လူမှုကွန်ရက် စာမျက်နှာတွင် သီပေါနယ်စည်းမခြားလူမှုကူညီရေးအသင်း အမည်အသုံးပြု၍ မမှန်မကန် လုပ်ကြံ ရေးသားဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, January 27, 2019

လူမှုကွန်ရက် စာမျက်နှာတွင် သီပေါနယ်စည်းမခြားလူမှုကူညီရေးအသင်း အမည်အသုံးပြု၍ မမှန်မကန် လုပ်ကြံ ရေးသားဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံ



မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုဖြစ်သည့် နယ်စည်းမခြား လူမှု ကူညီရေးအသင်း၏ ဇန်နဝါရီလ ၂၄ ရက်က ကူညီခဲ့သည့် ဖြစ်စဉ်အပေါ် မိုင်းထိလူနာများမှာ RCSS မှ ထောင်သည့် မိုင်းဖြစ်ကြောင်း လုပ်ကြံရေးသားဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ အသင်းအမည်အား အသုံးပြုကာ လူမှုကွန် ရက် စာမျက်နှာတွင် မမှန်မကန် လုပ်ကြံရေးသားဖော်ပြခြင်းမပြုရန် သီပေါနယ်စည်းမခြားလူမှုကူညီရေး အသင်း တာဝန်ခံ ကိုမျိုးက ပြောကြားခဲ့သည်။
.
.
“လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်ပါ။ ကျွန်တော်တို့က နိုင်ငံရေး၊ လူမျိုးရေး မပါဘူး။ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခ တွေကြားထဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို စွန့်စားပြီး ကူညီနေရတာဖြစ်လို့ ဘယ်ဘက်မှလည်း မပါဘူး။ အားလုံး ကိုယ့်တိုင်းရင်းသား ညီအစ်ကိုတွေပဲလို့ မှတ်ယူပါတယ်။ တစ်ဘက်နဲ့တစ်ဘက် အမြင်စောင်းအောင် လုပ်တာ ကျွန်တော်တို့အတွက် အန္တရာယ်များပါတယ်။ ကျွန်တော်တို့ တစ်စုံတစ်ရဖြစ်သွားရင် ကျွန်တော်တို့ကို အားကိုးနေ ရတဲ့ ပြည်သူတွေလည်း ပိုပြီးအခက်အခဲဖြစ်သွားမှာပါ။ ဒါကြောင့် ဒီလိုမျိုး မရေးသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုရေးသားတာကို အပြင်းအထန် ကန့်ကွက်ပါတယ်ဟု နယ်စည်းမခြားအသင်း တာဝန်ခံ ကိုမျိုးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် Soldier အမည်ရ အကောင့်ပိုင်ရှင်မှ RCSS ထောင်ထားသည့် မိုင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ ခေါင်းစဉ်ဖြင့် ဇန်နဝါရီလ ၂၄ ရက်၊ နေ့လယ် ၁၂ နာရီက သီပေါ မြို့နယ်၊ နိုဝေ့ကျေးရွာ (လုံးဝိုင်ရွာ)သား ဦးအုပ်စီဘိုး (၆၀ နှစ်) မှာ RCSS တပ်ဖွဲ့ဝင်များ ထောင်ထားသည့် နင်းမိုင်း ကြောင့် မိုင်းထိမှု ဖြစ်ပွားခဲ့ကြောင်းနှင့် လက်ရှိ RCSS တပ်ဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသသို့ ဝင်ရောက် လာသည့်အချိန်မှစတင်ကာ ယခုကဲ့သို့ နယ်မြေခံ အရပ်သားများ မကြာခဏ မိုင်းထိမှုဖြစ်စဉ်များ ဖြစ်ပွားပေါ်ပေါက် နေသည်ဟု သတင်းနှင့် ဓါတ်ပုံ နယ်စည်းမခြားပရဟိတ၊ ရှမ်းပြည်မြောက်ပိုင်း (သီပေါ) ဟု ရေးသားဖော်ပြခဲ့သည့် အပေါ် နယ်စည်းမခြားပရဟိတအသင်းမှ ကိုမျိုးက ယင်းကဲ့သို့ ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ လူမှုကွန်ရက်ပါဖြစ်စဉ်မှာ သီပေါမြို့မှ နမ့်လန် ၁၂ မိုင်ခန့်အကွာ၊ နိုဝေ့ရွာ (လုံးဝိုင်ရွာ)တွင် ဇန်နဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းက တောင်ယာသွားလမ်း၌ မိုင်းထိခဲ့သည့် လူနာအား နယ်စည်းမခြား လူမှုကူညီရေး အသင်းမှ သွားရောက်သယ်ဆောင်ခဲ့ပြီး သီပေါဆေးရုံမှတစ်ဆင့် လားရှိုးဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သီပေါမြို့အခြေစိုက် နယ်စည်းမခြား ပရဟိတလူမှုကူညီရေးအသင်းအနေဖြင့် ရှမ်းပြည်မြောက်ပိုင်း ဒေသ အတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခ အပါအဝင် တိုင်းရင်းသားများ၏ အခက်အခဲဒုက္ခများအား နေ့ညမရွေး ကူညီပေးနေသည့် အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုဖြစ်သော RCSS နှင့် SSPP တို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လတ်တလောတွင် နားမခေါ်၊ နောင်ကန်၊ နားအင်နှင့် ဧဝံ ဂလိ ခရစ်ယာန်ကျောင်းမျးတွင် စစ်ဘေးရှောင်ဦးရေ ၉၀၀ နီးပါး ရောက်ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube