အမေရိကန်ပြည်ထောင်စု
အခြေစိုက် ကမ္ဘာ့သတင်းမီဒီယာများဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (USAGM)က စွမ်းဆောင်ရည်ရှိသော
သတင်းထောက်များကို ချီးမြှင့်သည့် David Burke ဂုဏ်ပြုဆုကို ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးမြို့မှ RFA (မြန်မာ)သတင်းဌာန၏ သတင်းထောက် ကိုကံသာအား ပေးအပ်ခဲ့ကြောင်း သိရသည်။
.
USAGM အဖွဲ့သည်
ထူးချွန်သော သတင်းထောက်များကို ရွေးချယ်ကာ နှစ်စဉ် ဆုချီးမြှင့်နေခြင်း ဖြစ်ပြီး ယခုနှစ်၌
ကိုကံသာ အပါအဝင် VOA တူရကီဘာသာ သတင်းဌာန၊ လွတ်လပ်တဲ့ ဥရောပအသံ RFE သတင်းဌာန၊ အရှေ့အလယ်ပိုင်းအသံလွှင့်ကွန်ရက်၊
ကျူးဘားအသံလွှင့် ဌာနများက သတင်းထောက်များကို လည်း ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်ကာ ဆုရရှိသူများအား
လာမည့် ဒီဇင်ဘာလ ၁၂ ရက်တွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့၌ ဆု ချီးမြှင့်ပေးအပ်သွားမည်
ဖြစ်ကြောင်း သိရသည်။
.
''ဆု ရတဲ့အတွက်
အားတစ်ခုတော့ ဖြစ်စေပါတယ်။ နယ် သတင်းသမားတွေ ဆိုတာ စိန်ခေါ်မှုတွေနဲ့ ပိုပြီး ရင်ဆိုင်နေကြရသူတွေလည်း
ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို ဆုရမယ်လို့  မျှော်လင့်မထား သလို ဆုရပါစေဆိုပြီး
လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ရှမ်းမြောက်ဒေသက လက်နက်ကိုင် ပြဿနာတွေကြားမှာ ဒေသခံတွေ လူ့အခွင့်အရေးနဲ့
ပတ်သက်ပြီး ထိခိုက်ခံစားနေရတာတွေ အများကြီး ရှိနေပါတယ်။ ဒီလိုကိစ္စတွေကို သတင်းမီဒီယာကနေ
ဖော်ပြနိုင်ဖို့နဲ့ ဒေသအတွင်းက သတင်းတွေကို ဆက်လက်ရေးသား တင်ဆက်သွားမှာပါ။'' ဟု David
Burke ဂုဏ်ပြုဆု ရရှိခဲ့သူ ကိုကံသာက ကမ္ဘောဇတိုင်းသို့
ပြောဆိုခဲ့သည်။
.
David Burke ဂုဏ်ပြုဆု
ရရှိခဲ့သူ ကိုကံသာသည် လားရှိုးမြို့တွင် နေထိုင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော
လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား သတင်း
ရေးသားသော သတင်းမီဒီယာသမား တစ်ဦး ဖြစ်သည်။