ကျေးဇူးအရှင် အိုဖခင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျေးဇူးအရှင် အိုဖခင်



မြေခဲတောင်မောင်မောင်ဝင်း
.

.
လောက၌ ကျေးဇူးဆပ်၍ ကုန်နိုင်ဖွယ်မရှိသော ပုဂ္ဂိုလ်နှစ်ဦးတို့ ရှိနေကြပါ၏။ ထိုပုဂ္ဂိုလ် နှစ်ဦးကား အဖေနှင့် အမေတို့ပင်တည်း။ တစ်နည်းဆိုရသော် ကျွန်တော်တို့ သားသမီးတို့၏ ကျေးဇူးရှင်မိခင်နှင့် ဖခင်များပင်တည်း။
.
ကျေးဇူးရှင် မိဘနှစ်ပါးတို့သည် ရတနာဟု ခေါ်ကြသည်။ ကျွန်တော်တို့ သားသမီးပေါင်း များစွာကို မညည်းမညူဖြင့် နဖူးကချွေး၊ ခြေမ ကျသည်ထိ ပြုံးပြုံးရွှင်ရွှင်ဖြင့် ရှာဖွေလုပ်ကိုင် ကျွေးမွေးကာ ပြုစုပျိုးထောင်ပေးခဲ့ကြပါသော် လည်း နောင်တစ်ချိန်တွင် ထိုသားသမီးများထံ က ပြန်လည်ရယူလိုမှုကား မြူမှုန်မျှပင်ထားကြ မည်မဟုတ်ပေ'' သူတို့လေးတွေ အဆင်ပြေလျှင် ပြီးတာပဲလေ''ဟူ၍သာ အဖေတို့ အမေတို့ ဆန္ဒရှိခဲ့ကြမည်မှာ အသေအချာပင်ဖြစ်ပါ၏။
.
''တို့နဲ့ထိုက်လို့ ရလာတဲ့ကလေးမွေးသာ မွေးပါ ရှင်မရာ၊ ငါ အလုပ်ပိုရှာလုပ်ပါ့မယ်''ဆိုသည့် အဖေတွေလောက၌ များစွာများစွာ ရှိလို့နေကြမည်ဖြစ်ပါ၏။

