အောင်ပန်း ဈေးအနီးတွင် ကျွဲခတ်ခံရသဖြင့် ကုန်တင်ကုန်ချလုပ်သားတစ်ဦး ပြင်းထန်စွာဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, December 18, 2018

အောင်ပန်း ဈေးအနီးတွင် ကျွဲခတ်ခံရသဖြင့် ကုန်တင်ကုန်ချလုပ်သားတစ်ဦး ပြင်းထန်စွာဒဏ်ရာရ

မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဒီဇင်ဘာလ ၁၇ ရက် ညနေပိုင်းက ကြိုးတန်းလန်းဖြင့် လွတ်လာသည့် ကျွဲတစ်ကောင်မှ ဈေးပေါက်ဝအနီး ပွဲရုံတွင် ကုန်တင်ကုန်ချပြုလုပ်နေသူ လုပ်သား ၂ ဦးအား ခတ်သဖြင့် လုပ်သား ၁ ဦးတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး တောင်ကြီးမြို့၊ စ၀်စံထွန်းဆေးရုံသို့ တင်ပို့ထားရကြောင်း အောင်ပန်းမြို့၊ စည်ပင်သာယာဈေးကော်မတီတာဝန်ခံ ဦးစိုးတင့်ထံမှ သိရှိရသည်။
.
.
“ကျွဲပိုင်ရှင်နဲ့ လူနာမိသားစု ညှိနှိုင်းလုပ်ဆောင်ပေးနေပါတယ်။ အထက်ဌာနအားလုံးကိုလည်း တင်ပြထားပါပြီ။ လိုအပ်သလို စည်ပင်ဥပဒေအရ လုပ်ဆောင်ရမှာတွေကိုလည်း ဆောင်ရွက်နေပါတယ်”ဟု ဦးစိုးတင့်က ပြောသည်။
.
၎င်းကျွဲမှာ ခိုင်းကျွဲပုံစံမျိုးမရှိဘဲ ရောင်းကျွဲပုံစံဖြစ်ကာ ဆေးအမှတ်အသားများ မပါရှိကြောင်း ကျွဲနင်းခံရသူ ကိုကျော်စွာ ကပြောသည်။
.
အောင်ပန်းမြို့၊ ပြည်သာယာဈေး၊ ကားလေးကွင်းအပေါက်ရှေ့ ဈေးအဝင်လမ်း၊ အမေရှမ်းပွဲရုံရှေ့တွင် ဒီဇင်ဘာလ ၁၇ ရက်၊ ညနေ ၃ နာရီခွဲခန့်က ကုန်တင်နေသည့် ကိုကျော်စွာ(ခ)ကရင်နှင့် ဦးသိန်းထွေး(ခ)ငယ်လေးတို့အား ကြိုးတန်းလန်းဖြင့် ကျွဲတစ်ကောင်မှ ဝင်ရောက်တိုက်ခိုက်ရာ ကိုကျော်စွာမှာ ခြေထောက်များ အနင်းခံရပြီးနောက် ဦးသိန်းထွေး (ခ) ငယ်လေး အား ယာယာချိုင်းးအောက်မှ ဦးချိုဖြင့်ချိတ်ပြီး သုံးဘီးကားတစ်စီးဘေးတွင် ပြုတ်ကျကျန်ရစ်ခဲ့ပြီးနောက် ကျွဲမှာ ကားလေးကွင်း (ဂ)၊ အခန်း (၃) အတွင်းသို့ ဝင်ရောက်သွားပြီး ရေမြောင်းကြီးထဲသို့ ကျရောက်သွားခဲ့ကြောင်း သိရသည်။
.
ကျွဲခတ်သဖြင့် ပြင်းထန်ဒဏ်ရာရသူ ဦးသိန်းထွေး (ခ) ငယ်လေး (၂၈ နှစ်)အား အောင်ပန်းဆေးရုံသို့ တင်ပို့ရာ ဒဏ်ရာ ပြင်းထန်သဖြင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကြီးသို့ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ဆက်လက်ပို့ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ခွဲစိတ်ကုသမှု ခံယူနေကြောင်း လူနာမိသားစုထံမှ သိရသည်။
.
“ကျွဲပိုင်ရှင်ကိုတော့ စည်ပင်က ခေါ်ထားပါတယ်။ သူနဲ့ ညှိနှိုင်းလို့ရရင်တော့ အမှုမဖွင့်ပါဘူး”ဟု လူနာ၏အစ်ကိုဖြစ်သူ ကိုကျော်သူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျွဲမှာ မြောင်းအတွင်းရှိနေဆဲဖြစ်ပြီး အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်နေ ကျွဲပိုင်ရှင် ဦးဖိုးထောင်ဆိုသူ ရောက်ရှိပြီးမှသာ လိုအပ်သလိုဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း စည်ပင်သာယာဈေးတာဝန်ခံ ဦးစိုးတင့်ထံ ထံမှ သိရှိရသည်။
.
.
.
#KBZTai #Shan

Recent Tube