ပျံသန်းဆဲ ချိုးငှက်တစ်ကောင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, February 5, 2019

ပျံသန်းဆဲ ချိုးငှက်တစ်ကောင်


အောင်ဆန်းဝင်း
.
.
သက္ကရာဇ် ၂ဝဝ၇ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်းမှာ ချိုးဖြူဆိုတဲ့နာမည်နဲ့ စာအုပ်ငှားရမ်း ဆိုင်လေးဖွင့်တယ်။ အမှန်တကယ် ငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေး လိုလားတာရယ်၊ စကော်ပီယံအဖွဲ့ သီဆိုထားတဲ့ ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ် White Dove ကိုကြိုက်တာရယ်ကြောင့် ချိုးဖြူ ဆိုတဲ့နာမည်ပေးဖြစ်တာပါ။ စာအုပ်စာပေနဲ့လူ သားတွေ မိတ်ဆွေ အစစ်အမှန်ဖြစ်နေတဲ့ အချိန်ဆိုတော့ ဖွင့်ပြီးလပိုင်းအတွင်း စာအုပ်အငှား ဆိုင်လေး အောင်မြင်မှုရလာတယ်လို့ ပြောနိုင်ပါတယ်။ ညနေစောင်းဆိုတာနဲ့ ဆိုင်ထဲမှာလူ အပြည့်။ ကလေးအရွယ်စုံ ဆိုင်ရောက်လာကြတယ်။ အပျိုပေါက်လူပျိုပေါက်တွေ စာအုပ်လာ ရွေးကြတယ်။ သက်ကြီးပိုင်းတွေ စကားလက် ဆုံကြရင်း စာအကြောင်းပေအကြောင်း နေ့စဉ် သတင်းတွေအကြောင်း ဆွေးနွေးတယ်။ ဆိုင်ထဲက ထွက်တာနဲ့ သူတို့လက်ထဲမှာ ဖတ်စရာ စာအုပ်ကိုယ်စီ။
.
စာအုပ်အမျိုးအစားကို တတ်နိုင်သလောက် စုံအောင် တင်ထားတော့ လက်ဗလာနဲ့ ပြန် ထွက်သွားတဲ့လူမရှိဘူး။ အလုပ်နားရက် ဈေးပိတ်ရက် ကြုံရင် တစ်ယောက်တည်းသုံးလေး အုပ်ငှားဖတ်ကြတယ်။ သောကြာ ညနေခင်းနဲ့ စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်တွေက မူလတန်းကနေ အထက်တန်းကျောင်းသားကျောင်း သူကလေးတွေရဲ့နေ့။ အဲဒီနေ့တွေဆို မနက်ဆိုင်ဖွင့်ချိန်ကတည်းက တစ်ဖွဲ့ပြီးတစ်ဖွဲ့ တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ထွက်လိုက်နဲ့။ ဖတ်ချင်တဲ့စာအုပ်အမျိုးအစား မရမှာစိုးလို့ တိုးလိုက်ဝှေ့လိုက် မွှေလိုက်နှောက်လိုက်ဆိုတာ ဆိုင်ထဲရှိသမျှ ဗြောင်းဆန်တဲ့အထိ။ လူငယ်အကြိုက်များတဲ့ စာရေးဆရာ အကြည်တော်ဝတ္ထုဆိုရင် နှစ်အုပ်လောက်ဝယ်တင် ရတယ်၊ တာရာမင်းဝေ၊ နီကိုရဲ၊ မင်းခိုက်စိုးစံ၊ ပြည့်ပိုင်မှူးအိမ်၊ ဂျူး၊ သျှင်မ၊ ပုညခင်၊ လရောင်ကျူးရင့် တို့ စာအုပ်တွေ ငှားဖတ်ကြတယ်။
.
ဘာသာပြန်စာအုပ်ကိုတော့ စာဖတ်သက်ရင့်တဲ့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေ အများဆုံးကိုင်တယ်။ လူငယ် တချို့က လက်တည့်စမ်းတဲ့အနေနဲ့ တစ်ခါတလေ ငှားဖတ်တယ်။ အလှအပရေးရာနဲ့ ပတ်သက်တဲ့မဂ္ဂဇင်းတွေကို အမျိုးသမီးထုတစ်ရပ်လုံးနီးပါးကြည့်ကြဖတ်ကြ တယ်။ မဟေသီ၊ ရွှေအမြုတေတို့က စာဖတ် သမားစစ်စစ် တွေရဲ့အကြိုက်။ ဘာသာရေး မဂ္ဂဇင်းအစုံကိုလည်း ကိုယ့်လိုင်းနဲ့ကို ထက်ထက်သန်သန် ဖတ်ရှုအားပေးကြတယ်။ လူငယ်ထု ကြားမှာ ထိတ်လန့်သည်းဖိုမဟုတ်တဲ့ တစ္ဆေသရဲဝတ္ထုတွေ အတော်ကြီးရေပန်းစားပါတယ်။ မဖဲဝါက သူတို့အတွက် မပါမဖြစ် အဓိကဇာတ်ကောင်၊ သိုင်းလောကကို ဆက်လက်စိန်ခေါ်တဲ့ မျိုးဆက်သစ်သိုင်းလောက သားတွေက နှစ်အုပ်တွဲသုံးအုပ်တွဲနဲ့ ခရီးဆက်ကြတယ်။ ခေတ်ကာလအခြေအနေအရ နိုင်ငံရေးစာအုပ်အထွက် နည်းသလို ဖတ်တဲ့လူလည်းအတော်ရှားတယ်။
.
