အရေးပေါ် ပြည်သူ့နီတိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, January 28, 2019

အရေးပေါ် ပြည်သူ့နီတိ



ကျော်လင်းထွန်း (ချောင်းဦး)
.

.
နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုး၊ ဂုဏ်သိက္ခာ၊ အဆင့်အတန်းတို့သည် ထိုနိုင်ငံရှိ ပြည်သူပြည် သားတို့၏ စည်းကမ်း လိုက်နာမှု၊ ယဉ်ကျေးမှု၊ စိတ်နေစိတ်ထား၊ ပညာအရည်အချင်း၊ အသိစိတ် စသော လူမှုအခြေခံအကြောင်းတရားများ အပေါ် တည်မှီနေပါသည်။ မြို့ပြယဉ်ကျေးမှု၊ ကျေးလက်လူနေမှုအဆင့်၊ ကျန်းမာရေး ပညာရေး စောင့်ရှောက် ဖွံ့ဖြိုးမှုတို့ကို လေ့လာကြည့် လျှင်နှင့်ပင် ထိုနိုင်ငံရှိ နိုင်ငံသူ၊ နိုင်ငံသားအား လုံး(အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ လူတန်းစားတို့) တို့၏ အမြင်နှင့် အရည်အချင်းခြားနားမှုကို သုံးသပ်အကဲဖြတ်နိုင်ပါသည်။ ခေတ်စနစ်တို့၏ အသုံးခံဖြစ်သော သာမန်တိုင်းသူပြည်သားတို့၏ ရင်တွင်းသို့ နိုင်ငံ့သားကောင်း(နိုင်ငံကြီးသား)တို့၏ ပြောဆိုပြုမူနေထိုင်တတ်သော စည်းကမ်း(ပြည်သူ့နီတိ)ကို ကိန်းဝပ်လိုက်နာတတ် ကြစေရန် အချင်းချင်း ရိုင်းပင်းမြှင့်တင်ကြရန်နှင့် လက်ဆင့်ကမ်း မျှဝေပေးကြရန်အရေးကြီးသော အချိန်သို့ ရောက်ရှိနေပါပြီ။ တတ်နိုင်သမျှစော စော(အရေးပေါ်)လုပ်ဆောင်ကြရန် အထူးလို အပ်နေပါသည်။
.
နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေရသော လူငယ်၊ လူကြီးတို့၏ အချင်းချင်း တန်ဖိုးထား လွဲမှားမှုများမှာ ပြည်သူ့နီတိအားနည်းမှုကြောင့် ဖြစ်ပါသည်။ မိဘနှင့် သားသမီးအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားကြား၊ ဆရာနှင့်တပည့် ကြားတို့တွင် ယာယီဆက်ဆံရေးမျှဖြင့်သာ အပေါ်ယံဆက်ဆံပေါင်းသင်းနေကြသည်မှာ ပြည်သူ့နီတိမှ ကျေးဇူးတရားဆိုင်ရာ နီိတိမသိနား မလည်မှုကြောင့် ဖြစ်ပါသည်။ စာရေးသူတို့၏ နိုင်ငံတွင် လမ်းဘေးဈေးသည်များ၊ ကျူးကျော်နေထိုင်ကြသူများမှသည် အဂတိလိုက်စားသော အစိုးရဝန်ထမ်းများ၊ အခွန်ရှောင်ကွင်းနေကြသော ခရိုနီ မဟာ့မဟာ သူဌေးကြီးများ ရှိနေခဲ့ကြ၊ ရှိနေဆဲဖြစ်နေရသည်မှာ ပြည်သူ့နီတိ ဆိတ်သုဉ်းမှု၏ ရလဒ်ကြောင့်ဟုဆိုလျှင် မည်သူမျှ ငြင်းဆိုကြမည်မဟုတ်ပါ။
.
နေအိမ်တွင်းစည်းကမ်း(အိမ်တွင်းနီတိ)
.