.
လောက၌ ကျေးဇူးရှင်မိဘနှစ်ပါးက သားသမီးဆယ်ယောက်ကို ကျွေးမွေးစောင့်ရှောက် လာနိုင်ခဲ့သော်ငြား ထို သားသမီးဆယ်ယောက် တို့ကမူ ကျေးဇူးရှင် မိဘနှစ်ပါးကို အစ်ကိုကြီး က ကျွေးမွေးနိုး၊ အစ်မကြီးက ခေါ်ထားနိုး၊ ညီငယ်က စောင့်ရှောက်နိုး၊ နှမငယ်က ပံ့ပိုးနိုးဖြင့် ဘာသိဘာသာဖြစ်လို့ နေခဲ့ကြသည်မဟုတ်ပါလား။
.
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် အမေများ နှင့် ပတ်သက်၍ ကမ္ဘာ့အမေများနေ့ သို့မဟုတ် ကမ္ဘာ့မိခင်များနေ့ကို သတ်မှတ်ပြဌာန်းပေးခဲ့ သည့်နည်းတူ ကမ္ဘာ့အဖေများနေ့ သို့မဟုတ် ကမ္ဘာ့ဖခင်များနေ့အဖြစ် နှစ်စဉ် ဇွန်လ ၁၉ ရက်ကို ၁၉၁ဝ ပြည့်နှစ်မှစ၍ သတ်မှတ်ပြဌာန်း ပေးနိုင်ခဲ့ပါသည်။
.
ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့်မူ တပေါင်းလပြည့်နေ့ကို ''အဖေနေ့''ဟူ၍ မူဟန် တစ်မျိုးဖြင့် သတ်မှတ်ထားသည်ကို တွေ့ရှိမှတ် သားရပါသည်။
.
ဗုဒ္ဓဘာသာဝင်ကျွန်တော်တို့ မြန်မာများအ နေဖြင့် အဆိုပါ တပေါင်းလသည် ကမ္ဘာဦးအစ နေနှင့်လတို့ ပေါ်လာသော လမြတ်ဟူ၍လည်း မှတ်ယူထားကြပါသည်။ ထို့ပြင် ဆယ့်နှစ်လရာ သီကာလများတွင် မိန်ရာသီလတပေါင်းသည် သရဖီပန်းများ ပွင့်လန်းသည့် သဲပုံစေတီများ ဖြင့် အသာယာဆုံးသော အခါသမယလည်း မည်ပါပေသည်။
.
ဗုဒ္ဓမြတ်စွာဘုရားရှင်အား ကာဠုဒါယီအမတ်ကြီးက လ တကာတို့တွင် တောလမ်းခရီး သာယာလှပုံတို့ကို ၆၄ ဂါထာ(ဂါထာ ၆ဝ ဟု အမည်တွင်ပါသည်)သီကုံးလျက်လျှောက်တင် သော လမြတ်သည် အဆိုပါ တပေါင်းလပင် ဖြစ်ကာ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဖခမည်း တော်၏ ကျေးဇူးတရားများကို သိရှိတော်မူသည့် အနေဖြင့် မွေးရပ် ဇာတိကပိလဝတ်နေပြည်တော် သို့ ''ပြည်တော်ပြန်ဝင်သော အခါတော်နေ့'' ဟူ၍လည်း ဗုဒ္ဓဘာသာသူတော်စင် အပေါင်းတို့ က သတ်မှတ်ထားကြသည့်အခါသမယ ရက် မြတ်လည်းဖြစ်ပါ၏။
.
ထို့ပြင် ထိုတပေါင်းလပြည့်နေ့သည် သွေးချင်းပအိုဝ်းတိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ် ''အမျိုးသားနေ့''အခါသမယ၊ ရက်မြတ်လည်း ဖြစ်ပါ၏။
.
ဤသို့ နေ့ထူးနေ့မြတ်များစွာတို့ဖြင့် ပြည့် စုံနေသော တပေါင်းလပြည့်နေ့သည် ကျွန် တော်တို့ သားသမီးအပေါင်း တို့၏ ကျေးဇူးရှင် အမေနေ့သို့မဟုတ် ကျေးဇူးရှင်ဖခင်နေ့ဖြစ်နေ ခြင်းသည်ကလည်း ကျွန်တော်တို့ သားသမီး အပေါင်းတို့အတွက် ဂုဏ်ယူဖွယ် ဆုလာဘ်ကြီး တစ်ခုပင်ဖြစ်ပါလေ၏။