ညပိုင်းဆိုင် သိမ်းချိန် ငှားထားတဲ့နောက် ဆုံးနံပါတ်စဉ်နဲ့ စာအုပ်အရေအတွက်ကြည့်တာ အားရစရာကောင်းတယ်။ အနည်းဆုံးရက်တောင် အုပ်ရေတစ်ရာ့ငါးဆယ်နဲ့ နှစ်ရာကြား။ ငှားရမ်းခရတဲ့ငွေကြေးထက် စာဖတ်သူများတာ ပိုသဘောကျတယ်။ စာဖတ်ချင်စိတ်ရှိပြီး နေ့စဉ်ငှားရမ်းခဖိုးမတတ်နိုင်တဲ့ လူတချို့ကို သူတို့ တတ်နိုင်တဲ့ ဈေးနဲ့ ငှားပေးတယ်။ တစ်ခါတလေ တစ်ဝက်ကြေးပေးတဲ့အခါရှိတယ်။ တစ်ခါ တစ်ခါ စတုဒီသာလုပ်တဲ့အခါလည်း လုပ်ရတာ ပေါ့။ ပြဿနာတော့ မရှိဘူး။ မှန်မှန်ဖတ်ပြီး ပြန်လာပို့တယ်ဆိုတာနဲ့တင် ခရီးဆက်လို့ ရခဲ့တယ်။ တစ်ဦးတစ်ယောက်နဲ့ လည်ပတ်နေတဲ့ အလုပ်ကို အနှောင့်အယှက်ဖြစ်စေတာမှမဟုတ်တာ။ ကြီးမားတဲ့ စီးပွားရေးမဟုတ်ပေမယ့် စာအုပ်အငှားဆိုင် လုပ်ငန်းလေးက မိသားစုစား ဝတ်နေရေးကို တစ်ထောင့်တစ်နေရာ ဖြည့်ဆည်းနိုင်ခဲ့တာတော့ အမှန်။
.
ခေတ်က တဖြည်းဖြည်းပြောင်းလဲလာတယ်။ နည်းပညာတွေဖွံ့ဖြိုးလာတယ်။ အကြီးမားဆုံး ပြောင်းလဲမှုက မနေ့တစ်နေ့က ထွန်းကားတဲ့ လက်ကိုင်ဖုန်းယဉ်ကျေးမှု၊ ကမ္ဘာလုံး ဆိုင်ရာကြည့်ရင် မြန်မာနိုင်ငံက နောက်ဆုံးမှ ထွန်းကားတဲ့ ယဉ်ကျေးမှုတစ်ရပ်ပေါ့။ ၁၅ဝဝ ဆင်းကတ်နဲ့ အင်တာနက်လေလှိုင်းသက်ရောက်မှုက ရိုက်ခတ်အား အတော်ကောင်းတယ်။ မြန်မာလူထုကြား ထိုးဖောက်မှု မြန်ဆန်လွန်းတယ်။ ကမ္ဘာဆိုတဲ့ရွာကြီးထဲကို အလျှင်အမြန် ခြေစုံပစ် ဝင်ကြတယ်။ နေ့ချင်းညချင်းလေပေါ်ပျံဝဲတာ ခြေရာတောင် ကောက်လို့မမီဘူး။ နှိုက်မြည်းမရ အနံ့ရှူမရတဲ့ အစားအသောက်နဲ့ မနက်ခင်းတိုင်း ဧည့်ခံကြတယ်။ ခြေဦးတည့်ရာ သွားလေ ရာကို သူကတစ်မျိုး ကိုယ်တစ်မျိုးနဲ့ ဓာတ်ပုံ ဆရာတွေအလုပ်လက်မဲ့ဖြစ်အောင်လုပ်ကြ၊ တစ်ရေးဖြောင့်ဖြောင့်အိပ်ဖို့တောင် အားလုံးကို ဂွတ်နိုက်ပါတဲ့။
.
နောက်မှရောက်ပြီး စီနီယာကျတယ်ပြောမလား၊ လက်သံပြောင်ပြောင်နဲ့ တဝုန်းဝုန်းရိုက် တာ စာအုပ်စာပေလောက ကြီးအတုံးအရုန်းကို ဖြစ်လို့။ သေတဲ့နေရာကသေ။ ကြေတဲ့နေရာကကြေ။ လက်ကျန်တွေက ထော့နင်းထော့နင်း ခရီးဆက်။ ငွေ့ငွေ့ကျန်တဲ့ ထွက်သက်ကို မသေဆေးထိုးထားတဲ့အတိုင်း။ နည်းပညာကို ဗွေဆော်ဦးအသုံးပြုတဲ့ တိုင်းပြည်တွေမှာ နည်းပညာကသပ်သပ်၊ စာအုပ်စာပေက သပ်သပ် အကန့်ခွဲထားတယ်တဲ့။ လမ်းသွားရင်း လိုင်းသုံး တဲ့လူရှိသလို၊ လမ်းလျှောက်ရင်း စာဖတ်တဲ့လူ တွေ တစ်ပုံကြီး။ အမေရိကန်သမ္မတဟောင်း ကတော်ထုတ်တဲ့စာအုပ် တစ်လလောက်အတွင်း အုပ်ရေသန်းချီရောင်းထွက်တာ သတင်းတွေထဲ ဖတ်လိုက်ရတယ်။ လကမ္ဘာကို ပထမဆုံးခြေချတဲ့တိုင်းပြည်က စာအုပ်ဆိုင်၊ စာကြည့်တိုက်တွေ ကောင်းစားတဲ့အချိန် ဒီမှာတော့ နောက်ဆုံး ထွက်သက်စောင့်နေရတယ်။
.
တစ်နေ့က ဆိုင်ကယ်စီးလူတချို့ဆိုင်ထဲ ရောက်လာတယ်။ စင်ပေါ်က လက်ကျန်စာ အုပ်တွေကြည့်ပြီး သူတို့ သဘောကျနှစ်ခြိုက်တယ်၊ စာအုပ်ကောင်းလို့ သတ်မှတ်လို့ရတဲ့ စာအုပ်တွေစင်ပေါ်မှာ အခန့်သားကျန်နေသေး တယ်။ တခြားမဂ္ဂဇင်း၊ ဝတ္ထု၊ ရုပ်ပြတွေ အထပ်လိုက် အစီအရီကလည်း သူတို့ကို မျက်စပစ်ပြနေတယ်။ တစ်အုပ်ကောက်ကိုင်လိုက် အမြည်းလေးဖတ်ကြည့်လိုက်၊ နောက်တစ်မျိုးကိုင်လိုက် စာအုပ်စင်တွေကြား လျှောက်လိုက်၊ တစ်မြို့လုံးမှာ ဒီတစ်ဆိုင်ပဲတောင့်တောင့်တင်းတင်း ကျန်တယ်လမ်းညွှန်လို့ ရောက်လာတာတဲ့။ သူတို့ပြောသလောက် မဟုတ်ပေမယ့် ဒီတစ်ဆိုင် ပဲကျန်တယ်ဆိုတာ သေချာသလောက်ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ဘဝတူစာအုပ်အငှား ဆိုင်တွေ တစ်ဆိုင်မှ မရှိကြတော့ဘူး။ စာဖတ်သူ နည်းနည်းကျန်ပေမယ့် စာအုပ်အငှားဆိုင်တွေ မကြာခဏ သေဆုံးနေတယ်။
.
ဘယ်လောက်ထိသေလဲဆိုတော့ အရင်က လူဦးရေတစ်ရာကျော်နဲ့ စာအုပ်ရေနှစ်ရာကျော်  ရေးမှတ်တဲ့ စာရင်းစာအုပ်က အခုဆို ဆယ်ဂ ဏန်းပြည့်တဲ့နေ့က ရှားရှားပါးပါး။ လူဆယ်ယောက်ဝင်တဲ့နေ့တောင် ငှားရတဲ့ စာအုပ်က အုပ်ရေနှစ်ဆယ် မပြည့်တော့ဘူး။ ဓမ္မဒါနဖတ်ပြီး ပြန်ထားငွေကြေးသတ်မှတ်ချက်မပါတဲ့ စာ အုပ်တွေလည်း မျက်နှာငယ်နေရတဲ့အဖြစ်။ အရင်ကလို ဗြောင်းဆန်အောင်မွှေထားတဲ့ စာအုပ်စင်ရှင်းရတဲ့ အလုပ်ပင်စင်ရသွားရှာတယ်။ စာရင်းစာရွက်ထဲ ကျန်တဲ့ဆယ်ယောက် စက္ကူစာမျက်နှာပေါ် ဖတ်ရမှ ကျေနပ်တဲ့လူတွေ။ လူ ကြီးပိုင်းတွေ။ အံ့သြစရာကောင်းလောက်အောင် ပျောက်ဆုံးသွားတာ လူငယ်လူရွယ်စာဖတ် ပရိသတ်ပါ။ ဖန်သားပြင် ယဉ်ကျေးမှုမှာ လိုချင်တာ အားလုံးရတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ စာတွေတကယ်ဖတ်ကြရဲ့လားဆိုတာ ဘယ်သူ မှ အတတ်မပြောနိုင်ဘူး။
.
ဘာပဲဖြစ်ဖြစ် သူတို့ပျော်တဲ့ ယဉ်ကျေးမှုမှာ စာဖတ်တယ်ဆိုရင် ဝမ်းမြောက်စရာပါ။ စာအုပ်ဆိုင်တစ်ကူးတက သွားစရာမလို။ ရက်ပိုကြေးကုန်စရာမလိုတော့ဘူး။ ဖုန်းအပြားက နီးနီးနားနားရှိတော့ သွားလေရာ စာတွေသယ်သွား လို့ရတယ်။ ကြုံတဲ့နေရာအချိန်ရရင် ရသလို ထိုင်ဖတ်နိုင်တယ်။ တကယ်စာဖတ်ကြဖို့တော့ လိုအပ်တယ်။ လူငယ်လူရွယ်ကြား စာဖတ်ခြင်း အလေ့အထမရှိရင် တိုင်းပြည်ဆုတ်ယုတ်တယ် လို့ ပြောကြတယ်။ ပြောင်းလဲ သွားတဲ့ရေစီးကြောင့် စာအုပ်ထဲ ပျောက်သွားတဲ့ စာရင်းတွေ ပြန်မလာနိုင်တော့ဘူး။ တစ်ရာနှစ်ရာဆိုတဲ့ အရေအတွက်ကို သမိုင်းထဲ သော့ခတ်သိမ်းရတော့မယ်။ တစ်ချိန်မှာ သော့ပြန်ဖွင့်နိုင်မလား။ ထာဝရ ခတ်လိုက်ရမလား။ သမိုင်းတစ်ပတ်လည်တာ စောင့်ကြည့်မှ အဖြေသိနိုင်မှာဖြစ်ပါတယ်။ အ ခုတော့ တချို့စာအုပ်စင်တွေ ဖုန်ခပ်ပါးပါး တက်စပြုလာပြီ။
.
စာအုပ်စင်တွေပေါ်က လက်ကျန်စာအုပ် တွေကို အားရပါးရကြည့်နေတဲ့ ဆိုင်ကယ်စီး သမားတွေက မေးတယ်။ တစ်ရက်ဘယ်လောက် ငှားရသေးလဲတဲ့။ နေ့စဉ်မှတ်တဲ့ စာရင်းစာအုပ် ပြလိုက်တယ်။ စာရွက်ကိုကြည့်နေတဲ့ သူတို့ မျက်လုံးမှာ အရောင်တချို့နဲ့။ အခြေအနေ တော်တော်ဆိုးသွားပြီ။ ဒီအတိုင်းဆို ဘယ်လိုမှ လည်ပတ်နိုင်မှာ မဟုတ်ဘူးလို့ ပြောတယ်။ဟုတ်တယ်။ အရင်လို စာဖတ်သူမှ မရှိတာဘယ်လို လုပ်လည်ပတ်နိုင်မှာလဲ။ စာအုပ်ဆိုင် ဖြုတ်မယ် ကြားလို့လာကြည့်တာ။ ရောင်းမယ်ဆို အကုန်ဈေးကောင်းပေးဝယ်မယ်တဲ့။ အဲဒီသတင်း ဘယ်တုန်းကမှ မလွှင့်ခဲ့ဖူးဘူး။ ဘယ်သူတွေကြားခံ သတင်းလွှင့်တယ်မပြောတတ်ဘူး။ သားကောင် လွတ်တဲ့ မုဆိုးလိုသူတို့တွေ ပြန်သွားကြတယ်။ ဒီနေ့နဲ့ မနက်ဖြန်များစွာ ငြိမ်းချမ်းရေးချိုးဖြူ ငှက်ပျံဖို့ စင်ပေါ်လာနားတဲ့ ဖုန်တွေအကြိမ်ကြိမ် သုတ်ပေးရဦးမယ်။       
.

No comments:

Post a Comment

Recent Tube