ယခင်ခေတ်(လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ဝန်းကျင်)က အသက် ၁၈ နှစ်နှင့် ၅၅ နှစ်အ ကြား လူအများစုသည် စာအုပ်လေးတွေဖတ်နေကြသည်ကို အတွေ့ရများခဲ့ပါသည်။ ဆယ်တန်း အောင်ပြီးစ၊ တက္ကသိုလ်ကျောင်းသား၊ နိုင်ငံ့အရာထမ်း အမှုထမ်းသာမကပါ ကျေးလက်မှာ နေထိုင်သော တောင်သူဦးကြီး၊ ဈေးသည်ဈေး ရောင်း အများစုမှာ အားရင်အားသလို စာဖတ်ကြပါသည်။ စာရေးသူ၏ မေမေ(ရှေးလေးတန်းအဆင့်)၏ ပါဠိပါဌ် အနက်ရွတ်ဖတ်သံများ၊ ပုံပြင်စာအုပ်ကို သားငယ်သမီးငယ်များကြားအောင် ဖတ်သံများကြောင့် စာရေးသူတို့ ငယ် စဉ်ကပင် စာပေအနုပညာမြတ်နိုးခဲ့ရပါသည်။ ယနေ့ခေတ်တွင် လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီးအရွယ်စုံ အားလုံးနီးပါးမှာ စာအုပ်ဖတ်ခြင်း အားနည်းလာပါသည်။ ဂျာနယ်အနည်းငယ်ကို ဟိုလှန်သည်လှန်လိုလိုနှင့်သာ ဖုန်းပွတ်မှုကသာ များနေကြသည်။ တစ်ချိန်က ခေတ်စနစ်လွဲမှားမှု၏ အကျိုးဆက်များအဖြစ် ပတ် ဝန်းကျင်ကလည်း ကြောက်မက်ဖွယ်ဖျော်ဖြေမှု များနှင့် ပြည့်နှက်နေပါသည်။ သို့ဖြစ်၍ ထိုသို့ သော အန္တရာယ်ပတ်ဝန်းကျင်နှင့် ကင်းကွာစေ ရန် ပျော်မွေ့မှုမရှိရန် အိမ်တွင်းနီတိများ ဖွံ့ဖြိုး လာရန် အထူးလိုအပ်နေပါသည်။ စာရေးသူတို့ ငယ်စဉ်က ရွတ်ဖတ်မိသော နီတိအချို့တင်ပြပါ ရစေ။
          -မိဦးဖဦး၊ ဆရာ့ဦးကို ခူး၍အလျင်မစားနှင့်
          -မိဘဆရာ၊ ထားသည့်ဟာကို မျက်နှာ ကွယ်လျှင် မယူငင်နှင့်။
          -မိဘချိုးရေ၊ သုံးရေခပ်ဖို့၊ နေ့စဉ်မပြတ် ထမ်းရွက်မယ်။
          -ဘုရားဆွမ်းတော်၊ ရေတော်ကပ်လို့၊ မ ပြတ်ကုသိုလ်ယူကြမယ်။
          -အိမ်ခြံဝန်းကျင်၊ သန့်ရှင်းနေမှ၊ စိတ် ကြည်လင်လို့ ကျန်းမာမယ်။
.
စတာတွေရွတ်ရင်း မိဘအပေါ်ရိုသေ၊ဘု ရားတရားကိုင်းရှိုင်းဝပ်တွားလာတတ်ပြီး ပတ်ဝန်းကျင်ကောင်းကို ဖန်တီးချင်စိတ်ပေါ်လာရပါတယ်။ ထို့အပြင် မိဘဝတ်၊ သားသမီးဝတ်များ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသတို့၏ ဆုံးမစာများ၊ ပျို့နိပါတ်တော်၊ သုတ္တန်လာ ဆုံး မလမ်းညွှန်မှုများကို မိဘမှသားသမီးကို ပြောပြ နေပါလျှင် လွန်စွာဘဝတန်ဖိုးရှိသည့် သားသ မီးရတနာများ ဖြစ်လာပါလိမ့်မည်။ သားသမီး တို့ကို သွန်သင်ဆုံးမလိုစိတ်ရှိသော မိဘများ သည် ''အလိမ္မာစာမှာရှိ''ဆိုသည့်အတိုင်း စာ အုပ်စာပေ ဖတ်ရှုလေ့လာ မှတ်သားခြင်းများ ကို သားသမီးများ၏ စံပြဖြစ်ရန် နေထိုင်ကျင့် ကြံရပါမည်။ သားသမီးများကလည်း အိမ်မှုကိစ္စ (လျှော်ဖွတ်၊ ချက်ပြုတ်ခြင်း)များ ကူညီလုပ်နေ မိဘကလည်း ဖတ်မှတ်လေ့လာ၊ စီးပွားရှာနေ ကြပါမူ ကျက်သရေမင်္ဂလာ အပေါင်းခညောင်း နေသော တန်ဖိုးရှိသည့် စံယူဖွယ်မိသားစုဖြစ် နေပါမည်။
.
