နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ နည်းပညာတက္ကသိုလ်ကျောင်းရှေ့တွင်
ဒီဇင်ဘာ ၁၇ ရက်က အဆိုပါ တက္ကသိုလ်မှ ကျောင်းသားတစ်ဦးလည်းဖြစ်သကဲ့သို့
ရှမ်းပြည်နယ်လုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ၏ ဥက္ကဌဖြစ်သူမှ တစ်ကိုယ်တော် သပိတ်မှောက်လျက်ရှိကြောင်း
သိရှိရသည်။
.
.
လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းတွင် ကျောင်းသားအခွင့်အရေးဆုံးရှုံးနေခြင်းများ၊
ဒီဇင်ဘာလအတွင်း ကျောင်းသားသမဂ္ဂရုံးခန်းမှပစ္စည်းများ ဖျက်ဆီးခံရခြင်းများ၊ သမဂ္ဂအလံဖြုတ်ချခံရခြင်းများကြောင့်
သပိတ်မှောက် ရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်အနေနဲ့ကတော့ တောင်းဆိုချက်မရမချင်း သပိတ်လှန်မှာ မဟုတ်ပါဘူး။
တောင်းဆိုချက် ၇ ချက် မရ မချင်းဖြစ်ပါတယ်။ တောင်းဆိုတယ်ဆိုတာကလည်း ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို
တောင်းဆိုတာ မဟုတ်ပါဘူး။ ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးကို တိုက်ရိုက်ဦးတည်ပြီးတော့
တောင်းဆိုခြင်းဖြစ်ပါတယ်”ဟု လားရှိုး နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ရှမ်းပြည်နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂတို့၏
ဥက္ကဌဖြစ်သူ စိုင်းကျော်ဇောဟန်က ပြောသည်။
.
သပိတ်မှောက်ခြင်းမှာ နိုင်ငံသားတစ်ဦး၏အခွင့်အရေးအရ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ရှိသည်ဟု
ယူဆခြင်း ကြောင့် သပိတ်မှောက်ခြင်းပြီး ကျောင်းသားထုအတွက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း
၎င်းက ဆက်ပြောသည်။
.
“ကျောင်းသားတစ်ယောက်အနေနဲ့ ဒီလိုမျိုးအခွင့်အရေးတွေလိုချင်တယ်ဆိုရင်
တရားဝင်စာနဲ့တင်ပြပြီးတော့ တွေ့ဆုံညှိနှိုင်းဆွေးနွေးတာတွေလုပ်မယ်ဆိုရင်တော့ ပိုပြီးတော့
အဆင်ပြေမယ်ပေါ့နော်။ ကျွန်တော်တို့ ကျောင်းအနေနဲ့ ကျောင်းစီမံအဖွဲ့ရှိမယ်။ ပြီးရင်ကျောင်းသားသမဂ္ဂအဖွဲ့ရှိမယ်၊
ဆရာသမဂ္ဂအဖွဲ့ရှိမယ် အားလုံး ပူးပေါင်းပြီးတော့မှဆောင်ရွက်မယ်ဆိုရင် အကုန်လုံးနီးပါးက
ပြေလည်သွားဖို့ရှိပါတယ်”ဟု နည်းပညာ တက္ကသိုလ် (လားရှိုး)၏ ကျောင်းအုပ်ကြီး ဒေါက်တာ အောင်မျိုးလင်းက
ပြောသည်။
.
အဆိုပါဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရရုံးများ၊
တိုင်းရင်းသားပါတီများ၊ မြန်မာနိုင်ငံအတွင်းရှိ ကျောင်းသားများသမဂ္ဂများသို့ အကြောင်းကြားစာပေးပို့ထားကြောင်း
စိုင်းကျော်ဇောဟန်ထံမှ သိရသည်။
.
ပညာရေးဝန်ကြီးဌာနထံတောင်းဆိုသည့် တောင်းဆိုချက် ၇ ချက်တွင် ပညာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်ကို
ဖောက်ဖျက်ပြီး ကျောင်းသားများအား ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုကိုဖြေရှင်းပေးရန်၊
ဆေးနား၊ စီးပွားနားနှင့် ကျောင်းပြောင်းသင်ယူခွင့်ခက်ခဲနေမှုများကို ဖြေရှင်းပေးရန်၊
ရုံးခန်းသော့ချိုးဖျက်ခံရပြီး သမဂ္ဂအလံတော် ဖြုတ်ချ၊ ဖျောက်ဖျက်ခံရခြင်းကို ဖြေရှင်းပေးရန်၊
ကျောင်းသား/သူ ဆောင်၊ ဆရာဆောင်များ ဆောက်လုပ်ပြီးစီး ပြီဖြစ်သဖြင့် ဝန်ကြီးဌာနသို့
တင်ပြတောင်းဆိုခဲ့ဖူးသော ကျောင်းတွင်းဆေးခန်းဖွင့်လှစ်ပေးရန်၊ ကျောင်းသား သမဂ္ဂ၏ လွတ်လပ်စွာရပ်တည်ခွင့်အပေါ်စွက်ဖက်ပြီး
အဖက်ဖက်မှဖိနှိပ်မှုများအပေါ် ဖြေရှင်းပေးရန်၊ ကျောင်း လုံခြုံရေး မရှိသည့်အပေါ် တာဝန်ရှိသူများက
တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့်အပေါ် ဖြေရှင်းပေးရန်၊ စာမေးပွဲရလဒ်များ မမျှတမှုအပေါ် ဝန်ကြီးဌာနက
တာဝန်ယူဖြေရှင်းပေးရန် စသောအချက်များပါရှိသည့် ဆိုင်းဘုတ်ကိုကိုင်ဆောင်ကာ သမဂ္ဂအလံထောင်၍သပိတ်မှောက်ခြင်းဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan