ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံတော်ကြီးတွင် လွတ်လပ်ရေး ရရှိသည့်အချိန်မှစ၍ ပြည်တွင်းစစ်မီး
တောက်လောင်ခဲ့ရာ ယနေ့ဆိုလျှင် ဆယ်စုနှစ် ၇ ခုမက ရှိလာခဲ့ပြီ ဖြစ်ပေသည်။ စစ်ပွဲကြောင့်
ဆုံးရှုံးနစ်နာမှုကတော့ နှစ် ဘက်စလုံးမှာ ရှိစမြဲပင် ဖြစ်သည်။ ပို၍ ဆုံးရှုံးနစ်နာရသူများကား
စစ်မက်ဖြစ်ပွားရာ နယ်မြေများမှ ဒေသခံပြည်သူများပင် ဖြစ်သည်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊
အမျိုးသားရေး စသည့် ခံယူချက် မျိုးစုံဖြင့် စစ်ကိုတိုက်ခဲ့ကြသည်။ အမှန်တကယ်တမ်းမှာ
ယင်းစစ်ပွဲများကြောင့် ငြိမ်းချမ်းရေးတွေ ဆိတ်သုဉ်းခဲ့ရသည်။ လူ့အခွင့်အရေးများ ပျက်သုဉ်းကာ
လက်နက်ကိုင် အုပ်ချုပ်ရေးသာ မင်းမူခဲ့ရသည်။
.
အမျိုးသားရေးအတွက် တိုက်သော စစ်ကြောင့်ပင် မိမိလူမျိုးများစွာ အသက်ခန္ဓာစတေး၍
အိုးမဲ့ အိမ်မဲ့ ထွက်ပြေးတိမ်းရှောင်ကာ ကျီးလန့်စာစား ဘဝဖြင့် နှစ်ပေါင်း ၇ဝ နေထိုင်ခဲ့ရသည်မှာ
အမျိုးသား ကောင်းစားရေးနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊
တာမိုးညဲမြို့တွင် လက်နက် ကိုင်တပ်ဖွဲ့တစ်ခုမှ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ သေနတ်ကျည်ဆံ
ထိမှန်ဒဏ်ရာရမှုများ ရှိခဲ့သည်။ ရှမ်းမြောက်ဒေသများတွင် နေ့စဉ်လိုလို စစ်ပွဲများ ဖြစ်ပွားနေသည်။
စစ်ရှောင်ပြည်သူများကလည်း အမြဲလိုလို ရှိနေသည်။ ဒေသခံပြည်သူများမှ အိပ်ကောင်းခြင်း
မအိပ်ရ၊ စားကောင်းခြင်း မစားရ။ တိုက်ပွဲသံကြားလျှင် အိုးအိမ်စွန့်ခွာကာ မကြာခဏဆိုသလို
ထွက်ပြေးတိမ်းရှောင်နေရသည်။ နှစ်စဉ် ပွင့်လင်းရာသီသို့ ရောက် ရှိချိန်တွင် တောင်ပေါ်မြေ၌
မြူခိုးအစား ယမ်းခိုးများ ဖုံးလွှမ်းနေရပေသည်။
.
နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် တိုင်းပြည်မှာ
ကမ္ဘာ့အလယ်တွင် အစစ အရာရာ နောက်ကျကျန်ရစ်ခဲ့ရသည်။ ညီညွတ်မှု မရှိသောကြောင့် တိုင်းပြည်ရှိ
လူတော်လူကောင်းများ နစ်နာဆုံးရှုံးခဲ့ရသည်။ ခေတ်အဆက်ဆက်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်
အမျိုးမျိုး တွေ့ဆုံဆွေးနွေး အဖြေရှာခဲ့ကြသော်လည်း ယနေ့တိုင် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်
အလှမ်းဝေးနေဆဲဖြစ်သည်။
.
နှစ်ဘက်တပ်များ၊ နှစ်ဘက်ထက်ပိုသော တပ်များ ဘယ်လိုပင် တိုက်ပွဲဖြစ်ဖြစ်
အမှန်တကယ်နစ်နာရသူ မှာ တိုက်ပွဲကြားက အပြစ်မဲ့ဒေသခံပြည်သူများသာ ဖြစ်သည်။ ထိုအနိဌာရုံများကို
အဆုံးသတ်နိုင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ပြည်တွင်းစစ် ရပ်စဲရေးပင် ဖြစ်ပါသည်။
.
နှစ်ပေါင်းရှည်ကြာ စစ်ပွဲများကို အဆုံးသတ်နိုင်ပါမှ ပြည်သူတွေဘဝ
အေးချမ်းလုံခြုံမည် ဖြစ်သည်။ တိုင်းပြည်အတွက် အရေးတကြီး လိုအပ်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို
အမြန်ဆုံးဖော်ဆောင်နိုင်ရန် အပြစ်မဲ့ တိုင်းရင်းသား အားလုံးက လိုလား တောင့်တနေကြသည်။
.
ယင်းကဲ့သို့ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ငြိမ်းချမ်း
သာယာဝပြောပြီး ဖွံ့ ဖြိုးတိုးတက်သည့် ဖက်ဒရယ် ဒီမိုကရေစီ ရွှေပြည်တော်ကြီးကို အရောက်လှမ်းနိုင်ရေးအတွက်
အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ
အားလုံး သဘောထားပြည့်ဝစွာဖြင့် အမြန်ဆုံး ဖော်ဆောင်ပေးနိုင်ပါစေကြောင်း ဆန္ဒပြုတိုက်တွန်းလိုက်ရပါသည်။
.
.
.
#KBZTai #Shan