ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနတွင် တစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားသည့် ဝက်ဝံအတွက် သံလှောင်အိမ်အသစ် ဆောက်လုပ်လှူဒါန်းခွင့် ရရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, January 25, 2019

ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနတွင် တစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားသည့် ဝက်ဝံအတွက် သံလှောင်အိမ်အသစ် ဆောက်လုပ်လှူဒါန်းခွင့် ရရှိ



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ် သစ်တောဦးစီးဌာနတွင် တစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားသည့် ဝက်ဝံမှာ ခန္ဓာကိုယ်အရွယ်အစား ကြီးထွားလာသောကြောင့် မူလထိန်းသိမ်းထားသည့် လှောင်အိမ်မှာ ဝက်ဝံနေထိုင်ရန် ကျဉ်းကြပ်လာသောကြောင့် စေတနာရှင်များ စုပေါင်းထည့်ဝင်လှူဒါန်းငွေဖြင့် သံလှောင် အိမ်အသစ် တည်ဆောက်ပေးရန် တင်ပြချက်အား ကျိုင်းတုံခရိုင် သစ်တောဦးစီးဌာနရုံးမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ဝက်ဝံကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ကျိုင်းတုံမြို့ နယ်၊ လွိုင်မွေအုပ်စုမှ သတင်းပေး တိုင်ကြားချက်အရ သစ်တောဦးစီးဌာနမှ သစ်တောဥပဒေအရ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
.
ဝက်ဝံနေထိုင်ရန်အတွက် သံလှောင်အိမ်အသစ် တည်ဆောက်ရန် မတည်အလှူရှင်အဖြစ် ကျိုင်းတုံမြို့၊ တောင်ကြီးလမ်းနေ သွားဆရာဝန် ဒေါက်တာ M ဇော်လတ်နှင့် ဇနီးယူမီကို မိသားစုမှ အလှူငွေ ကျပ် ၁ သိန်းဖြင့် စတင်လှူဒါန်းခဲ့ပြီး ကျိုင်းတုံမြို့ရှိ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင် မိသားစုနှင့် ဒေသအတွင်း စေတနာရှင် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ဝက်ဝံနေထိုင်ရန်အတွက် သံလှောင်အိမ်အသစ် တည်ဆောက်လှူဒါန်းမည့် အစီအစဉ်နှင့် ပတ်သက်၍ မတည်အလှူရှင် ဒေါ်ယူမီကိုက ''ကြားကြားချင်းကို စိတ်မကောင်းဖြစ်ရပါတယ်။ ဝက်ဝံလည်း သက်ရှိသွေးသား၊ ခန္ဓာနဲ့ဆိုတော့ နေထိုင်ရတာ ကျဉ်းကြပ်နေမှာပဲလို့ ကိုယ်ချင်းစာ သနားစိတ်နဲ့ အလှူငွေ မတည်ထည့်ဝင်ပြီး ကျွန်မရဲ့ မိတ်ဆွေတွေကိုလည်း ပါဝင်လှူဒါန်းပေးဖို့ နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။ ဝက်ဝံကို တိရစ္ဆာန်ရုံတစ်ခုခု ဖြစ်စေ၊ အဆင်ပြေတဲ့နည်းနဲ့ သက်သောင့်သက်သာ နေထိုင်ခွင့်ရ စေချင်ပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့၊ တာချီလိတ်လမ်းရှိ မြို့နယ်သစ်တော ဦးစီးဌာနပိုင် အဆောက်အဦဟောင်းအတွင်း ထိန်း သိမ်းထားသည့် ဝက်ဝံမှာ မူလခေါ်ယူ ထိန်းသိမ်းစဉ်က အသက် ၁ နှစ် အရွယ်ခန့်သာရှိပြီး သံလှောင်အိမ် အကျယ်အဝန်း ၄ ပေပတ်လည်ခန့်ဖြင့် ချောင်ချိစွာ နေထိုင်ခဲ့ရသော်လည်း ဝက်ဝံမှာ အသက်အရွယ်အလိုက် ကိုယ်ခန္ဓာကြီးထွားလာမှုကြောင့် ယခုအခါတွင် နေထိုင်ရန်အတွက် ကြပ် တည်းလျက်ရှိသည်ဟု သိရသည်။
.
''အလှူရှင်တွေရဲ့ စေတနာကို ကြိုဆိုလက်ခံပါတယ်။ ကျွန်တော်တို့ ဌာနအနေနဲ့ ဘာမှကန့်ကွက်စရာ မရှိပါဘူး။ ဝက်ဝံနေထိုင်ရေး အဆင်ပြေစေဖို့အတွက် လှောင်အိမ်အသစ် တည်ဆောက်ပြီးစီးမှုနဲ့ ရွှေ့ပြောင်း ထားရှိမှု အခြေအနေတွေကို မှတ်တမ်းတင်ပြပေးပါမယ်''ဟု ကျိုင်းတုံခရိုင် သစ်တောဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးထန်ရှင်းမုံက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ပါဝင်သော အထူးဒေသ (၄) နယ်မြေရှိ မိုင်းလားမြို့သည် တောရိုင်းတိရစ္ဆာန် သက်ရှိအကောင်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်းဝယ်ရာဒေသအဖြစ် မြန်မာနိုင်ငံ သဘာဝတောရိုင်း တိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့မှ ကြေညာထားပြီး ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင်၊ တာချီလိတ်ခရိုင်များနှင့် သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သော လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ တရားမဝင် တောရိုင်းတိရစ္ဆာန် အကောင်နှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်း ရောင်းဝယ်မှုများကို လေ့လာစောင့်ကြည့် ဖမ်းဆီးရေးအတွက် ဒေသတွင်း နေထိုင်သူများကို အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube