RCSS/SSA ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ရွာသား ၅ ဦးအတွက် တရားမျှတမှု ပေါ်ပေါက်စေရေး တောင်ကြီးတွင် ဆန္ဒဖော်ထုတ်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, December 20, 2018

RCSS/SSA ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ရွာသား ၅ ဦးအတွက် တရားမျှတမှု ပေါ်ပေါက်စေရေး တောင်ကြီးတွင် ဆန္ဒဖော်ထုတ်မည်

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နမ်းဟူးကျေးရွာမှ ဒေသခံ ပအိုဝ်း  တိုင်းရင်းသား ၅ ဦး အား RCSS/SSA အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်၍ တရားမျှတမှု ပေါ်ပေါက် စေရေးနှင့် ဒေသခံပြည်သူများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် တောင်ကြီးမြို့တွင် ဒီဇင်ဘာလ ၂၁ ရက်၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် စုဝေဟောပြောကာ ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
RCSS ကနေ လွိုင်လင်မြို့နယ်မှာ လူ ၅ ယောက်ကို သတ်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ် သွားမှာဖြစ်ပါတယ်။ အင်အား ဘယ်လောက်ပါမယ်ဆိုတာကတော့ အတိအကျ ပြောလို့မရသေးပါဘူး။ ၃၀၀၀ လောက်တော့ ခန့်မှန်းထားပါတယ်။ မြစံပယ်ခန်းမအရှေ့ကနေ တောင်ကျောင်းကြီးအထိ ချီတက်လမ်းလျှောက်မှာ ဖြစ်ပါတယ်။ ဟောပြောတာကတော့ တောင်ကျောင်းကြီးမှာဖြစ်မှာပါ။ ပအိုဝ်းလူငယ်အဖွဲ့အစည်းတွေ စုပေါင်းပြီး လုပ်ကြတာပါ။ လက်နက်ကိုင်အဖွဲ့တစ်ခုအနေနဲ့ အပြစ်မဲ့ပြည်သူတွေကို အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ် တာကတော့ မဖြစ်သင့်ပါဘူး။ ပြည်ထောင်စုအစိုးရကနေ တရားဝင် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီးတော့ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ ကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်ဟု အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအား ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည် ခွန်စိုးမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နမ်းဟူးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူနှင့် ကျေးရွာသား ၃ ဦးတို့သည် ကျေးရွာ ရေရရှိရေးအတွက် ရေပိုက်သွယ်တန်းရန် ရေထွက်ဦးသို့ သွားရောက်စဉ် RCSS/SSA တပ်ဖွဲ့ဝင်များမှ အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ၎င်းတို့အား ပြန်လည်လွှတ်ပေးရေးအတွက် ရွာသားများမှ သွားရောက်ညှိနှိုင်း ပြောဆိုစဉ် RCSS တပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် ခွန်ထွန်းဦး၊ ခွန်တဝင်း၊ ခွန်တခဲ၊ ခွန်တမူးတို့ ၅ ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ခွန်သူရ၊ ခွန်တလင်းနှင့် ဇော်ဇော်အောင် တို့မှာ ဒဏ်ရာရရှိခဲ့ကာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
.
အဆိုပါ ရွာသားများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ဝင်များအား အစိုးရမှ စုံစမ်းဖော်ထုတ် အရေးယူပေးရန် ပအိုဝ်း အဖွဲ့အစည်း ၂၃ ခုမှ စုပေါင်း၍ ဒီဇင်ဘာလ ၁၂ ရက်တွင် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
#KBZTai #Shan #တောင်ကြီး

Recent Tube