စာနာမှု လုံးဝ မရှိတဲ့ လူယဉ်ကျေးတွေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စာနာမှု လုံးဝ မရှိတဲ့ လူယဉ်ကျေးတွေ



ကောင်းမြင့်မြတ်စိန်
.
.
တစ်နေ့တွင် ကျွန်တော်သည် FM တစ်ခု၏ရေဒီယို အစီအစဉ်များ နားထောင်နေစဉ်၊ အဆိုတော်ကြီး စိုင်းထီးဆိုင် သီဆိုခဲ့သော ''မောင့်အရိုင်းပန်း'' သီချင်းကို နားထောင်ရပါသည်။ ထို သီချင်းနားထောင်ပြီး စာနာမှု လုံးဝမရှိတဲ့ လူယဉ်ကျေးတွေ ဆိုသော စာသားသံစဉ်က ရင်ထဲမှာ စွဲကျန်နေခဲ့ပါသည်။ ယခုနှစ်များမှာလည်း သတင်းစာ၊ ဂျာနယ်များ ဖတ်တိုင်း (စာနာမှုမရှိသော လူယဉ်ကျေးများ)အကြောင်းကို မြင်တွေ့ ဖတ်ရှုနေရပါသည်။ စိတ်ပျက်မိခြင်း၊ စိတ်မကောင်းခြင်း ခံစားမှုများ ဖြစ်ရသလို စာနာမှုရှိသော ငြိမ်းချမ်းသော လောကကြီးဖြစ်လာ ဖို့အတွက်လည်း မျှော်လင့်တောင့်တ နေမိပါသည်။
.
''စာနာမှု လုံးဝမရှိတဲ့ လူယဉ်ကျေးတွေ'' သံစဉ် စာသားနှင့် တိုက်တိုက်ဆိုင်ဆိုင် လူ (၆) မျိုး အကြောင်းကို ဖတ်ရပြန်ပါသည်။ ထိုလူ (၆)မျိုးမှာ အောက်ပါအတိုင်း ဖြစ်သည်။
.
(၁) ဆင်ခြေတွေ ခဏခဏပေးရင် လူပျင်း
(၂) နောင်တတွေ ခဏခဏရရင် လူဖျင်း
(၃) အမှားတွေ ခဏခဏလုပ်ရင် လူညံ့
(၄) အချစ်တွေ ခဏခဏပြောင်းရင် လူညစ်
(၅) ကတိတွေ ခဏခဏပျက်ရင် လူလိမ်
(၆) မသမာမှုတွေ ခဏခဏလုပ်ရင် လူယုတ်မာ
.
ထို့ပြင် လူရိုင်း၊ လူဆိုး၊ လူမိုက်၊ လူပေါ့ လူသွမ်း၊ လူ့ပေါက်ပန်း၊ လူ့သရမ်းဟူ၍လည်း လူ့အသိုင်းအဝိုင်းမှာ ပြောဆိုနေကြပါသေးသည်။ ထိုလူအမျိုးအစားများကို မည်သူမျှ မလိုလားပါ။ မနှစ်သက်ပါ။ ထိုသူတို့ကဲ့သို့လည်း မည်သူမျှ မဖြစ်လိုကြ။ မဖြစ်ချင်ကြပါ။ လူတိုင်းသည် လူကောင်းဖြစ်ချင်ကြပါသည်။ လူယဉ်ကျေး လူတော်လူကောင်း၊ လူလိမ္မာ၊ လူချွန်၊ လူမွန် စသော ကောင်းသောသူများသာ ဖြစ်ချင် ကြပါသည်။ ကျွန်တော် မှတ်သားဖူးသော ဆုံး မစကားတစ်ခု ရှိပါသည်။ (သူများကောင်းဖို့ ကိုယ်ကတောင်၊ သူများတော်ဖို့ ကိုယ်ကကောင်း အဲဒါ သူတော်ကောင်း) ဟူ၍ ဖြစ်ပါသည်။ ကျွန် တော်အလွန်နှစ်သက်သော ဆုံးမစကား ဖြစ်ပါ သည်။ အခြားသူများ ကောင်းဖို့တော်ဖို့အတွက် မိမိကိုယ်တိုင်က ကောင်းဖို့တော်ဖို့ လိုပါသည်။ အခြားသူများဆိုရာမှာ မိမိနှင့် ထိတွေ့ ဆက်ဆံ နေရသော မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ၊ လူ့ အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းများ ဖြစ်ပါ သည်။ ထိုသူများကောင်းဖို့ တော်ဖို့ မိမိကိုယ် တိုင် စိတ်ကောင်း၊ စေတနာကောင်းထားဖို့ လို ပါသည်။ ပင်ကိုယ်အားဖြင့် မထူးချွန်၊ မထက် မြက်လျှင်ပင် စိတ်ကောင်းမွေးဖို့ လိုပါသည်။ စိတ်ကောင်းမွေးကာ ကြိုးစားလျှင် လူကောင်း ဖြစ်ပါသည်။ လူကောင်းတစ်ယောက်အတွက် လေ့လာအားထုတ် ကြိုးစားနေလျှင် လူတော် ဖြစ်လာပါသည်။ ပင်ကို ထူးချွန်ထက်မြက်သူ များမှာ စိတ်ကောင်း မရှိလျှင်၊ စိတ်ကောင်းမမွေး လျှင် လူတော် မဖြစ်နိုင်တော့ပါ။ လူကောင်း ဖြစ်ဖို့မှာ ပို၍ ဝေးပါလိမ့်မည်။ ပင်ကိုထူးချွန် ထက်မြက်သူများသည် စိတ်ကောင်းနှလုံး ကောင်း ရှိလျှင် လောကအတွက် အလွန်အကျိုး ပြုနိုင်ပါသည်။ လောကကြီးကလည်း ထိုသူမျိုးကို အလွန်လိုလားပါသည်။
.
သို့ရာတွင် ထိုကဲ့သို့သော လူတော်လူကောင်း လူချွန်လူမွန် လူ့တံခွန်တို့မှာ အလွန် ရှားပါသည်။ ယနေ့ မျက်မှောက်ခေတ်တွင် လူတော်များ ပေါများလှပါသည်။ လူတော်များကို လည်း မိဘဆရာများ၊ တက္ကသိုလ်ကောလိပ် ကြီးများက မွေးထုတ်ပေးနေကြပါသည်။ ထို့အတူ လူကောင်းများကိုလည်း ခိုင်ခိုင်မာမာ မွေး ထုတ်ပေးဖို့ လိုနေပါသည်။ ရုပ်ပိုင်းဆိုင်ရာ အတတ်အသိ ပညာများအပြင် စိတ်ပိုင်းဆိုင်ရာ အသိပညာကောင်း များစွာ သင်ပေးဖို့ လိုအပ်ပါသည်။ လူတော်များ၏ နှလုံးသွေးကြော ရိုးတွင်း ခြင်ဆီများတွင် ''စိတ်ကောင်း''များ စီးဝင်ပျံ့နှံ့ နေအောင် အားထုတ်ပြုလုပ်ပေးဖို့ လိုပါသည်။ သို့မှသာ မိခင်ကောင်း၊ ဖခင်ကောင်းများ၊ ဆရာကောင်း များ၊ ဝန်ထမ်းကောင်းများ၊ ပြည်သူ ကောင်းများ ဖြစ်ထွန်းပါလိမ့်မည်။ ''ပြည်သူ ပြည်သားကောင်း''များကသာ တိုင်းပြည်ကို ကောင်းအောင် တည်ထောင်နိုင်ပါမည်။ ပြည်သူ ပြည်သားတို့ မကောင်းလျှင် တိုင်းပြည်လုံးပါးပါး ကာ ပျက်စီးနိုင်ပါသည်။
.
တစ်ယောက်တည်း တိုက်တဲ့တိုက်ပွဲ
.
ကျွန်တော်ငယ်စဉ် မူလတန်း ကျောင်းသား ဘဝက ကျောင်းစာသင်ကျောင်း စာသင်ခန်းထဲ မှာ နံနက်တိုင်း အတန်းဖော်များနှင့် အတူအော် ဟစ် သီဆိုခဲ့ရသော ကဗျာတစ်ပုဒ်ကို အမှတ် ရမိပါသည်။ (မိမိကိုယ်ကို ကောင်းအောင် ကြိုး စားမည်။ မိမိ အတန်းကို ကောင်းအောင်ကြိုး စားမည်။ မိမိကျောင်းကို ကောင်းအောင် ကြိုး စားမည်။ မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်။) သီချင်းလိုပင် အော်ဆိုခဲ့ကြပါ သည်။ ယခုထိလည်း စွဲနေဆဲပါ။ မိမိကိုယ်ကို ကောင်းအောင် ပထမဦးဆုံး လုပ်ရမည် ဖြစ်ပါ သည်။ မိဘနှင့် ဆရာတို့က မည်မျှ သင်ကြား ဆုံးမစေကာမူ မိမိကလည်း လိုက်နာကျင့်သုံး ဖို့တော့ အဓိက လိုပါသည်။ အဆိုတော် ''ကြက် ဖ'' သီဆိုသော (ဘဝဆိုတာ တစ်ယောက် ထဲတိုက်တဲ့ တိုက်ပွဲ) စာသားကဲ့သို့ပင် မိမိ ကိုယ်ကို ကောင်းအောင် ကြိုးစားခြင်း မှာလည်း တစ်ယောက်တည်း တိုက်ရသော တိုက်ပွဲပင် ဖြစ်လေသည်။ မိမိ၏ မကောင်းသော စိတ်ဆိုး စိတ်မိုက်များ စိတ်ပုတ်စိတ်ယုတ် စိတ်ညံ့များကို တိုက်ခိုက်နှင်ထုတ်နေရခြင်းမှာ မိမိတစ်ယောက် ထဲ၏ တိုက်ပွဲပင် မဟုတ်ပါလား။ ပစ်ရဲခတ်ရဲ၊ ထိုးကြိတ်ရဲတာ သတ္တိ မဟုတ်ပါ။ မှားမှန် ကောင်းဆိုး သင့်မသင့် ကြောင်းကျိုးလျော်စွာ လုပ်ရဲခြင်းသည်သာ သတ္တိအစစ် ဖြစ်ပါသည်။ လုပ်သင့်တာ လုပ်ရဲပြောရဲခြင်း၊ မလုပ်သင့်တာ မပြောသင့်တာ ရှောင်နိုင်ခြင်းသည်သာ သတ္တိ အစစ် ဖြစ်ပါသည်။ ကောင်းအောင်လုပ်ဖို့ကောင်း တာလုပ်ဖို့ လူကောင်းဖြစ်ဖို့ ထိုသတ္တိမျိုး လိုပါသည်။
.
''သူများကောင်းဖို့ ကိုယ်ကတော်၊ သူများ တော်ဖို့ ကိုယ်ကကောင်း''ဆိုသော စကားကို ဆန့်ကျင်ဘက်အားဖြင့် စဉ်းစားကြည့်လျှင်''သူများမကောင်းဖို့ သူများပျက်စီးဖို့ သူများဒုက္ခ ရောက်ဖို့''ကိုယ်တိုင်က လူတော်လူကောင်း ဖြစ်ဖို့ မလိုပါ။ လူဆိုး လူယုတ်ဖြစ်နေမှ ထိုသို့ ပြုလုပ်ပါလိမ့်မည်။ လူဆိုးလူယုတ်မာတွင် စိတ် ကောင်းမရှိပါ။ စိတ်ကောင်းမရှိတော့ သူတစ်ပါးကို စာနာရကောင်းမှန်း