MPT လူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ်အောက်လူငယ် ဘောလုံးပြိုင်ပွဲ ဆုများချီးမြှင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

MPT လူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ်အောက်လူငယ် ဘောလုံးပြိုင်ပွဲ ဆုများချီးမြှင့်


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.        
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ MPT နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ် အဆင့် ၂၀၁၈ ခုနှစ်၊ MPTလူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၅ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 .

.
ဗိုလ်လုပွဲတွင် တောင်ကြီးမြို့နယ် ဘောလုံးအသင်းနှင့် ကလောဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကလောမြို့နယ် ဘောလုံးအသင်းက ၃-၄ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ဆုပေးပွဲကို ကျင်းပရာ ဘောလုံး အကောင်းဆုံးကစားသမားဆုများ၊ ဂိုးသွင်း အများဆုံးဆု၊ အသန့်ရှင်းဆုံးဆုရအသင်း၊ တတိယ ဆုရရှိသော ဟိုပုံးမြို့နယ် ဘောလုံးအသင်း၊ ဒုတိယဆုရရှိသော တောင်ကြီးမြို့နယ် ဘောလုံး အသင်း၊ ပထမ ဆုရရှိသော ကလောမြို့နယ် ဘောလုံးအသင်း တို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုတို့အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်၊ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာ ညီညီအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT မှ တာဝန်ရှိသူတို့ကဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။
.
“ကလေးငယ်တွေ အနေနဲ့ ကိုယ်လက်လှုပ်ရှား အားကစားတွေမှာ ပိုမိုတက်ကြွစွာ ပါဝင်လာစေဖို့အတွက်နဲ့ ဘောလုံးအားကစား ဝါသနာ ရင့်သန်လာစေဖို့၊ ကလေးငယ်တွေ အနေနဲ့ ဘောလုံးအားကစားကို အခြေခံကနေစပြီး စနစ်တကျ သိရှိစေကစားတတ်စေဖို့၊ မျိုးဆက်သစ် လူငယ်လူရွယ်တွေ အကြားမှာ ကျန်းမာတဲ့ လူနေမှုဘဝကို ရရှိစေဖို့အတွက် MPT နဲ့ မြန်မာနေရှင်နယ်လိဂ်တို့ ပူးပေါင်းပြီး မြန်မာ့ဘောလုံးအားကစား ပိုမိုမြင့်တက်လာစေဖို့ အခုလိုပွဲတွေ လုပ်ဆောင်ပေးရခြင်းဖြစ်ပါတယ်”ဟု MPT မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
MPT လူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ်အောက်လူငယ်ဘောလုံး ပြိုင်ပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ လင်းခေး၊ ရပ်စောက်၊ ပင်လောင်း၊ ညောင်ရွှေ၊ ကလော၊ နမ့်စန်၊ ဆီဆိုင်၊ ဖယ်ခုံနှင့် တောင်ကြီး၊မြို့နယ်များမှ လူငယ်ဘောလုံးအသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
.
အဆိုပါ လူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ်အောက်လူငယ် ဘောလုံးပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ MPT မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ အသင်းအုပ်ချုပ်သူများ၊နည်းပြဆရာ များနှင့် ပြိုင်ပွဲဝင် ဘောလုံးအသင်းများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats