ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း စက်လှေ ၂ စင်း တိုက်မိရာမှ အသက် ၄ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, January 25, 2019

ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း စက်လှေ ၂ စင်း တိုက်မိရာမှ အသက် ၄ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ အင်းဦးကျေးရွာအနီး ရေပြင်တွင် ဇန်နဝါရီလ ၂၄ ရက်၊ ညနေပိုင်းက စက်လှေ ၂ စင်း တိုက်မိရာမှ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ညောင်ရွှေမြို့နယ်၊ မင်းချောင်းကျေးရွာအုပ်စု၊ နွားမေကျေးရွာနေ ဝတုတ် (ခ) အောင်သက်ဖြိုး မောင်းနှင်ပြီး ကိုဝေဖြိုးထွန်းတို့ ဇနီးမောင်နှံနှင့်အတူ ၎င်းတို့၏ သမီး ၂ ဦးတို့ လိုက်ပါလာသော စက်လှေသည် အင်းဦးကျေးရွာ အနောက်ဘက် ရေပြင်တွင် ညနေ ၅ နာရီခွဲခန့်က မြောက်ဘက်မှ တောင်ဘက်သို့ ဦးတည်မောင်းနှင်လာစဉ် အရှေ့ဘက်မှ အနောက်ဘက်သို့ အင်းဦးကျေးရွာနေ ဇော်ဦးမောင်းနှင်လာသည့် စက်လှေနှင့် ကန့်လန့်ဖြတ် တိုက်မိပြီး စက်လှေ တိမ်းစောင်းကာ အသက် ၄ နှစ်အရွယ် ကိုဝေဖြိုးထွန်း၏ သမီးကြီး မဇွန်ဖူးဝေမှာ ရေထဲသို့ ပြုတ်ကျပျောက်ဆုံးသွား သဖြင့် အနီးအနားရှိ ရွာသားများမှ ဝိုင်းဝန်းရှာဖွေရာ ညနေ ၆ နာရီခွဲအချိန်တွင် အခင်းဖြစ်နေရာအနီးရှိ ရေအနက် ၆ ပေခန့် နေရာတွင် မဇွန်ဖူးဝေအား သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ လူ့အသက် သေဆုံးစေသည်အထိ စက်လှေကို မဆင်မခြင်မောင်းနှင်ခဲ့သူ ဝတုတ် (ခ) အောင်သက်ဖြိုး နှင့် ဇော်ဦး တို့အား ညောင်ရွှေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ညောင်ရွှေမြို့မရဲစခန်းမှူးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် အထက်ဌာနသို့ တင်ပြပြီးမှသာ ပြန်လည်ဖြေကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.

No comments:

Post a Comment

Recent Tube