တောင်ကြီးမြို့၏ လူကြိုက်အများဆုံး ဝန်ထမ်းဆုကို ကျန်းမာရေးနှင့် ပညာရေးဌာနများမှ ဝန်ထမ်း ၃ ဦးအား ရွေးချယ်ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၏ လူကြိုက်အများဆုံး ဝန်ထမ်းဆုကို ကျန်းမာရေးနှင့် ပညာရေးဌာနများမှ ဝန်ထမ်း ၃ ဦးအား ရွေးချယ်ပေးအပ်


ရဲရင့်ဇွဲ
.
၂၀၁၈ ခုနှစ်အတွက် တောင်ကြီးမြို့၏ လူကြိုက်အများဆုံးဆု ဝန်ထမ်းဆုကို ကျန်းမာရေးဌာနမှ ဝန်ထမ်းတစ်ဦး နှင့် ပညာရေးဌာနမှ ဆရာ/ဆရာမ ၂ ဦး တို့အား ရွေးချယ်ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ပရဟိတအဖွဲ့များနှင့် မြို့သူ/မြို့သားများမှ ပေးအပ်ချီးမြှင့်သော ၂၀၁၈ ခုနှစ်အတွက် တောင်ကြီးမြို့၏ လူကြိုက်အများဆုံး ဝန်ထမ်းဆု ပေးအပ်ပွဲနှင့် ဒုတိယအကြိမ်မြောက် ပရဟိတ မောင်မယ်များ နှစ်ဦးမိတ်ဆုံစားပွဲကို ဇန်နဝါရီလ ၄ ရက်၊ ညနေပိုင်းအချိန်က တောင်ကြီးမြို့၊  ရှမ်းတောင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး ခန်းမတွင် ပြုလုပ်ရာ အဆိုပါ ဆုပေးပွဲတွင် ယင်းဝန်ထမ်း များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
ဆုပေးအပ်ပွဲတွင်  ရှင်သန်မြေအစိမ်းရောင် ကွန်ယက် မှ ဒေါ်ချယ်ရီကျော်က ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ဆုရွေးချယ်ပုံ၊ အခြေခံစံနှုန်းများနှင့် ဆုပေးပွဲ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
.
ထို့နောက် တောင်ကြီးခရိုင်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်အေးနှင့် တောင်ကြီးမြို့ နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးသန်းစိုးတို့က အမှာစကားနှင့် ကျေးဇူးတင်စကား များ ပြောကြားခဲ့ပြီး ဆုရဝန်ထမ်းများအား အမှတ်တရ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
ဆုရရှိသော ဝန်ထမ်းများမှာ လဲချားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁)၊ ဦးစိုင်းသက်အောင်ဦးနှင့် ပညာရေးဦးစီးဌာန၊ တောင်ကြီးမြို့နယ်၊ အမက (ဟမ်းဖို့ပေ)မှ မူလတန်းပြဆရာ ဦးစောလုကာဖိုးနှင့် တောင်ကြီးမြို့နယ်၊ အမက (ထမ့်ဟင်း)မှ အလယ်တန်းပြ ဆရာမ ဒေါ်မေသဇင်တို့ ဖြစ်ကြောင်း သိရသည်။
.
“ဒီဆု ပေးအပ်ချီးမြှင့်ဖို့အတွက် မြို့သူ/မြို့သားတွေရဲ့ သဘောထားဆန္ဒလည်း ပါတယ်။ ပေးအပ်တာကတော့ မြို့သူ/မြို့သားတွေ အများပြည်သူတွေရဲ့ အလှူငွေတွေနဲ့ ကျွန်မတို့တွေက ပေးအပ်ချီးမြှင့်တာပါ။ မနှစ်တုန်းကလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ် ဟု တောင်ကြီးမြို့ အခြေစိုက် ရှင်သန်မြေအစိမ်းရောင်ကွန်ယက်မှ ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့တွင် ယခုကဲ့သို့ ဂုဏ်ပြုဆုများ ပေးအပ်ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး ယခင်နှစ်ကလည်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုနှင့် အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲတပ်ကြပ် စောမေလျမ်တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ဖူးကြောင်း သိရသည်။
.
.

Journal Download

Photo of three cats