မသိတော့ပါ။ ''စာနာ မှု လုံးဝ မရှိတဲ့ လူယဉ်ကျေး အယောင်ဆောင် တွေ''သာ ဖြစ်ပါသည်။ ထိုသူတို့သည် ဆင်ခြေ တွေ ခဏခဏ ပေးနေတတ်သည်။ နောင်တ တွေ ခဏခဏ ရနေတတ်သည်။ အမှားတွေ ခဏခဏ လုပ်နေတတ်သည်။ အချစ်တွေ ခဏ ခဏ ပြောင်းနေတတ်သည်။ ကတိတွေ ခဏခ ဏ ပျက်နေတတ်သည်။ မသမာမှုတွေ ခဏခ ဏ လုပ်နေတတ်သည်။ ယုတ်မာမှုတွေ ခဏခ ဏ ပြုနေတတ်သည်။ ထို့ကြောင့် ထိုသူတို့ နှင့် ထိစပ်ဆက်ဆံရသော လူအများမှာ ပူပင် သောက ဖြစ်ကြရ၊ ဒုက္ခတွေ့ကြရလေ့ ရှိပါ သည်။ စဉ်းစားကြည့်ပါ။ မိမိတို့ မိသားစုတွင် လူပျင်းပါနေလျှင် ကျန်မိသားစုဝင်များ စိတ်ညစ် ကြရပါသည်။ တွက်ကပ်ကြ၊ အပြစ်တင်ကြဖြင့် မိသားစုအတွင်း ပဋိပက္ခများကြရပါသည်။ ပျင်း ရိသော သူများတွင် အခြားသူများကို စာနာစိတ် ညှာတာစိတ် မရှိနိုင်ပါ။ အများအကျိုးကို ဘယ် တော့မှ လုပ်ဆောင်မည် မဟုတ်ပါ။ အချောင်ရ ပေါက်ရလမ်းကိုသာ စိတ်ကူးနေပါလိမ့်မည်။ အ ချောင် ရပေါက်ရလမ်းကိုသာ ဖန်တီးနေပါလိမ့် မည်။ အချောင်သမား လူပျင်းများသည် လိမ်ရန် လည်း ဝန်လေးမည် မဟုတ်ပါ။ ညစ်ရန်လမ်း အဆင်သင့် ဖြစ်နေပေလိမ့်မည်။ အချောင်သ မား လူပျင်းများ မဖြစ်စေရန် စိတ်ကောင်းမွေးဖို့ သာ လိုရင်း ဖြစ်ပါသည်။
.
လူဖျင်း၊ လူညံ့၊ လူညစ်၊ လူလိမ်
.
နောင်တတွေ ခဏ ခဏ ရနေရင် လူဖျင်း ဖြစ်သွားပါသည်။ လုပ်သင့်တာ မလုပ်ခြင်း၊ မ လုပ်သင့်တာ လုပ်ခြင်းဖြင့် နောက်တရတတ် သည်မှာ လူ့သဘာဝ ဖြစ်သည်။ လူသာမန်တို့ အဖို့ အမှားမကင်းနိုင်ပါ။ သို့သော် ခဏခဏမှား ပြီး ခဏခဏ နောင်တရနေခြင်းသည် မဖြစ် သင့်ပါ။ စိတ်ကောင်း၊ စေတနာကောင်းလေး ထည့်လုပ်လိုက်လျှင် အမှား နည်းနိုင်သည်။ နောင်တရခြင်းသည် မဖြစ်သင့်ပါ။ စိတ်ကောင်း စေတနာကောင်းလေး ထည့်လုပ်လိုက်လျှင် အ မှားနည်းနိုင်သည်။ နောင်တရစရာလည်း မရှိ တော့ပါ။ အရက်သေစာ၊ မူးယစ်ဆေးဝါး စွဲ လမ်းနေသူများ၊ လောင်းကစားသမားများ စ သော လူဖျင်းများတွင် မကောင်းသော စိတ်များ ဖုံးလွှမ်းကာ လူစိတ်များပင် ပျောက်သွားတတ်လေသည်။
.
