မိုင်းတုံတွင် မကူးစက်နိုင်သောရောဂါ (၄) မျိုးအတွက် ကျေးရွာအရောက် ကုသပေးမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, January 29, 2019

မိုင်းတုံတွင် မကူးစက်နိုင်သောရောဂါ (၄) မျိုးအတွက် ကျေးရွာအရောက် ကုသပေးမည်



မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် မကူးစက်နိုင်သောရောဂါ (၄) မျိုးအတွက် ကျေးရွာ အရောက် ပြည်သူ့ကျန်းမာရေး ကုသမှုများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
မြန်မာနိုင်ငံ မကူးစက်နိုင်သောရောဂါများ Pacage of Essential  Non-Communicable Disease Interventions(PEN) လက်ရှိအခြေအနေ အသိပညာပေးဆွေးနွေးပွဲနှင့် လူထုနှင့်တွေ့ဆုံပွဲကို ဇန်န၀ါရီလ ၂၈ ရက်၊ နံနက် ၉ နာရီက မိုင်းတုံမြို့နယ်၊ ၂၅ ခုတင်ဆံ့ ဆေးရုံ၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ မိုင်းတုံမြို့နယ် ဆရာဝန် ဒေါက်တာသက်ခိုင်မင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
.
“မကူးစက်နိုင်တဲ့ရောဂါတွေအတွက် ဆေးတွေကို ကျေးလက်ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဌာနတွေက တစ်ဆင့် တိုက်ရိုက်ဖြန့်ဖြူနိုင်အောင် သင်တန်းတွေပေးပါမယ်။ အဲဒီဌာနတွေမှာ အစစ်ဆေးခံရင်း အခမဲ့ဆေးဝါးများကို ရယူပြီး ကုသကြဖို့၊ ဝေးလံတဲ့ဆေးရုံတွေဆီလာစရာမလိုတော့ဘဲ ကိုယ့်ရွာမှာတင်ရရှိစေဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။ ဆေးတွေရတာနဲ့ လူနာတွေဆီ ဖြန့်ဝေသွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာသက်ခိုင်မင်းက ပြောသည်။
.
မကူးစက်နိုင်သောရောဂါများတွင် အဓိကရောဂါများဖြစ်သည့် သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ကင်ဆာရောဂါ(သားအိမ်ခေါင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ရင်သားကင်ဆာ)နှင့် နာတာရှည် အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများကို International  HelpAgeအကူအညီဖြင့် ဆေးဝါးများ အခမဲ့ရယူကုသခြင်းဖြင့် ကုသနိုင်ကြ ရန် အသိပညာပေးဆွေးနွေးခြင်း ဖြစ်ကြောင်းနှင့် မြို့နယ်အဆင့်သင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံလူဦးရေ၏ ၉၄ ရာခိုင်နှုန်းတွင် မကူးစက်နိုင်သောရောဂါတစ်မျိုးမျိုးရှိနေပြီး ၆၈ ရာခိုင်နှုန်းမှာ ထိုရောဂါများဖြင့် သေဆုံးနေကြရသည်ဟု ၂၀၁၇ ခုနှစ်၊ WHO ၏အစီရင်ခံစာတွင် ဖော်ပြထားပြီး ၊ကမ္ဘာ့နိုင်ငံ များတွင် ယင်းရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၄၁ သန်းသေဆုံးနေကြပြီး သေဆုံးမှုများ၏ ၇၁ ရာခိုင်နှုန်း ရှိကြောင်း၊ အသက်၃၀-၆၉ နှစ်အကြားရှိ လူဦးရေ ၁၅ သန်း နှစ်စဉ်သေဆုံးနေကြကာ၊ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ၁၇ ဒသမ ၉ သန်း၊ ကင်ဆာကြောင့် ၉ သန်း၊ နာတာရှည်အဆုတ်ရောဂါကြောင့် ၃ ဒသမ ၉ သန်း၊ ဆီးချိုရောဂါကြောင့် ၁ ဒသမ  ၆သန်း သေဆုံးလျက်ရှိကြောင်း သိရသည်။
.
အဆိုပါသေဆုံးရမှုများတွင် ဆေးလိပ်ဆေးရွက်ကြီးကြောင့် သေဆုံးမှုမှာ တစ်နှစ်လျှင် ၇ ဒသမ ၂ သန်း သေဆုံးနေခြင်းဖြစ်ပြီးး ယင်းအထဲမှ သေဆုံးသူ ၉ သိန်းမှာ တဆင့်ခံဆေးလိပ်ငွေ့ကြောင့်သေဆုံးရခြင်းဖြစ်ကြောင်း၊ ဆား/ဆိုဒီယမ် အလွန်အကျွံစားသုံးမှုကြောင့် နှစ်စဉ် ၄ ဒသမ ၁ သန်းသေဆုံးနေရပြီး အရက်ကြောင့် ၃ ဒသမ ၃ သန်း သေဆုံးနေရကာ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်မှုက နှစ်စဉ် ၁ ဒသမ ၆ သန်း သေဆုံးနေရသည်ဟု ဖော်ပြပါရှိရာ ဆေးလိပ်သောက်သုံးမှုမှာ အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြား များပြားလျက်ရှိသည်ကိုတွေ့ရသဖြင့် နိုင်ငံအတွင်း ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှု လျော့ကျရေးမှာ အရေးကြီးကြောင်း ဒေါက်တာသက်ခိုင်မင်းကပြောသည်။
.
မကူးစက်နိုင်သောရောဂါများအတွက် လိုအပ်သည့်ကိစ္စရပ်များဆောင်ရွက်နိုင်ရန် မိုင်းတုံမြို့နယ်အတွင်းရှိ မြို့၊ ရပ်ကွက်/ကျေးရွာများမှ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း ၃၄ ဦးအား ဇန်န၀ါရီလ ၂၉ ရက်မှ ၃၁ ရက်အထိ ၃ ရက်ကြာ သင်တန်းကို မိုင်းတုံမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယင်းသင်တန်းဆင်း ကျန်းမာရေး ၀န်ထမ်းများမှ ဒေသခံပြည်သူများအား လိုအပ်သည့် အထောက်အကူပြုဆေးဝါးများ ဖြန့်ဝေပေးနိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
မိုင်းတုံမြို့နယ်တွင် မိုင်းဟန်ကျေးရွာအုပ်စုအတွင်း `၀`အထူးဒေသပါဝင်သည့်အပြင် ကျန်းမာရေးအသိပညာအထူး ဂရုပြုရမည့်ဒေသဖြစ်သည့်အပြင် အခြားကျေးရွာအုပ်စုများတွင်လည်း ယခု မကူးစက်နိုင်သောရောဂါများအတွက် ဆေးဝါး သောက်သုံး ရမည့်လူနာ အများအပြားရှိနိုင်သဖြင့် လိုအပ်သည့် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Recent Tube