.
မည်သို့သော သားသမီးပင်ဖြစ်စေ၊ မွေး ကင်းစအရွယ်မှ အိုမင်းမစွမ်းဖြစ်ပြီး ကွယ်လွန် သွားသည့်တိုင် ကျေးဇူးရှင်ဖခင်၏ အမည်ကား ဘယ်သောအခါမျှ ဖျောက်ဖျက်၍ရမည်မဟုတ် ပေ။ နောက်က တွဲလျက်ပါနေမည်ဖြစ်သည်။
.
ကျွန်တော်တို့ သားသမီးများအားလုံး၏ ကျေးဇူးရှင်ဖခင်သည် စာမဖတ်တတ်သဖြင့် ကြက်ခြေခတ် လက်မှတ်ရေးထိုးရသော ဖခင် ဖြစ်ချင်လည်း ဖြစ်မည်။ ရွာဦးကျောင်းဆရာ တော်ထံက အတွင်းအောင်ခြင်း အပြင်အောင် ခြင်းတွေ သင်ယူခဲ့ရသော ဖခင်လည်းဖြစ်ချင် ဖြစ်မည်။ နေထွက်မှနေဝင်ထိတိုင် လယ်ယာ လုပ်ငန်းခွင်မှာ ကျွဲနွားများနှင့်အတူ ကျွဲပခုံးထ အောင် ရုန်းကန်အလုပ်လုပ်ခဲ့ရသည့် တောင် သူလယ်သမား ဖခင်ဖြစ်ချင်လည်းဖြစ်မည်။ မောင်းသံတလွင်လွင်ဖြင့် လမ်းတကာလှည့် လည်ကာ ဈေးရောင်းနေရသည့် မောင်းမောင်း သည် ဖခင်လည်းဖြစ်ချင်ဖြစ်မည်။ လက်မှတ်က လေးတစ်ချက်ထိုးလိုက်ရုံမျှဖြင့် သည်းခြေ ကြိုက်ငွေတွေဝင်လာမစဲတသဲသဲဖြစ်နေသည့် ရုံးပြင်ကနားက ကုပ်ပိုးနှစ်ထပ်သုံးထပ်ဖြင့် ဟန်ဆောင်အပြုံးတွေ ပြုံးပြတတ်သော အာ ဏာရှင် ဖခင်ဖြစ်ချင်လည်းဖြစ်မည်။ တခြား သော ပြင်ပလုပ်ငန်းခွင်တစ်ခု ညတာဝန်ယူနေ ရသည့် သာမန်ရုံးဝန်ထမ်း ဖခင်လည်းဖြစ်ချင် ဖြစ်မည်။ သူဌေးသြူ<ွကယ်မိသားစုတွေ ရယ်ရယ် မောမော ပြုံးပြုံးရွှင်ရွှင်ဖြင့် အေးအေးဆေးဆေး နေထိုင်နိုင်ဖို့အတွက် နေပူစပ်ခါးမရှောင်အထပ် မြင့် အဆောက်အအုံတွေ ဆောက်လုပ်ပေးနေ ရသည့် အလုပ်ကြမ်းသမားဖခင်လည်း ဖြစ်ချင် ဖြစ်မည်။ တိုင်းပြည်အတွက် အသက်စွန့်ကာ ကွယ်ရင်းက ဒဏ်ရာအနာတရ ရခဲ့သော ဖခင် ဖြစ်ချင်လည်းဖြစ်မည်။
.
မည်သို့ပင် မည်သို့သော အလုပ်အကိုင် များကို ပင်ပန်းကြီးစွာ လုပ်ကိုင်နေသည်ဖြစ် စေ၊ ဖခင်ကောင်းတို့မည်သည် ကျွန်တော်တို့ သားသမီးများကိုမူ သူတို့၏ ပခုံးကြမ်းကြီးဖြင့် လှပချောမွေ့နေသော အမြင့်တစ်နေရာကို ပို့ ဆောင်ပေးလျက်ရှိနေသည်သာဖြစ်ပါ၏။
.
''ငါ့သားသမီးတွေ ငါ့ထက် သာရမည်''ဆိုသော စံပြဖခင်တွေ သို့မဟုတ် စံပြအဖေ တွေဖြစ်နေကြလေသည်တကား။
.
