှာလည်း အထက်ပါ အတိုင်းပါပဲ။ အားကစားသမားတွေနည်းပါး သွားတာကို အခွင့်ကောင်းယူပြီး သို့မဟုတ် ဘောလုံးပွဲမရှိတာကို သိရှိပြီး ဆိုင်ကယ်စီးသင် ကြပြန်ရော။ တစ်ခါတလေ ကိုယ်ပိုင်ကားလေး တွေတောင် ပါရှိသဗျ။ ကားမောင်းသင်တာဗျ။ တကယ့်အားကစားသမားတွေဟာ အစီးသင် အမောင်းသင်တွေကို ဖယ်ရှားပေးနေရသဗျ။ စာဖတ်သူများ မျက်စိထဲ မြင်ယောင်ကြည့်လိုက် ကြစမ်းပါ။ ပြီးတော့ ခံစားကြည့်လိုက်ကြစမ်းပါ။ အားကစားကွင်းထဲ ဆိုင်ကယ်တွေ၊ လူ တွေ၊ မီးခိုးညှော်နံ့တွေ၊ စက်ဆီနံ့တွေ။ ဒါပေမဲ့ အဲဒီဆိုင်ကယ်ကိစ္စက အမြဲတမ်းတော့ မဟုတ် ပါဘူး။ ဆိုင်ကယ်စီးတတ် ချင်တဲ့လူရှိလာမှ လာကြတာဆိုတော့ အားကစားသမားတွေဟာ သည်းခံကြရတာပါပဲ။ သြော် ဗိုလ်ချုပ်အောင် ဆန်းပြောတဲ့ ဆေးရိုးလှန်းတဲ့ သူတွေလို အတန်းစားတွေပါပဲ။
.
ဖြစ်စဉ် ၃
.
အထက်က ဖော်ပြခဲ့တဲ့ ဘောလုံးကွင်းမှာ ပါပဲ။ အဲဒီဘောလုံးကွင်းရဲ့အနားသတ်မျဉ်း တစ်နေရာရဲ့ မော်တော်ကား လမ်းဟာ ဆယ့် ငါးပေလောက် ကွာဝေးပါတယ်။ အဲဒီအကွာ အဝေးကြားမှာ အကြော်တဲလိုလို ယာယီတဲလို လို တစ်ဖက်ရပ် အမိုးနဲ့ ဈေးဆိုင်လားဘာလား မသိ လာဆောက်ထားပါတယ်။ နောက်တော့ လက်ဖက်ရည်ဆိုင် ကလေး ဖြစ်လာတယ်။ အဲ ဒီဆိုင်ဟာ ဆောက်ပြီးတာ သိပ်မကြာသေးပါဘူး။ အခုနှစ်ဆောင်းတွင်းမှာမှ စဆောက် တာပါ။ မနက် အစောကြီး ငါးနာရီခွဲ ခြောက်နာရီ လောက်မှာ အီကြာကွေးကြော်ဖို့ ရေနွေးရဖို့ မီး မွှေးပါတယ်။ မီးခိုးငွေ့တွေ တလူလူနဲ့ပေါ့။ ဆောင်းတွင်းဆိုတော့ မီးခိုးတွေဟာ မြူနှင်းတွေ နဲ့ရောပြီး တိမ်တိုက်လေးတွေလို ဖြစ်တည်နေ တတ်ပါတယ်။ ရွေ့လျားနေတတ်ပါတယ်။ လူ ကြီးတစ်ရပ်လောက် အမြင့်မှာပါ။ မနက်စော စော လာကစားကြတဲ့ လမ်းလျှောက်ကြတဲ့၊ ပြေးလွှားကြတဲ့ ကာယလေ့ကျင့်ခန်းလုပ်ကြတဲ့၊ အသက်တဝကြီးလာရှုကြတဲ့ အားကစား သမားတွေနဲ့ စောစောက မီးခိုး တိမ်ငွေ့တွေနဲ့ ရောထွေးနေကြလေရဲ့။ လတ်ဆတ်သန့်ရှင်းတဲ့ လေကောင်းလေသန့်တွေ ဘယ်လိုလုပ်ရ ကြပါတော့မလဲ။ ဒီကြားထဲ လက်ဖက်ရည်ဆိုင် အနောက်ဘက်ကနေ တံမြက်စည်းအရှည်ကြီး နဲ့ ရမ်းရမ်းပြီး လှဲကျင်းလွှင့်ထုတ်လိုက်တဲ့ လမ်းဘေးဖုန်မှုန့်တွေက အားကစားကွင်းထဲ ရောက်ရောက်လာတာ ခဏခဏပါပဲ။ အတော် သန့်ရှင်းရေးလုပ်နိုင်တဲ့ လက်ဖက်ရည်ဆိုင်ပါပဲ။ ဘယ်သူ့ဆီက အခွင့်ရလို့ အားကစားကွင်းနား လာကျူးကျော်ဆောက်ထားသလဲ မသိပါဘူး။ ကျွန်တော်မနက်တိုင်း လမ်း ထလျှောက်တာ ဒီ နှစ်ကျမှ ဒီလက်ဖက်ရည်ဆိုင်ကို တွေ့မိတာပါ။ အဲ ဘောလုံးကွင်းထဲ လက်ဖက်ရည်ဆိုင် ဝင်မဆောက်တာကိုပဲ ကျေးဇူးတင်ရပါဦးမယ်။ အင်း ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ဆေးရိုးလှန်း တဲ့သူတွေလို လူပုဂ္ဂိုလ်တွေပါလား။
.
