ညီညွတ်ချိန် တန်ပြီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညီညွတ်ချိန် တန်ပြီ



ကမ္ဘောဇတိုင်း
.
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများမှာ လွန်စွာအရေးကြီးလှပါသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို မလိုလားသော အဖျက်အမှောင့်သမားများမှလည်း အမျိုးမျိုး သွေးထိုးလှုံ့ဆော်မှုများ ကို ပြုလုပ်နေကြသည်မှာ အားလုံးအသိပင် ဖြစ်သည်။
.
ပြီးခဲ့သည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သော ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက် ၆ နာရီခွဲတွင် ဒေသခံတိုင်းရင်းသား ကျေးရွာများ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်နေ သည့် ဘူးသီးတောင်မြို့နယ် နယ်မြေ (၁ဝ) အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်တွင်ရှိသော ငမြင်းဘော်ရဲကင်းစခန်းအား ဗဗ အဖွဲ့က အင်အား ၁ဝဝ ခန့်ဖြင့်လည်းကောင်း၊ ကျောင်းတောင် ရဲကင်းစခန်းအား အင်အား ၁ဝဝ ခန့်ဖြင့်လည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းအား အင်အား ၅ဝ ခန့်ဖြင့်လည်းကောင်း၊ ခထီးလှရဲကင်း စခန်းအား အင်အား ၁ဝဝ ခန့်ဖြင့်လည်းကောင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
.
မြန်မာပြည်၏ အနောက်တံခါး လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်နေသော ဝန်ထမ်းများကို ယင်းကဲ့သို့ နောက်ကျောမှ ဓါးဖြင့်ထိုးခဲ့ခြင်းမှာ မြန်မာပြည်ကို နောက်ကျောဓါးဖြင့် ထိုးသည့်လုပ်ရပ် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
.
ပြည်ပကျူးကျော်မှု၊ ခိုးဝင်ဘင်္ဂါလီပြဿနာ စသည်တို့ကို စုပေါင်းအားဖြင့် တွန်းလှန်ကာကွယ်ရမည့် အချိန်တွင် ယခုကဲ့သို့ ကိုယ့်တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေခြင်းမှာ လွန်စွာပင် ဝမ်းနည်းဖွယ်ကောင်းလှပါ သည်။
.
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား ပဋိပက္ခ ဖြစ်ပွားရာမှတဆင့် နှစ်ဘက်သော တိုင်းရင်းသား လူ့အဖွဲ့အစည်း နှစ်ရပ်အကြား မကျေမလည်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့မြင်နေရသည်။ ထိုကဲ့သို့သော အခြေအနေတွင် ပြည်တွင်းငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုကို မလိုလားသော အုပ်စုများမှလည်း သွေးထိုးလှုံ့ဆော် မှုများကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုးဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လုပ်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းကဲ့သို့ စစ်ရေးပဋိပက္ခများကြောင့် ဒေသခံပြည်သူများမှာ နေရပ်၊ အိုးအိမ်၊ စည်းစိမ်၊ လယ် ယာလုပ်ငန်းတို့ကို စွန့်ခွာကာ အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် တိုင်းတစ်ပါး အပါအဝင် အခြားအရပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်နေကြရသည်မှာ လွန်စွာ ဝမ်းနည်းဖွယ် ကောင်းလှပါသည်။
.
သမိုင်းအဆက်ဆက်တွင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံသည် အစစ အရာရာ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရသည်။ သဘာဝသယံဇာတ ပေါမျာြး<ွကယ်ဝလှသော မြန်မာနိုင်ငံ အတွင်း အချင်းချင်း မညီညွတ်မှုကြောင့် ယင်းသယံဇာတများကို အကျိုးရှိရှိ အသုံးမချနိုင်ဘဲ ဆင်းရဲမွဲတေမှုနွံတွင် နစ်နေခဲ့ရသည်။
.
မြန်မာပြည်ကြီး လွတ်လပ်ရေး ရရှိရန် လက်တကမ်းသာလိုတော့သည့် အချိန်တွင် မနာလိုမရှုစိမ့်သူတို့ကြောင့် အမျိုသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်အများအပြားကို လက်လွတ် ဆုံးရှုံးခဲ့ ရသည်။ လွတ်လပ်ရေး ရပြီးချိန်တွင်လည်း တိုင်းရင်းသားအချင်းချင်း (လက်နက်ကိုင်အဖွဲ့အချင်းချင်း) စည်းလုံး ညီညွတ်မှု မရှိခြင်းကြောင့် တိုင်းပြည်နစ်နာခဲ့ရသည်။
.
ယနေ့အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး အတွက် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုကြီးကို ထူထောင်သွားရမည့်အချိန်သာ ဖြစ်ပါတော့သည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု မရှိလျှင်ကား နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်း မှာ အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့ အချည်းအနှီးသာ ဖြစ်နေပါမည်။
.
မြန်မာပြည်ကြီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အတိတ်သမိုင်းမှ သင်ခန်းစာများကို ရယူကာ တိုင်းရင်းသား အချင်းချင်း ညီညွတ်ချိန်တန်ပြီဟုသာ ဆိုချင်ပါသည်။
.

Journal Download

Photo of three cats