ထို့အတူ အမှားတွေ ခဏခဏ လုပ်သော လူညံ့သည် မှားနေမှန်းသိလျက် ဇွတ်တိုးလုပ် နေတတ်သည့် မည်သူ့ကိုမျှ မထောက်ထားဘဲ သူ လုပ်ချင်ရာ လုပ်သည်။ စာနာစိတ်၊ ညှာတာ စိတ်ဆိုသည့် လူစိတ် ပျောက်နေတတ်သည်။ ဒုစရိုက်မှုများ၊ မသမာမှုများ ပြုလုပ်ရန်ကိုသာ တွေးနေပေလိမ့်မည်။ လူ့ကျင့်ဝတ် ငါးပါးလုံးကို ဖောက်ဖျက်ကာ လူ့အဖွဲ့အစည်းကို နှောက် ယှက်နေတတ်လေသည်။ စိတ်ကောင်းမရှိသော နောက်လူတစ်မျိုးမှာ လူညစ်များ ဖြစ်ကြသည်။ အချစ်တွေ ခဏခဏ ပြောင်းရင်း လူညစ်ဖြစ် သွားကြသည်။ သစ္စာမရှိသော ဖောက်ပြန်ရေး သမားများ ဖြစ်သည်။ သူတစ်ပါး သားသမီး၊သူ တစ်ပါး သားမယားကို ကိုယ်နှုတ်နှလုံး သုံးပါး ဖြင့် ပြစ်မှားကြသည်၊ စော်ကားကြသည်။ ပြီး တော့ အသစ် ရှာသည်။ ယခုခေတ်တွင် ပို၍ ပင် မြင်တွေ့ကြားသိနေရသည်။ ခေတ်သစ်လူ ညစ်များသည် ပိုပြီး ယုတ်မာကြသည်။ သက် ငယ်မုဒိမ်းကောင်များ၊ ကိုယ့်သမီး၊ ကိုယ့်နှမကို ပင် စော်ကားသော မုဒိမ်းကောင်များ အလွန် များလာကြသည်။ ကိုယ့်တပည့်ငယ်၊ မြေးငယ်  များကိုပင် အလွတ်မပေးဘဲ ဖောက်ပြန်ရေးသ မားများ အကြောင်းကို မကြာခဏ ကြားနေရ ခြင်းသည် အနာဂတ် တိုင်းပြည်ရေးရာအတွက် ရင်လေးစရာ အလွန်ကောင်းလှပါသည်။ ဥမ မယ် စာမမြောက်၊ လူလားမမြောက်သေးသော ကလေးသူငယ်များကို မညှာမတာ၊ မစာမနာဘဲ ယုတ်မာသူများကို ညှာတာဖို့၊ စာနာဖို့ မလိုပါ ပေ။ မိမိ စိုက်ပျိုးထားသော ဥယျာဉ်ခြံမြေတွင် ခြုံနွယ် မြက်ပင် ဆူးပင်များကို မရှင်းလင်း၊ မ ဖယ်ရှားလျှင် သီးပင်၊ စားပင်၊ ပန်းပင်များ ဖြစ် ထွန်း သီးပွင့်နိုင်ကြတော့မည် မဟုတ်ပါချေ။
.
မင်းမှာသစ္စာ၊ လူမှာကတိဆိုသည့်အတိုင်း လူတိုင်းအတွက် ကတိသည် အလွန်အရေးကြီး ပါသည်။ ကတိမတည်ခြင်းသည် စိတ်ထားယုတ် ညံ့ခြင်းပင် ဖြစ်သည်။ စိတ်နေစိတ်ထား ကောင်း မွန် မြင့်မြတ်သူများသည် ကတိတည်ကြသည်။ ယုံကြည်ရသည်။ စိတ်ချရသည်။ လူအများက လေးစားကြသည်။ ခဏခဏ ကတိမတည်လျှင်  လူတို့က လူလိမ်ဟုသာ သတ်မှတ်ကြသည်။ လူလိမ်များသည် သူတို့နှင့် တွေ့သူတိုင်းကို နည်းမျိုးစုံ သုံးကာ ဒုက္ခပေးကြသည်။ စာနာ စိတ် လုံးဝ မရှိကြချေ။ ဘယ်သူသေသေ ငတေ မာပြီးရောဟု သဘောထားကြသည်။ လူတိုင်း လူတိုင်းသည် ကတိတည်အောင် ကြိုးစားအား ထုတ်သင့်ပါသည်။ ကတိတစ်ခါ ပျက်မိလျှင် အ ခါကတိပျက်ဖို့ ဝန်မလေးတော့ချေ။ ထို့ကြောင့် ကတိကို လွယ်လွယ် မပေးသင့်ပါ။ စိတ်ကောင်း စေတနာကောင်း ရှိသူတို့ကလည်း ကတိကို လွယ်လွယ် မပေးပါ။ မလိမ်မညာကြပါ။ ရိုးသား ဖြောင့်မှန်စွာ ပြောလေ့ရှိကြပါသည်။
.
နောက်ဆုံး အမျိုးအစားသည် လူယုတ်မာ ဖြစ်သည်။ မသမာမှု မျိုးစုံ ဒုစရိုက်မျိုးစုံ လုပ်သည်။ သူ့ရင်ဘတ်ထဲမှာ မသူတော်စိတ်၊ မကောင်းစိတ်များကပင် မသမာမှုများ၊ ဒုစရိုက်မှုများကို ခေါ်ယူနေခြင်း ဖြစ်သည်။ လူ့လောက အလှတရား မှန်သမျှကို ဖျက်ဆီးနေသော မကောင်းဆိုးဝါး မိစ္ဆာများသာ ဖြစ်သည်။ အပါယ် ငရဲကျမည့် မိစ္ဆာဒိဋ္ဌိများလည်း ဖြစ်ပါ၏။ သူတို့ သည် အတ္တကိုသာ အမြဲဗဟိုပြုနေကြ၏။ အ များအကျိုး အလိုမရှိ၊ ကိုယ်ကျိုးကိုသာ ကြည့် ကြလေသည်။ ထိုသူတို့သည် သူခိုးဓားပြများ လည်း ဖြစ်နိုင်သည်။ အသေးစား အငယ်စားသူ ခိုးမှသည် သူခိုးကြီး စူပါသူခိုးကြီးများအထိ ဖြစ် နိုင်သည်။ မကောင်းဆိုးဝါး ပျောက်စေဆရာများ သဖွယ် သူခိုးလုပ်လိုက် ဓားပြလုပ်လိုက်၊ လူ ကြီး လုပ်လိုက် လူကောင်း လုပ်လိုက် လုပ်နိုင် ကြလေသည်။ သဏ္ဍာန်လုပ် သရုပ်တူအောင် လည်း လုပ်တတ်ကြသည်။ ခိုးနည်း (၂၅) နည်း မက ခိုးနည်း (၂၅ဝ)တတ်ကျွမ်းသည်။ ထိုသူ မျိုးတွေ များနေလျှင် တိုင်းပြည်ဆင်းရဲ မွဲတေပါ လိမ့်မည်။ လူ့လောက ကြီးလွန်စွာ အကျည်း တန်သွားပါလိမ့်မည်။ မူးယစ်ဆေးဝါး ဘုရင်၊ မူးယစ်ဆေးဝါး၊ သားကောင်များ၊ မုဒိမ်းကောင် များမှအစ အဂတိလိုက်စား အကျင့်ပျက်ဝန် ထမ်းများအထိ ဖြစ်နိုင်ကြလေသည်။
.
စိတ်ကိုပြုပြင် စိတ်ကိုသင်
.
လူမှန်သမျှသည် (စား၊ဝတ်၊ နေ) အရေး သုံးပါးအတွက် ရုန်းကန်လှုပ်ရှားနေကြရသည်။  မိမိစားဝတ်နေရေး၊ အဆင်ပြေဖို့အတွက် အခြားသူတို့၏ စားဝတ်နေရေးကို မထိခိုက်မနစ်နာ စေသင့်ပါ။ လူသည် စားဝတ်နေရေး အဆင်ပြေမှ အသက်ရှင်သန် ကျန်းမာပျော်ရွှင်နိုင်မည် ဖြစ်ပါသည်။ လူလူချင်း ကိုယ်ချင်းစာမှ လောက သာယာပါမည်။ လူလူချင်း ညှာတာရပါမည်။ ထောက်ထားရပါမည်။ ကူညီဖေးမကြရပါမည်။ လူလူချင်း ချစ်ခင်ကြရပါမည်။ ယခုအခါ ထို စိတ်ကောင်းများ၏ တစတစ နည်းပါးလာနေကြ ပါပြီ။ သဘာဝတရားကြီးက သက်သေပြနေပါ သည်။ ကမ္ဘာ့ရာသီဥတုများ ဖောက်ပြန်ကာ သ ဘာဝဘေးအန္တရာယ် မျိုးစုံဖြစ်ပွားနေလျက်ရှိပါ သည်။ မိမိတို့၏ စားဝတ်နေရေးအတွက် သစ် ပင်တောတောင်များ ခုတ်ရင်းခုတ်ရင်းဖြင့်တော များ ပြုန်း၊ တောင်များပြောင်ကာ မိုးမမှန် လေ မမှန် သဘာဝ မူမမှန် ဖော်ပြန်ခဲ့ရတော့သည်။ မိမိတို့၏ စားဝတ်နေရေး အဆင်ပြေဖို့ လုပ်ရာ က သူတစ်ပါးတို့၏ စားဝတ်နေရေးများကို ထိ ခိုက်ပျက်စီးခဲ့ရခြင်းပင် ဖြစ်လေသည်။ မြင်သာ သော ဥပမာ တစ်ခုမျှသာ ဖော်ပြခြင်း ဖြစ်ပါ သည်။ အတ္တကိုယ်ကျိုးကြည့်လွန်းလျှင် စိတ် ကောင်း စိတ်မှန်များ ပျောက်ကွယ်သွားတတ် ပါသည်။ မိမိက မရည်ရွယ်ပါဟု ဆိုစေကာမူ ကျူးလွန်မှားယွင်းပြီး ဖြစ်နေတတ်လေသည်။
.
ကျွန်တော်တို့ လူ့လောကကြီးတွင် စာနာ မှုအပြည့်အဝရှိသော လူယဉ်ကျေးများ အလွန် လိုအပ်နေပါသည်။ စိတ်ကောင်းရှိသော လူ ကောင်းများ၊ စိတ်ကောင်းရှိသော ပြည်သူပြည် သားကောင်းများကသာ တိုင်းပြည်ကောင်း အောင်၊ ငြိမ်းချမ်းသာယာအောင် ပြုလုပ်နိုင်ပါ သည်။ တိုင်းပြည်ကောင်းစေချင်လျှင်၊ လူတိုင်း ကိုယ်စီ စိတ်ဆိုးစိတ်ယုတ်တွေ ပယ်ဖို့ လိုပါ သည်။ စိတ်ကို ပြင်ဖို့ လိုပါသည်။ မိမိတို့ ဆက် ဆံနေရသူချင်းလည်း စိတ်တွေ ပြင်ပေးသင့်ပါ သည်။ အထူးသဖြင့် မျိုးဆက်သစ်များကိုလည်း စိတ်ကို သင်ပေးကြရပါမည်။ ''သူများကောင်း ဖို့ ကိုယ်ကတော်။ သူများတော်ဖို့ ကိုယ်က ကောင်း'' ပြကြရပါမည်။ သူများ ပျက်စီးဖို့ သူ များယုတ်နှိမ့်ဖို့ သူများသောက ရောက်ဖို့ သူ များဒုက္ခရောက်ဖို့ နည်းနည်းလေးမျှပင် စိတ်မ ကူးသင့်ပါ။ ပြောလည်း မပြောသင့်ပါ။ ပြုလည်း မပြုသင့်ပါပေ။
.
          ''စာနာမှု လုံးဝမရှိတဲ့ လူယဉ်ကျေး အ ယောင်ဆောင်တွေ ပျောက်ကွယ်ပါစေ။''
          ''စာနာမှုအပြည့်အဝရှိသော လူယဉ်ကျေး အစစ်တွေ ဖြစ်ပေါ်ထွန်းကားပါစေ''။
.

Journal Download

Photo of three cats