ကျောင်းနှင့် စာသင်ခန်းတွင်းနီတိ
.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အခြေခံပညာကျောင်းများရှိ ကျောင်းဆရာ၊ ကျောင်းဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဝတ်ဆင်ကြသော တူညီဝတ်စုံ(အဖြူ နှင့်အစိမ်း)သည် လွန်စွာကျက်သရေရှိလှပါ၏။ ဆင်းရဲချမ်းသာမရွေးဝတ်ဆင်ကြရ၍ တစ်သားတည်းဖြစ်နေသည်။ ဖြူစင်မှုနှင့် စိမ်းလန်းစို ပြည်မှုတို့ကို ကြည်နူးဖွယ်တွေ့မြင်ရပါ၏။ ရုပ်ပိုင်းအလှပသာဒနှင့် ပြည့်စုံနေ၍ မဖြစ်ပါ။ အတွင်းသဏ္ဍာန်စရိုက်မှန်များကိုပါ ကျင့်ကြံမွေး ထုတ်နေပါမှ အဓိပ္ပာယ်ရှိသော အဖြူအစိမ်းများနှင့် ကျောင်းတော်ကြီးဖြစ်နေပါလိမ့်မည်။
.
''အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းက''ဟူသော ဆောင်ပုဒ်သည် ယနေ့ ခေတ်တွင် အသက်ဝင်မှု မှေးမှိန်လာနေသည်။ ကျောင်းသား၊ ကျောင်းသူများသည် စာအုပ်နှင့် စာရေးကိရိယာများကို လွယ်အိတ်နှင့်သယ်ယူ သူနည်းလာပြီး ကျောပိုးအိတ်နှင့် သယ်ယူကြသူကများ လာပါသည်။ စာအုပ်များမှာလည်း တစ် နေကုန်စာ သယ်ယူရ၍ တနင့်တပိုးများလှ၊ လေးလံလှပါသည်။ အချို့ကလေးများ(ကျောင်း စာစိတ်ဝင်စားမှု နည်းသောသူများ)ကျပြန်တော့ မြင်ကောင်းရုံမျှသာ ရေးစာအုပ်တစ်အုပ်နှစ်အုပ် ဘောလ်ပင်တစ်ချောင်း၊ နှစ်ချောင်း သာယူ ဆောင်၍ ကျောင်းသွားကြသည်။ မိဘများအနေဖြင့်လည်း မိမိသားသမီး ဘာစာအုပ်ယူသွား ၍ ယနေ့ဘာများလေ့လာသင်ယူမှတ်သားလာ သည်ကို ဂရုမစိုက်သည့် မိဘကများလာပါသည်။ ထိုမျှမက မိမိသားသမီး၏ အခြေခံပညာရေး ရန်သူဖြစ်သော ဖုန်း Hanset ကို ထည့်ပေးကြ သေးသည်။ အချို့မိဘများကျပြန်တော့ မိမိ သားသမီးကျောင်းအပြန် အိတ်ထဲတွင် ဖုန်းပါမပါ၊ ကွမ်းဆေးလိပ်၊ အလှပြင်ပစ္စည်းတစ်စုံတစ်ရာ ပါမပါ စစ်ဆေးရကောင်းမှန်းပင်မသိကြပါ။ အချို့က သိလျက်နှင့်ပျင်းကြသည်။ ရင်လေး ဖွယ်ကောင်းပေစွ။ အချို့မိဘအများစုမှာ ဤသို့ သော သားသမီးပညာရေးအတွက် အချိန်မပေးနိုင်၊ မိဘတို့မှာ စီးပွားရှာနေရသည်ဟူသော လွယ်လင့်တကူ ဆင်ခြေဖြင့် သားသမီးများကို ဘော်ဒါဆောင်၊ ကိုယ်ပိုင်ကျောင်းပို့ကြလေတော့သည်။ သေချာတာတစ်ခုမှာ မျိုးဆက်သစ် အနာဂတ်မှာ အားနည်းမှုရှိလာ နိုင်ပါသည်။
.
ကျောင်းအများစုတွင် Assembly စီသော နေ့တွင် နိုင်ငံတော်သီချင်းနှင့် မြန်မာကျောင်း သားသီချင်းကို သီဆိုစေပါသည်။ နိုင်ငံတော် သီချင်းသီဆိုရာတွင် Sound Box က အသံ သည် ကျောင်းသားကျောင်းသူ ၇ဝဝ ဝန်းကျင် အသံထက် ပိုမြည်နေသည်မှာ မလိုအပ်ပါ။ အမှန်ဆိုရသော် ကျောင်းသားကျောင်းသူ ၇ဝဝ ဝန်းကျင်ဆိုလျှင် Sound Box, Loud Speaker ပင်မလိုပါ။ သီဆိုကြသည့် ကလေးများအ များစုမှာ နိုင်ငံချစ်စိတ်ပါသည်ထက် မလွှဲမရှောင်သာ၍ ဝတ္တရားအရဆိုနေကြသည်။ မာန် ထည့်၍ ဌာန်နှင့်ကရိုဏ်းကျကျ ဆိုသူကနည်း လှပါသည်။
.
စာသင်ခန်းအတွင်းတွင် ပညာသင်ကြားနေ သော ယနေ့ခေတ်ကျောင်းသားကျောင်းသူ အများစုမှာ ဆရာ သင်ကြားမှုကို စိတ်ဝင်စားလေ့ လာမှတ်သားနေသူထက်၊ စာမေးပွဲအောင်ရုံ လေ့လာမှတ်သားသူက ပိုများသည်။ အချိန်တန် စာမေးပွဲမေးခွန်းရမည်၊ အောင်မှတ်လောက်မှာ စာမေးပွဲဖြေခါနီးတစ်ပတ်ဆယ်ရက်ကျက်လျှင် အေးအေးဆေးဆေးရသည်ပဲလေ။ သိပ်ပြီး အပင်ပန်းခံလေ့လာကျက်မှတ်ရန်မလိုဟူသော ကလေးက ပိုများပါသည်။ စာတတ်ဖို့ထက် စာမေးပွဲအောင်ဖို့ကိုပင် အဓိကထားသူက များနေသည်။ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ(ဘင်ခ ရာ၊ ကြက်ခြေနီ၊ သက်မွေး၊ စာစီစာကုံး၊ က ဗျာ၊ ကျပန်း စသည်)ကို စိတ်ဝင်စားမှုမရှိသော ကျောင်းသားကျောင်းသူ များမှာ ပြည်သူ့နီတိ မသင်ယူ၊ မသိရှိခဲ့ရသော စာကြည့်တိုက်နှင့် မိဘအိမ်တွင် စာမဖတ်ကြသော ကလေးများက အများစုဖြစ်သည်။ ကျောင်းသားကလေးငယ် များ စာဖတ်သည့်အလေ့အကျင့် ပြုစုပျိုးထောင် ကြရန်နှင့် ပြည်သူ့နီတိ၊ လောကနီတိအသိများ လေ့လာမှတ်သားရန် အလွန်အင်မတန်ပင် လို အပ်နေပါသည်။ သို့မဟုတ်ပါကလည်းမတတ်၊ သိလည်းမသိသည့် အနာဂတ်မျိုးဆက်များ တိုးတက်ဖွယ် မမြင်ပါ။
.
လမ်းပေါ်နှင့် ဘေးဝဲယာနီတိ
.