မင်္ဂလာရှိလှစွာသော ''အဖေနေ့''တွင် ကျေးဇူးတင်ဂုဏ်ပြုထိုက်သော စံပြအဖေများ အတွက် သားသမီးများကိုယ်စား သားတစ် ယောက်ဖြစ်သော ကျွန်တော့်အနေဖြင့် ကဗျာ တစ်ပုဒ်ဖြင့် ရိုသေဦးညွှတ်ကာ ဂုဏ်ပြုကန် တော့လိုက်ပါသည်။
.
''ဆရာ မင်းသုဝဏ်ရဲ့ သြဝါဒစကားတစ် ခုရှိတယ်ဗျ။ လူဆိုတာ သေခါနီးပြန်စဉ်းစားမိ တဲ့အချိန်မှာ ကိုယ်တိုင်သာဓုခေါ်သွားနိုင်ခဲ့ဖို့ ကြိုးစားရမယ်တဲ့ ကျွန်တော်တို့ကတော့ ကိုယ် လုပ်ခဲ့တာတွေအတွက် ကိုယ့်သားသမီးတွေ ရှက်စရာမဖြစ်အောင် ကြိုးစားနေရတုန်းပါပဲ''ဟူ၍ အဖိုးတန်စကားတစ်ခွန်းကို ပြောကြား သွားခဲ့သော ကဗျာစာဆိုရှင် ဆရာတင်မိုး (၁၈-၄-၁၉၃၉- ၂၃-၁၂-၂ဝဝ၇)၏ ကဗျာ ပေါင်းများစွာထဲက ကဗျာလေးတစ်ပုဒ်ဖြစ်ပါ သည်။
.
ထောင်ကို အင်မတန်ကြောက်ရှာသော ဆရာတင်မိုးသည် ထောင် ၄ နှစ်ကျသွားရုံမက ပြည်ပြေးဘဝပင်ဖြစ်ခဲ့ရပါ၏။ ဆရာ မကွယ်လွန်မီက ထိုင်းနိုင်ငံ၊ ချင်းမိုင်ဘက်မှ မြန်မာ နိုင်ငံကို ငေးမျှော်ကြည့်လျက် မျက်ရည်များကျ ခဲ့ရကြောင်းကိုလည်း မှတ်သားရပါသည်။
.
သားသမီးများဖြစ်ခဲ့ကြသော ကျွန်တော်တို့ ကိုယ်တိုင်က ဖခင်ဘဝ သို့မဟုတ် အဖေ့နေရာ ရောက်ရှိရပြီဆိုတော့ ဆရာတင်မိုး၏ အောက်ပါ ကဗျာလေးက ကျွန်တော်တို့အတွက် တကယ့် ရှေ့ဆောင်လမ်းပြကဗျာလေးဖြစ်၍ နေပါသည် ဟု ရိုးသားစွာဆိုပါရစေ။
.
ထိုစဉ်ကတည်းက လွန်စွာနှစ်ခြိုက်မှုဖြစ်ခဲ့ ရသော အဆိုပါ ကဗျာလေးကို ကျွန်တော်သည် မှတ်စု၍ အကိုးအကား အပြည့်အစုံဖြင့် ကူးယူ ထားခဲ့ခြင်းဖြစ်ပါသည်။
.
ဝန်ထမ်းဘဝ စာကြည့်တိုက်မှူးတာဝန်ယူစဉ်က သားသမီးတွေချစ်သော အဖေတို့အတွက် အဆိုပါ ကဗျာလေးကို ဆော့ပင်ဖြင့် လှ လှပပရေးပြီး ဗီရိုမှန်မှာကပ်ထားဖူးပါသည်။ ယ နေ့ခေတ်ဆိုလျှင်တော့ ဗွီနိုင်းဖြင့် ချိတ်ဆွဲထား မိမှာ သေချာပါလေ၏။
.
ငါကား ဖခင်ဖြစ်ချေပြီ

          တို့အဖေကား
          ရွှေငွေဥစ္စာ၊ အာဏာမင်းစက်
          ရာထူးမက်ဟု၊
          သားရှက်မခံတော့ပါပြီ။
          တို့အဖေကား
          နေရာတစ်ခု၊ ရလိုမှုအတွက်
          အလုအယက်၊ ခြေကိုဖက်ဟု
          သားရှက်မခံတော့ပါပြီ။
          ငါ၏စိတ်ထား၊ ငါ့စကားသည်
          သားတို့တန်ဆောင်၊
          သားတို့ခေါင်းဆောင်ဖြစ်ချေပြီ။   

                                      ''တင်မိုး''
.

Journal Download

Photo of three cats