အောင်ပန်းမြို့ရှိ ဖုန်းအရောင်းဆိုင်တစ်ခုမှ ငွေကျပ်သိန်း ၈၀ ကျော်တန်ဖိုးရှိ လက်ကိုင်ဖုန်း ၂၇ လုံး ဖောက်ထွင်းခိုးယူခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းမြို့ရှိ ဖုန်းအရောင်းဆိုင်တစ်ခုမှ ငွေကျပ်သိန်း ၈၀ ကျော်တန်ဖိုးရှိ လက်ကိုင်ဖုန်း ၂၇ လုံး ဖောက်ထွင်းခိုးယူခံရ



မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ဖုန်းအရောင်းဆိုင် တစ်ခုတွင် ဇန်န၀ါရီလ ၁၇ ရက်၊ ညပိုင်းခန့်က ငွေကျပ် သိန်း ၈၀ ကျော် တန်ဖိုးရှိ ဖုန်းအလုံးရေ ၂၇ လုံး၊ ဖောက်ထွင်းခိုးယူ ခံခဲ့ရကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.
.
“ဆက်စပ်နယ်မြေရဲစခန်းတွေနဲ့ မှုခင်းတပ်ဖွဲ့တွေကို ဆက်သွယ်တင်ပြပြီး တရားခံဖမ်းဆီးရမိဖို့ ဆောင်ရွက် နေပါတယ်” ဟု အောင်ပန်းနယ်မြေရဲစခန်းမှူး ရဲအုပ် စိုးဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဗထူးလမ်းရှိ ပြည့်စုံ အီလက်ထရောနစ်နှင့် ဖုန်းအရောင်းဆိုင် ပိုင်ရှင် ဖြစ်သူမှ ဇန်နဝါရီလ ၁၈ ရက်၊ နံနက် ၉ နာရီခန့်တွင် ဆိုင်ဖွင့်စဉ် ဆိုင်အတွင်းထားရှိသည့် လက်ကိုင်ဖုန်းများပျောက်ဆုံးနေပြီး ဆိုင်မှာလည်း ခေါင်မိုးတွင်သွပ်ပြားအား လှန်ထားသည့်အခြေအနေအပြင် ဆိုင်တံခါးတစ်ခုမှာလည်းပွင့်နေသည်ကိုတွေ့ရှိရသဖြင့် နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“မနက် အစည်းအဝေးသွားနေတာ ဘာတွေပါလဲ သေချာမသိရသေးဘူး။ ဆိုင်က မြို့လယ်ခေါင်မှာရှိသလို မလှမ်းမကမ်းမှာလည်း ညလုံးပေါက်ဖွင့်တဲ့ ကွမ်းယာဆိုင်လဲရှိနေတာ ဒီလောက် လူမပြတ်တဲ့နေရာကို ဖောက်ခံရတယ်ဆိုတော့ မြို့လုံခြုံရေးကို အရင်ကလို ရပ်ကွက်ကင်းတွေ လိုလာပြီလို့ ယူဆမိတယ်။ စခန်းကလည်း လှည့်ကင်းဆောင်ရွက်နေပေမဲ့ ရပ်ကွက်တွေကပါ ပူးပေါင်းဆောင်ရွက်လာကြဖို့ လိုပြီထင်ပါတယ်။ မနေ့ကလည်း ကြေးနန်းကြိုးဝင်ခိုးတာ ဓာတ်လိုက်သေတယ်လို့ ကြားရတော့ ဖောက်ထွက်ခိုးယူမှုတွေ ထပ်မဖြစ်လာအောင် ကာကွယ်ကြဖို့ လိုပါပြီ” ဟု ပြည့်စုံ အီလက်ထရောနစ်နှင့် ဖုန်းအရောင်းဆိုင်ပိုင်ရှင် ဦးခင်မောင်လေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဖောက်ထွင်းခိုးယူမှုတွင် ဆိုင်၏အမိုးမှ သွပ်ပြားကိုလှန်ကာ မျက်နှာကြက်ကို ဖောက်ပြီးနောက် မှန် ကောင်တာများအား စိန်သွားဖြင့်ဖြတ်သော်လည်း မပြတ်သဖြင့် ကောင်တာနောက်ကိုဖွင့်၍ ဖုန်း ၂၇ လုံး၊ စုစုပေါင်းတန်ဖိုး ကျပ် ၈၃၄၈၀၀၀ အား ယူဆောင်သွားခြင်းဖြစ်ပြီး ဖောက်ထွင်းခိုးယူသူမှ ပုဆိုတစ်ကွင်း၊ မှန်ဖြတ် စိတ်သွား၊ ဓားငယ်တစ်ချောင်း၊ လွယ်အိတ်၊ တိပ်၊ သံဖြတ်လွှ၊ တူနှင့်ကျောက်လှည့် တစ်ခုစီကျန်ရစ်ခဲ့ပြီး ပြန်အထွက်တွင်မူ ဆိုင်ဘေး တံခါးပေါက်တစ်ခုအားဖွင့်၍ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ တရားခံနှင့် သက်သေခံပစ္စည်းများ ဖမ်းဆီးရမိနိုင်ရေးအတွက် အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၁၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats