ကျော်လင်းဦး (ရှမ်းပြည်)
.
မဲခေါင်ဒေသသည်
နိုင်ငံတစ်ခုတည်း ဖြစ်ခဲ့သော် ကမ္ဘာပေါ်တွင် လူဦးရေအရ အဆင့် ၆ ရှိ လူဦးရေ အများဆုံး
ဖြစ်သည်။ မဲခေါင်ဒေသ ၅ နိုင်ငံ၏ ဂျီဒီပီကို ပေါင်းပါက အမေရိကန်ဒေါ်လာ ၈ဝဝ ဘီလီယံ ရှိမည်ဟု
ခန့်မှန်း တွက်ဆထားသည်။ မဲခေါင်နိုင်ငံများ၏ ပြည်ပပို့ကုန်အားလုံးကို ပေါင်းကြည့်လိုက်သော်
စီးပွားရေးအုပ်စု ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့် မဲခေါင်ဒေသသည် စီးပွားရေး
ဖွံ့ဖြိုးမှု အားကောင်းသည့် အလားအလာကောင်းများရှိသည့် အရေးပါသော ဒေသတစ်ခုဖြစ်သည်ဟု စီးပွားရေးပညာရှင်များ
သတ်မှတ်ကြသည်။
.
.
မဲခေါင်ဒေသ
အချင်းချင်း ကုန်သွယ်ရေးကလည်း ၈ ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုသည်။ ကျန် ၉၂ ရာခိုင်နှုန်းကို
မဲခေါင်ဒေသ ပြင်ပနိုင်ငံများသို့ တင်ပို့ ကုန်သွယ်နေခြင်း ဖြစ်သည်။ တစ်ဘက်အခြေအနေကို
ကြည့်ပါက လက်ရှိ အင်အားအကြီးဆုံး စီးပွားရေးအုပ်စု တစ်ခုဖြစ်သည့် အီးယူအဖွဲ့ဝင်နိုင်ငံများကို
ကြည်ရှုလေ့လာ သုံးသပ်ပါက ၇ဝ ရာခိုင်နှုန်းသည် အီးယူအဖွဲ့ဝင် နိုင်ငံ အချင်းချင်း တင်ပို့ကုန်သွယ်နေသည်ကိုတွေ့ရသည်။
လက်ရှိ နိုင်ငံတော်
အကြီးအကဲများ မျှော်လင့်သလို မဲခေါင်ဒေသတွင် မြန်မာနိုင်ငံ မည်မျှ အတိုင်းအတာထိ အတွင်းကျကျ
ပါဝင်ပူးပေါင်းနိုင်မည်နည်း၊ အထူးသဖြင့် မဲခေါင်ဒေသမှ အခြားသော အဖွဲ့ဝင်နိုင်ငံများနှင့်
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် မည်သို့သော
အကျိုးအမြတ်များ ရရှိနိုင်မည်နည်း။ မဲခေါင် ၅ နိုင်ငံကိုအကူအညီ ပေးလိုသည့် အင်အားကြီးနိုင်ငံများ၏
သဘောထားသည် မည်သို့ရှိမည်ကို အသေအချာ သုံးသပ်သင့်သည်။ စီးပွားရေး ပညာရှင်တစ်ဦးက မြန်မာပြည်၏
စီးပွားရေးအင်အားသည် မဲခေါင်ဒေသတွင်း နိုင်ငံများအနက် အားအနည်းဆုံး ဖြစ်နေသည်ဟု သုံးသပ်ထားသည်။
စီးပွားရေး အင်အားအကြီးဆုံးဟု ဆိုနိုင်သည့် တရုတ်၊ ဂျပန်နိုင်ငံများအနက် ဂျပန်နိုင်ငံက
တက်တက်ကြွကြွဖြင့် အားပေးကူညီမည်ဟုဆိုသည်။ အိမ်နီးချင်း နိုင်ငံများနှင့် လုပ်သည့်
စီးပွားရေး (သို့မဟုတ်) မဲခေါင်နိုင်ငံများ အချင်းချင်း လက်တွဲလုပ်ဆောင်မှုကြောင့် ထိရောက်မှု
ပိုရှိမည်ဟု တွက်ဆနိုင်သည်။ မဲခေါင်ဒေသနိုင်ငံများတွင် အလုပ်သမားအင်အား၊ ရင်းနှီးမြှုပ်နှံမှု
ငွေအားများကို ဂျပန်နိုင်ငံမှ ကူညီမည်ဟု သတင်းများက ဖော်ပြထားသည်။ ဤနေရာတွင် လုပ်သားအင်အား
ဆိုသည်မှာ နည်းပညာနှင့် ကျွမ်းကျင်သူများကို ဆိုပါသည်။ စီးပွားရေးတွင် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု
ရှိမှသာ တိုးတက်နှုန်း မြန်ဆန်ပေမည်။
.
မဲခေါင်ရပ်ဝန်း
၅ နိုင်ငံနှင့် ဂျပန်တို့သည် အောက်တိုဘာ ၉ ရက်က မဲခေါင်ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီချက်
ရရှိခဲ့သည်ဟုကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုသဘောတူညီချက်အရ မဲခေါင်ရပ်ဝန်း ၅ နိုင်ငံနှင့်
ဂျပန်နိုင်ငံတို့သည် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း သဘောတူညီချက်တွင်
ဖော်ပြထားသည်။ ဒေသတွင်း အဆင့်မြင့်လမ်းပန်းဆက်သွယ်ရေးများ ဖွံ့ဖြိုးတိုးတက်လာအောင်
လုပ်ဆောင်ရေးအတွက် ထိတွေ့ဆက်ဆံမှုများ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ လူသားအရင်းအမြစ်
တိုးမြှင့်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် မူ ၃ ချက်အပေါ် အခြေခံပြီး
အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။ မဲခေါင်ဒေသသည်အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာများစွာ
ရှိနေသည်ဟု မြင်တွေ့နေရခြင်းကြောင့် မဲခေါင်ဒေသနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့သည်
အတူတကွ ကြွယ်ဝချမ်းသာရေးကို သဘောတူကြောင်းအား ကြေညာချက်တွင် ဖော်ပြထားသည်။ ထိပ်သီးဆွေးနွေးပွဲ
အပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ပူးတွဲကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်
အနာဂတ်မြန်မာနိုင်ငံအနေဖြင့် မဲခေါင်ဒေသဆိုင်ရာ ကိစ္စရပ်များတွင် တက်ကြွစွာပါဝင်သွားမည်ဟု
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ လူမှုရေး၊ ယဉ်ကျေးမှုဘက်တွင် ပိုမိုလုပ်ဆောင်သွားမည်ဟု
ပြောကြားခဲ့သည်။ ထို့အတူ တရုတ်နိုင်ငံကလည်း မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဆိုပြီး
မဲခေါင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်နိုင်မည့် စီမံကိန်းတစ်ရပ်ကို မကြာသေးသည့်
ကာလက အဆိုပြုထားသည်။
.
အင်န်အယ်လ်ဒီအစိုးရ
တက်လာပြီးနောက်ပိုင်းတွင် နိုင်ငံခြားမှ အကူအညီပေးရန် ကမ်းလှမ်းမှု ပိုများလာပါသည်။
သို့သော် နိုင်ငံခြားအကူအညီများကို ထိရောက်စွာ အသုံးပြုနိုင်ရန် သတ်မှတ်ထားသည့် ၂ဝဝ၅
ပဲရစ်၊ ၂ဝဝ၈ အက်ဂရာ၊ ၂ဝ၁၁ ဘူဆန် သဘောတူညီချက်များနှင့်အညီ အကောင်အထည် ဖော်ဖို့ရန် လိုအပ်ပါသည်။
နိုင်ငံခြား အကူအညီကို လက်ခံမည့်နိုင်ငံသည် ဖွံ့ဖြိုးရေးစီမံကိန်းကို ရေးဆွဲနိုင်မှ၊
ဆင်းရဲမှု နည်းပါးအောင် လုပ်ဆောင်နိုင်မှ အပြန်အလှန် ယုံကြည်မှု ရှိနိုင်မှ၊ သိသာမြင်သာရေးနှင့်
တာဝန်ခံရေး စသည်တို့ကို အကောင်အထည်ဖော်နိုင်မှ နိုင်ငံခြား အကူအညီ ထိရောက်မည်ဟု ဆိုပါသည်။
ထို့ကြောင့် အင်န်အယ်လ်ဒီအစိုးရသည် ဖွံ့ဖြိုးရေးအကူအညီများ ညှိနှိုင်းရေးအဖွဲ့၊ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များကို
လွန်ခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်တွင် ဖွဲ့စည်းပြီး ယင်းနှစ် ဒီဇင်ဘာလ ၁၂
ရက်တွင် ပထမအကြိမ်အစည်းအဝေးကို ကျင်းပခဲ့သည်။ အဖွဲ့၏ ဥက္ကဌမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး
ဒုတိယဥက္ကဌ မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်သည်။
.
အခြေခံအဆောက်အအုံ၊
အလုပ်အကိုင် ဖန်တီးရေး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးတို့ ပါဝင်မည်။
စီမံကိန်းအချို့ကို အစိုးရက လုပ်ဆောင်မည်ဟု (အကောင်အထည်ဖော်မည်ဟု) ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ် ၅ဝ ကျော်ကာလများက နိုင်ငံခြား အကူအညီများကို လက်ခံခဲ့ပေမယ့် တိုးတက်ဖွံ့ဖြိုးသည့်
အထောက်အထားများကို မတွေ့ခဲ့ရပါ။ ဦးနေဝင်း အာဏာရှိခဲ့သည့် ၁၉၇၆ ခုနှစ်မှ စပြီး ကမ္ဘာ့ဘဏ်၊
အာရှဖွံ့ဖြိုးရေးဘဏ်၊ အိုင်အမ်အက်ဖ်၊ ယူအင်န်ဒီပီ၊ သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊
အနောက်ဂျာမဏီ၊ ဂျပန်နှင့် အမေရိကန်တို့က မြန်မာပြည် ကူညီရေးအဖွဲ့ကို တည်ထောင်ပြီး ဝိုင်းဝန်းချေးငှါးကြ
သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ပျဉ်းမျှနှုန်း ဒေါ်လာသန်း ၄ဝဝ ကို မဆလအစိုးရကို ချေးငှါးခဲ့သည်ဟု
သိရသည်။ နှစ်စဉ်ချေးငှါးခဲ့ခြင်း ဖြစ်ကာ ၁ဝ နှစ်ကျော်ကာလ ကြာမြင့်ပြီးနောက် ချေးယူသည့်ငွေကို
အတိုးပင် မပေးနိုင်သည့်အခြေအနေသို့ ရောက်သွားသည်။ ထို့ကြောင့် နိုင်ငံခြားချေးငွေကို
အတိုးပေးရန်မလိုသည့် အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ပေးရန် ကုလသမဂ္ဂကို တင်ပြပါသည်။
မဆလအစိုးရ၏ မျက်လှည့်ကို ကုလသမဂ္ဂက ယုံကြည်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်
အဖြစ်ကို ရခဲ့သည်။ တစ်နည်းဆိုရသော် ၁ဝ နှစ်ကျော်ကြာ နိုင်ငံခြားမှ ဝိုင်းဝန်းချေးငှားပြီး
အကူအညီပေးသည့်အခါ မြန်မာပြည်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်စာရင်းဝင်သွားခြင်း ဖြစ်သည်။
.
နိုင်ငံတကာ
အကူအညီသည် အရည်အချင်း ညံ့ဖျင်းသည့် အစိုးရများ ကြီးစိုးသည့်နိုင်ငံများတွင် ထိရောက်အောင်မြင်မှု
မရှိသည်ကို တွေ့ရပါသည်။ ကိုယ်ကျိုးစီးပွားနှင့် ရေတိုနိုင်ငံရေး အကျိုးအမြတ်ကို မကြည့်ဘဲ
တိုင်းပြည်နှင့် သင့်တော်သည့် လမ်းစဉ်ကို ချမှန်နိုင်သည့် ဒေသများတွင်သာ နိုင်ငံခြား အကူအညီမှာတန်ဖိုးရှိသည်။
ကမ္ဘောဒီးယားနှင့် နီပေါတွင် နိုင်ငံခြား အကူအညီ အများအပြား အလျင်အမြန် ဝင်ရောက်လာခြင်းကြောင့်
အလေအလွင့်ပြုန်းတီးပျက်စီးမှု ဖြစ်ရပုံကို မှတ်တမ်းတင်ထားပါသည်။ မြန်မာပြည်တွင်လည်း
နိုင်ငံခြား အကူအညီကြောင့် မတိုးတက်ဘဲ ဆုတ်ယုတ်သွားနိုင်ပါသည်။
.
