ဒဂုံအသင်းကို ဂိုးပြတ်သွင်းယူပြီး နိုင်ပွဲ ရှာဖွေနိုင်ခဲ့သည့် ရှမ်းယူနိုက်တက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒဂုံအသင်းကို ဂိုးပြတ်သွင်းယူပြီး နိုင်ပွဲ ရှာဖွေနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်


မြန်မာနေရှင်နယ်လိဂ်၊ ပွဲစဉ် ၃ အဖြစ် သုဝဏ္ဏကွင်း၌ ယနေ့ ဇန်န၀ါရီလ ၂၆ ရက် ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် ဒဂုံအက်ဖ်စီအသင်းနှင့် ရှမ်းယူနိုက်တက်တို့၏ ပွဲစဉ်တွင် ရှမ်းအသင်းက ၅ ဂိုး၊ ၂ ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး ရာသီဖွင့် အနိုင် ၃ မှတ်ကို ရယူခဲ့သည်။
.
လိဂ်ပွဲစဉ် ၁ နှင့် ၂ တို့တွင် သရေပွဲများသာ ရရှိပြီး နိုင်ပွဲ ပျောက်ဆုံးနေခဲ့သည့် ရှမ်းအသင်းသည် ဒဂုံအသင်းကို ပွဲပြီးဆုံးချိန်ထိ ဖိအားပေး ကစား၍ ဂိုးပြတ်သွင်းယူကာ နိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
.

ရှမ်းယူနိုက်တက်၏ အနိုင်ဂိုးများကို ပွဲချိန် ၄ မိနစ်တွင် ဂတ်စတာဗိုလ်က လည်းကောင်း၊ ပွဲချိန် ၄၉ မိနစ်တွင် မေကွန်က လည်းကောင်း၊ ပွဲချိန် ၅၅ မိနစ်တွင် ဇင်မင်းထွန်းက လည်းကောင်း၊ ပွဲချိန် ၅၉ မိနစ်တွင် ဆောလမန်က လည်းကောင်း၊ ပွဲချိန်မိနစ် ၉၀ တွင် ဒွေးကိုကိုချစ်က လည်းကောင်း သွင်းယူခဲ့ခြင်း ဖြစ်ပြီး ဒဂုံအသင်း၏ ချေပဂိုးများကို ပွဲချိန် ၇၄ မိနစ်တွင် ဇမာစလစ်က လည်းကောင်း၊ ပွဲချိန် ၉၀+၂ မိနစ်တွင် စိုးမြတ်သူက ပင်နယ်တီသွင်းဂိုးဖြင့် လည်းကောင်း သွင်းယူခဲ့ကြခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းသည် လိဂ်ပွဲစဉ် ၄ အဖြစ် လာမည့် ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၃ နာရီခွဲတွင် ဟံသာဝတီယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကာ ပွဲစဉ် ၃ အပြီးတွင် ၃ ပွဲကစား၊ ၁ ပွဲနိုင်၊ ၂ ပွဲ သရေဖြင့် ရမှတ် ၅ မှတ် ရရှိထားသည်။
.
ရှမ်း အိမ်ကွင်းဖြစ်သည့် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းအား ပြင်ဆင်မှုများ ပြုလုပ်နေခြင်းကြောင့် မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ပွဲစဉ်များကို ရှမ်းယူနိုက်တက်အနေဖြင့် အဝေးကွင်းများတွင်သာ ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်ကာ ဒုတိယအကျော့တွင် အိမ်ကွင်း၌ ပြိုင်ဘက်အသင်းများကို ဧည့်ခံ ကစားရမည် ဖြစ်သည်။

Journal Download

Photo of three cats