သစ်ပင်ကြီးနှစ်ပင်
.
အထက်က ဖော်ပြခဲ့တဲ့ ဘောလုံးကွင်းရဲ့ တောင်ဘက်မှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်ဗျ။ တချို့ညောင်ကိုင်း ညောင်ရွက်တွေက ဘောလုံးကွင်းကိုတောင် အုပ်မိုထားသဗျ။ တစ်ခါ ညောင်ပင်ကြီးရဲ့အနောက်ဝေးဝေးမှာ သပြေ ပင်ကြီးတစ်ပင်လည်း ရှိတယ်ဗျ။ အဲဒီသပြေပင်ရဲ့ တချို့အကိုင်းအခက်တွေဟာလည်း ဘောလုံးကွင်းတစ်စိတ် တစ်ဒေသကို အုပ်မိုးထားသဗျ။ နှစ်ပင်စလုံး စိမ်းစိုလန်းဆန်းနေကြတယ်ဗျ။ အဲဒီ အပင်နှစ်ပင်ဟာ လူသားတွေ ရှုရှိုက် ဖို့ အောက်စီဂျင်ဓာတ် သို့မဟုတ် အသက်ရှင် သန်ခြင်းကို အားပေးတဲ့ လေကောင်းလေသန့် တွေ ထုတ်လွှတ်ပေးနေတယ်ဗျ။ တစ်ချိန်တည်းမှာပဲ ဘောလုံးကွင်း ပတ်ဝန်းကျင်က ကာဗွန် ဒိုင်အောက်ဆိုဒ်ဓာတ် သို့မဟုတ် လေဆိုးလေ ညစ်တွေကို စုပ်ယူနေတယ်ဗျ။ ဒါပေမဲ့ အောက် စီဂျင်ဓာတ်ထုတ်ပေးတာဟာ ပမာဏ နည်းလွန်း မယ်ထင်ပါတယ်။ ဒီအပင် နှစ်ပင်ခမျာ အောက် စီဂျင်ဓာတ်တွေကို မနိုင်မနင်း ထုတ်ပေးနေ တာ ဖြစ်နိုင်ကောင်းပါတယ်။လူသားတွေ အကျိုးအတွက် ခက်ခက်ခဲခဲတာဝန်တွေ ထမ်းဆောင်နေကြရော့သလား။ သူတို့သာ (သစ်ပင်နှစ်ပင်သာ)စကားပြောတတ်ကြမယ်ဆိုရင် ''လောကကြီးမှာ လူသားတွေဟာ သူတို့ကိုယ် သူတို့ တည်ဆောက်ရှင်သန်နေကြသလို သူ တို့ကိုယ်သူတို့ ပြန်ပြီးဘေးဥပဒ် အဖျက်အဆီး တွေ ပေးနေကြတာပဲ''လို့ များ ရေရွတ်ပြော ဆိုနေကြမလား မသိပါဘူး။
.
နိဂုံး
.
စာဖတ်သူများခင်ဗျား။ အထက်ဖြစ်စဉ် သုံးခုထဲက ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ဆေး ရိုးလှန်းတဲ့ သူတွေလို လူပုဂ္ဂိုလ်တွေဟာ ခေတ် တိုင်း စနစ်တိုင်းမှာ ရှိခဲ့ကြပါတယ်။ အခုလည်း ရှိနေကြပါတယ်။ အဲဒီလို လူတွေထဲ မပါဝင် အောင် ပထမ ကျွန်တော်တို့ကိုယ်ကို ကျွန် တော်တို့ သတိပြု ဆင်ခြင်ကြရပါမယ်။ ဒုတိယ အဲဒီလို လူပုဂ္ဂိုလ်တွေ နည်းပါးနိုင်သမျှနည်းပါး အောင် တတ်နိုင်သည့်ဘက်က ပါဝင်ထိန်းချုပ် ကြရပါမယ်။ လူထုနည်းနဲ့ ဆန့်ကျင်ဟန့်တား ကြရပါမယ်။ ဒါဟာ တိုင်းပြည်တာဝန်တစ်ရပ် ကို ထမ်းဆောင်ကြခြင်း ဖြစ်တယ်လို့ ကျွန် တော်ဆိုလိုက်ပါရစေလား။        
.

Journal Download

Photo of three cats