မြန်မာအစိုးရ
အဆက်ဆက်သည် အကြွေးယူရန်သာ အားသန်ပြီး ယင်းအချက်ကို တရုတ်က အသုံးချနိုင်သည်ဟု ဆိုရမည်။
တခါတရံတော့ မတတ်သာသည့် အခြေအနေများတွင် အချို့သော အစိုးရများသည် အကြွေးနွံအတွင်း သက်ဆင်းရသည်။
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့လိုကြသည်။
သို့သော် နိုင်ငံခြား အကူအညီကို ထိရောက်စွာ အသုံးချနိုင်သည့် အခြေအနေမှာ မြန်မာပြည်တွင်
မရှိသည်က များနေသည်။ ဂျပန်အစိုးရကလည်း ငွေထုတ်ချေးရန် စိတ်အာထက်သန်နေပြီး ဂျပန်အစိုးရမှ
ငွေထုတ်ချေးသည့်အခါ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် ဂျပန်ကုမ္ပဏီများလည်း တိုးလာသည်။
မြန်မာအစိုးရသည် ကြွေးဒုက္ခ ဖြစ်လာစေရန် နီးကပ်လာပြီ ဖြစ်၍ အခြေအနေကို စောင့်ကြည့်ရန်
လိုသည်။ ဖွံ့ဖြိုးမှု အကူအညီ ညှိနှိုင်းရေးသဘောတူချက်ကို ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလတွင်
ကြေညာခဲ့သည်။ မြန်မာအစိုးရနှင့် ကူညီသူမိတ်ဖက်များ ထိထိရောက်ရောက် အသုံးပြုရန် သဘောတူခြင်း
ဖြစ်သည်။ ဒီမိုကရေစီဓလေ့ရှင်သန်ရေးအား ဦးစားပေးထားသည်ကို တွေ့ရပြီး ဖွံ့ဖြိုးမှုအကူအညီ
ညှိနှိုင်းရေး နေပြည်တော်သဘောတူညီချက်သည် အလွန်ကျယ်ဝန်းပြီး မျှော်မှန်းချက် ကြီးမားသည့်အတွက်လက်တွေ့
အကောင်အထည်ဖော်ရန် ခက်ခဲမည်ဟု သုံးသပ်ကြသည်။
.
တကယ်တန်း
လက်တွေ့အကောင်အထည်ဖော်နိုင်သည့် ကဏ္ဍများကို ဦးစားပေးသင့်သည်ဟု သုံးသပ်ကြ သည်။ နိုင်ငံခြား
အကူအညီကိစ္စတွင် အင်န်အယ်လ်ဒီအစိုးရသည် နေပြည်တော် သဘောတူညီချက်အတိုင်း ဆက်လက်၍အကောင်အထည်ဖော်ရန်
တာဝန်ရှိပါသည်။ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ အမျိုးသားအဆင့် မူဝါဒကို ဖွံ့ဖြိုးမှုဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့မှ တာဝန်ယူရေးဆွဲရမည်ဟု ဆိုသည်။ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ
တက်ရောက်ရန်အတွက် စင်ကာပူနိုင်ငံသို့ ၄ ရက်ကြာ သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ပထမနေ့မှာပဲ အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့ရာ အာဆီယံအဖွဲ့ဝင် နိုင်ငံများ အပါအဝင်
နိုင်ငံတကာမှ စီးပွားရေးအကြံပေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ
အနေဖြင့် မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှ၏ အလားအလာရှိသော နောက်ဆုံးဈေးကွက် ဖြစ်ခြင်းကြောင့်
လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဈေးကွက်ပွင့်လင်းလာစေရေးအတွက်
အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံကို အရှေ့တောင်အာရှ၏ အလားအလာရှိသည့်
နောက်ဆုံးဈေးကွက် ဟု ခေါ်ကြကြောင်း၊ မြန်မာနိုင်ငံတွင် အခွင့်အလမ်းများ အများအပြားရှိနေကြောင်း၊
အမျှော်အမြင် ကြီးမှုနှင့် ဖြစ်စေ၊ တွေးခေါ်ကြံဆမှုဖြင့်ဖြစ်စေ တွေ့မြင်နိုင်ပါကြောင်း၊
တိုင်းပြည်တွင် မြေနှင့် လူငယ်လုပ်အားရှင်များလည်း ရှိသည့်အပြင် မဖော်ထုတ်ရသေးသည့်
သယံဇာတအရင်းအမြစ်များလည်း အများအပြား ကျန်ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကိုပါ
ပြဌာန်းခဲ့သည်ဟု ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေ ချောမွေ့စေရန် မြန်မာနိုင်ငံဘက်မှ
ဆောင်ရွက်ပေးနေသကဲ့သို့ ရင်းနှီးမြှုပ်နှံသူများဘက်ကလည်း တာဝန်ယူ၊တာဝန်ခံမှုဖြင့် ရင်းနှီးမြှုပ်နှံသင့်ကြောင်းကို
သတိပေးခဲ့သည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလည်ပတ်စေပြီး တာဝန်ယူ၊ တာဝန်ခံမှု မရှိမည်ကို
အလွန်စိုးရိမ်သည်ဟုလည်း ပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံသည်
နှစ်ပေါင်း ၅ဝ ကျော်ကြာ အာဏာရှင် လက်အောက်တွင် နေခဲ့ရခြင်းကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်
ပတ်သက်ပြီး သိပ်မသိကြဟု ဆိုသည်။ အရာအားလုံးကို အုပ်ချုပ်သူများကသာ တာဝန်ယူ စီမံခန့်ခွဲပြီး
ပြည်သူများက တာဝန်ယူမှု အားနည်းခဲ့သည်။ ထို့ကြောင့် စီးပွားရေးကဏ္ဍတွင် တာဝန်ယူမှု ရှိလာစေချင်သည်ဟု
ဆိုသည်။ မြန်မာနိုင်ငံတွင်တာဝန်ခံ တာဝန်ယူမှု ရှိသည့် ကောင်းမွန်သော စီးပွားရေးသာ လုပ်စေချင်သည်၊
အတွေ့အကြုံအားနည်းသည့် ပြည်သူများအတွက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံစေချင်သည်။
အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံတွင် အောင်မြင်မှုများ
ရှိနေကြောင်း သီလဝါစက်မှုဇုန်ကို လက်တွေ့ မြင်နိုင်သည်ဟုပြောဆိုခဲ့သည်။
.
ဂျာမနီ၊ ပြင်သစ်
အပါအဝင် အနောက်နိုင်ငံများ၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ အပါအဝင် ဒေသတွင်း နိုင်ငံများကလည်း
လာရောက်ရင်းနှီး မြှပ်နှံနေပါသည်။ အချိန်တိုကာလအတွင်းမှာပင် စုစုပေါင်း ရင်းနှီးမြှပ်နှံမှုပမာဏ
အမေရိကန်ဒေါ်လာ ၁၄၉၁ သန်း ရှိခဲ့သည်ဟု ဆိုသည်။ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အလားအလာများကိုလည်း
မြင်တွေ့ရပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ရှင်သန်လာပြီဟုဆိုသည်။ ကမ္ဘာအနှံ့တွင်
ကိုယ်ကျိုးစီးပွားရေးကာကွယ်ရေး မူဝါဒများ ခေါင်းထောင်လာသလို နှစ်နိုင်ငံချင်း ဆက်ဆံရေးကို
ပိုမိုအသားပေးလာသည်။ အချို့သည် တံခါးပိတ်ဝါဒကို ကျင့်သုံးလာခြင်းကြောင့် အချို့နိုင်ငံများတွင်
ငွေကြေး နှင့် ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံတွင်
စီးပွားရေးပြန်လည် ရှင်သန်လာပြီဟု ဆိုသည်။ ကမ္ဘာ့စီးပွားရေးစနစ် ပြောင်းလဲလာခြင်းကြောင့်
အကျိုးခံစားနိုင်ရသည်ဟုလည်း ဆိုသည်။ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့်
၂ဝ၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုရာခိုင်နှုန်း တိုးလာမည်ဟု ကမ္ဘာ့ဘဏ်က
ခန့်မှန်းထားသည်။ ယင်းကဲ့သို့ စီးပွားရေး အလားအလာ ကောင်းများ ရှိနေသည့် မြန်မာနိုင်ငံတွင်
လာရောက်ရင်းနှီး မြှုပ်နှံရန် အာဆီယံစီးပွားရေး ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါသည်။
.
.
.
#KBZTai
#Shan