ဆိုင်ကယ်စီးသည့်ကိစ္စကပင် စကြပါစို့။ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းကြဖို့၊ ဘက်မှန် များတပ်ဆင်၍ အသုံးပြုကြဖို့၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာကြဖို့၊ စသော စည်းကမ်းများ ချပြသည်မှာ မည်သူ့အတွက် နည်း။ သို့သော် စာမဖတ်သော ပြည်သူ့နီတိ လောကနီတိအားနည်းသော သူတို့ခမျာ မိမိ ဘဝအတွက် ယနေ့နှင့် နောင် သံသရာအကျိုးများကို တွေ့နိုင်ရှာကြ။ ''ပညာမျက်စိ၊ ယူမရှိ၍၊ မသိတရား၊ အယူမှားလျက်''မျက်ကန်းအ သိဖြင့်သာ သနားဖွယ်ကောင်းတော့သည်။ မော် တော်ကားမောင်းနှင်သူ အများစုမှာလည်း စာ ပေဖတ်မှတ်လေ့လာ လိုက်စားခြင်း အားနည်းမှု၏ အကျိုးဆက်အဖြစ် လောဘ၊ ဒေါသ၊ မော ဟများဖြင့်သာ ပိုများနေသည်။ အချင်းချင်း ရိုင်းပင်းကူညီရမည့်အသိ၊ စည်းကမ်းလိုက်နာ ခြင်း၏ အန္တရာယ်ကင်းရှင်းမှုအသိများ ခေါင်းပါးလာကြသည်။
.
ဘေးဝဲယာနီတိ ဆိုသည်မှာ လမ်းဘေးဝဲ ယာကို မဆိုလိုပါ။ မိမိ၏ ပတ်ဝန်းကျင်ဘေးဝဲ ယာရှိ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသော လိုက်နာကျင့်သုံးဖွယ်နီတိများကို ဆိုလိုပါသည်။ နီတိမကျေသူ၊ စာဖတ်အားနည်းသူအများစု သည် ကိုယ်ချင်းစာတရားအားနည်းကြသည်။ ''ဘယ်သူသေသေ ငတေမာ ပြီးရောစိတ်ရှိသူ'' က များသည်။ ငါ့ဖို့၊ ငါ့သားသမီးဖို့၊ ငါ့ဆွေမျိုးဖို့ ဆိုသော အတ္တသမားကများသည်။ ပရဟိတ အသင်းအဖွဲ့ဟူသောသူအများစုပင်လျှင် ငါနေ ရာကောင်းရဖို့၊ ငါနာမည်ကောင်းရဖို့နှင့် ငါ့ကို ပတ်ဝန်းကျင်က သတိထားစေဖို့ဆိုသော အတ္တ သမားမှာ ဒုနဲ့ဒေးပင်။ အနီးဆုံးသော ပရဟိတ ဖြစ်သည့် ကြွေးမြီးဟောင်း(မိဘနှစ်ပါး)ကိစ္စနှင့် ကြွေးမြီးသစ်(သားသမီး)ကိစ္စကို ဘေးဖယ်ချန် ထားပြီး မိမိကို လူရိုသေ ရှင်ရိုသေဖြစ်လာစေ ရန် အားထုတ်နေသော ဘာဟိတမှန်း မသိရ သည့်သူများကို စာရှုသူတို့ တွေ့နေကြရပေလိမ့် မည်။ လောကနီတိ၊ ပြည်သူ့နီတိ ဆိတ်သုဉ်း ရတော့မည့် အခြေအနေပင် ဖြစ်ပါသည်။
.
ပြည်သူ့နီတိ အသိတရားများ အရေးပေါ် လိုအပ်နေသည်ကို ဤဆောင်းပါး တစ်ပုဒ် တည်းမျှဖြင့် ပြည့်စုံအောင် ဖော်ပြရန် မဖြစ်နိုင် ပါ။ အဘယ်ကြောင့်ဆိုသော် နေရာစုံ၊ ကဏ္ဍစုံတွင် လူမှုအသိ(နီတိ)များ ဖော်ထုတ်ကြရန်၊ ကျင့်သုံးကြရန် လိုအပ်နေပါသည်။ ပြည်ထောင် စုဖွား ညီနောင်များ အချင်းချင်း တိုင်းပြည်၏ အနာဂတ်၊ မျိုးဆက်သစ်များ၏ အနာဂတ်ကို မျှော်တွေး၍ ဝိုင်းဝန်းဖော်ထုတ် လေ့လာကျင့်သုံး လိုက်နာကြပါစို့ဟု ဆန္ဒပြုရပါတော့၏။
.

No comments:

Post a Comment

Recent Tube