သက်ကြီးသတင်းစာပညာရှင်များ ပူဇော်ကန်တော့ပွဲတွင် ကိုယ်တိုင်တက်ရောက် ကန်တော့ခံနိုင်ခြင်း မရှိသည့် ရှမ်းပြည်နယ်အတွင်းမှ သတင်းစာပညာရှင်များအား အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သက်ကြီးသတင်းစာပညာရှင်များ ပူဇော်ကန်တော့ပွဲတွင် ကိုယ်တိုင်တက်ရောက် ကန်တော့ခံနိုင်ခြင်း မရှိသည့် ရှမ်းပြည်နယ်အတွင်းမှ သတင်းစာပညာရှင်များအား အိမ်တိုင်ရာရောက် သွားရောက်ကန်တော့



ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ်မြောက် သက်ကြီးသတင်းစာပညာရှင်များ အား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က ရန်ကုန်မြို့၊ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ပူဇော်ကန်တော့ပွဲတွင် ကိုယ်တိုင် တက်ရောက်ကန်တော့ခံနိုင်ခြင်း မရှိသည့် ရှမ်းပြည်နယ်အတွင်းမှ သက်ကြီးသတင်းစာပညာရှင်များအား မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရှမ်းပြည်နယ်) ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ ဇန်နဝါရီလ ၉ ရက် မွန်းလွဲပိုင်းတွင် အိမ်တိုင်ရာရောက် သွားရောက်ကန်တော့၍ ဗဟို မှ ပေးအပ်လာသည့် အလှူငွေနှင့် ကန်တော့ပစ္စည်းများအား သွားရောက်ပေးအပ်ခဲ့သည်ဟု သိရသည်
.
.
“ရှမ်းပြည်နယ်အတွင်းမှာ ကန်တော့ခံ သက်ကြီးသတင်းစာပညာရှင် ၆ ဦး ရှိတဲ့အနက် ဦးမောင်မောင်လဒ် (အရှင်အဂ္ဂဉာဏ) တစ်ပါးပဲ ရန်ကုန်မှာ ကိုယ်တိုင်သွားရောက် ကန်တော့ခံခဲ့ပါတယ်။ ဒါကြောင့် ကျန်တဲ့ ၅ ယောက် အတွက် ကန်တော့ငွေနဲ့ ပစ္စည်းတွေကို ဗဟိုက ပေးပို့လာတဲ့အခါ အိမ်တိုင်ရာရောက် သွားရောက်ကန်တော့တာပါ။ တောင်ကြီးမြို့ပေါ်က ၂ ဦးနဲ့ အောင်ပန်းက ၁ ဦးကို သွားရောက် ကန်တော့ခဲ့ပါတယ်။ လွိုင်လင်နဲ့ လားရှိုးက ဆရာ ကြီး ၂ ဦးကိုတော့ ကားဂိတ်နဲ့ပဲ လွှဲပေးနိုင်ခဲ့ပါတယ်။ ကန်တော့ငွေ အနေနဲ့ကတော့ ပညာရှင်တစ်ဦးကို ငွေကျပ် ၁ သိန်းပါ။ ဒါ့အပြင် ခေါက်ဆွဲခြောက် တစ်ဖာနဲ့ တခြား လူကြီးလူအိုတွေအတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ အစုံ ပါပါတယ်”ဟု မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရှမ်းပြည်နယ်) အတွင်းရေးမှူးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းသို့ သွားရောက်ကန်တော့ရာတွင် တောင်ကြီးမြို့ရှိ သက်ကြီးသတင်းစာပညာရှင်ကြီးများဖြစ်သည့် ဦး သိန်းသန်းထွန်းနှင့် ဦးသန်းဝေ (တောင်ကြီး) ကလောမြို့နယ်၊ အောင်ပန်းမြို့မှ ဦးမြသိန်းတို့အား အိမ်တိုင်ရာရောက် သွားရောက်၍ ကန်တော့ပစ္စည်းနှင့် အလှူငွေများ ပေးအပ်ခဲ့ပြီး လွိုင်လင်မြို့နယ်မှ သက်ကြီးသတင်းစာပညာရှင် ဦး မြင့်အောင်နှင့် လားရှိုးမြို့မှ သက်ကြီးသတင်းစာပညာရှင် ဦးအောင်မင်းတို့အား အဝေးပြေးယာဉ်လိုင်းများမှတဆင့် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
မြန်မာနိုင်ငံသတင်းစာဆရာအသင်း အနေဖြင့် သက်ကြီးသတင်းစာပညာရှင်များအား ပူဇော်ကန်တော့်ပွဲကို နှစ်စဉ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် ၂၀၁၄ ခုနှစ်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် သက်ကြီးပူဇော်ပွဲမှာ ၅ ကြိမ်မြောက်ဖြစ်ပြီး အဆိုပါ ပူဇော်ကန်တော့ပွဲတွင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အသက် ၇၅ နှစ်နှင့် အထက် သက်ကြီးသတင်းစာ ပညာရှင် ၁၃၁ ဦးအား ပူဇော်ကန်တော့နိုင်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats