ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင်
ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ၈ မြို့နယ်၏ ဆုံးဖြတ်ချက်အရ ပထမဆုံး အကြိမ်အဖြစ် ဓနုအမျိုးသားနေ့ကို
ဒီဇင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ အခမ်းအနားတွင် ဓနုအမျိုးသားအလံတော်အား လွှင့်တင်ခြင်း၊ ဆရာတော်၊
သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဓနုတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြပွဲ၊
ဒေသထွက်ကုန်ပြပွဲ၊ ခရီးသွားလုပ်ငန်းပြပွဲများ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်များကလည်း ဓနုအမျိုးသားနေ့
အကြိုအဖြစ် ဓနုရိုးရာအကပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ
ချောတိုင်တက်ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲအဖြစ် ကလေးကစားကွင်းများ၊ ဓနုဗြောတီးဝိုင်း၊
ဓနုအိုးစည်တီးဝိုင်း၊ ဓနုတေးဂီတဝိုင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း အပြင် စတုဒိသာ
ကျွေးမွေးခြင်းများဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး
စာအောင် ဓနုသံဃာတော်များ/သီလရှင်များ၊ တက္ကသိုလ်ဝင်တန်းအောင် ဘာသာစုံ ဂုဏ်ထူးရ
ဓနုကျောင်းသား/သူများ၊ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့သည့် ဓနုတိုင်းရင်းသား ကျောင်းသား/သူများအား
ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဓနုအမျိုးသားနေ့ကို ဓနုတိုင်းရင်းသားများ စည်းလုံးညီညွှတ်မှုရှိစေရန်၊
ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ထိန်းသိမ်းတတ်စေရန်၊ ဓနုအမျိုးသားရေးစရိုက်
လက္ခဏာများ တိုးတက်လာစေရန်၊ အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် စည်းလုံးညီညွှတ်စွာ
အစဉ်လက်တွဲနေထိုင်ရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန် စသည့်ရည်ရွယ်ချက်များဖြင့်
ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
.
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ
ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် များကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြဌာန်းဖော်ပြထားရာ
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဓနုအမျိုးသား ညီလာခံကို ပင်းတယမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည့်အတွက်
ယခုနှစ်တွင် ရွာငံမြို့၌ ပထမဆုံး အကြိမ် အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan