ကလေးလုပ်သား ပြဿနာအကြောင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, December 24, 2018

ကလေးလုပ်သား ပြဿနာအကြောင်း



ကျော်ကျော်လင်း (ရှမ်းပြည်)
.
Photo - internet
.
ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ သဘောတူညီချက်ကို စာချုပ် ချုပ်ဆိုထားကြသည်။ စာချုပ်ပါ အဓိကအချက်မှာ ကလေးသူငယ်ဟူသော သတ်မှတ်ချက်မှာ အသက် (၁၈) နှစ်အထိ သတ်မှတ် ထားသည်။ သို့သော် သက်ဆိုင်ရာနိုင်ငံများ၏ ကလေးဖြစ်ကြောင်း သတ်မှတ်ချက်များသည်လည်း အကျုံး ဝင်သည်ဟု ဆိုသည်။ ကလေးသူငယ်တစ်ဦး သည် မိဘနှစ်ပါးစလုံးနှင့် အတူနေထိုင်ခွင့်၊ ရုပ် ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကာအကွယ် ရ မှု၊ အစားအစာ၊ ပညာရေး၊ ကျန်းမာရေးအပါအ ဝင်၊ အခြေခံ အခွင့်အရေးများ အားလုံး ရရှိခံစား ခွင့်ရှိသည်ဟုလည်း ဖော်ပြထားသည်။ ထို့အပြင် ဘာသာရေး၊ လူမျိုးရေး၊ လိင်၊ အသားအရောင် နှင့် အခြားမတူကွဲပြားမှုများမှ ခွဲခြားဆက် ဆံမှုများလည်း ကင်းလွတ်ရမည်ဟုလည်း ဖော်ပြထားသည်။ ပြစ်မှုများ ကျူးလွန်ခြင်းကြောင့် ဖြစ်ဒဏ်စီရင်ရာတွင် ကလေးသူငယ်အသက်အရွယ် အပိုင်းအခြားအလိုက် မည်သို့စီရင်ရမည် ကိုလည်း သတ်မှတ်ထားသည်။ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသည့် နိုင်ငံတိုင်းတွင်ရှိသည်။ ကလေးသူငယ်များ၏ အခြေအနေများကို ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီမှ အမြဲတမ်း စောင့်ကြည့်ပြီး နှစ်စဉ်အစီရင်ခံစာ တင်ရပါသည်။ တစ်နှစ်လျင် တစ်ကြိမ် တင်ရခြင်း ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာတွင် ကလေးသူငယ်များ၏ အခွင့်အရေးကို မသိမသာ ချိုးဖောက်နေခြင်း၊ သိသိသာသာ ချိုးဖောက်နေခြင်းများ ရှိနေသည်ဟု လူ့အ ခွင့်အရေး စောင့်ကြည့်နေသည့် အဖွဲ့အစည်းများက သတိပေးထားသည်။
.
ကလေးသူငယ်များနှင့် ကာကွယ်မှုအ ကောင်းဆုံးဖြစ်သည့် နိုင်ငံများ စာရင်းတွင် (ဤ စာတမ်းကို နယ်သာလန်နိုင်ငံ အခြေစိုက် Kid Right ဖောင်ဒေးရှင်းမှ ထုတ်ပြန်သည်) ဤ ဖောင်ဒေးရှင်းသည် နှစ်စဉ်ကမ္ဘာ့နိုင်ငံအသီးသီး ရှိ ကလေးသူငယ်များ၏ အခြေအနေကို စစ်တမ်းကောက်ယူလေ့ရှိသည်။ Kid Right အဖွဲ့၏ စစ်တမ်းတွင် ကမ္ဘာပေါ်ရှိ ကလေးသူငယ် များအတွက် အကောင်းဆုံးနိုင်ငံများ စာရင်းကို ဖော်ပြထားသည်။ နံပါတ် (၁)နေရာတွင် နော်ဝေးနိုင်ငံက ရပ်တည်နေကြသည်ဟု ဆိုသည်။ ထို့အပြင် စလိုဗက်ကီးယား၊ ဆိုင်ယာလန်၊ ပြင်သစ်၊ ဖင်လန်နှင့် တူနီးရှားနိုင်ငံတို့သည် ထိပ်သီးဆယ်နိုင်ငံ စာရင်းတွင် ပါဝင်နေပါသည်။ မြန်မာနိုင်ငံသည် ကလေးသူငယ် အကောင်းဆုံး အခွင့်အရေး ရရှိသည့် နိုင်ငံစာရင်းတွင် အဆင့် ၁၁၅ တွင် ရပ်တည်နေပါသည်။ ကလေးသူငယ် အဆိုးဝါးဆုံး စာရင်းတွင် ဗဟိုအာဖရိကနိုင်ငံက ထိပ်ဆုံးတွင် ရပ်တည်နေပါသည်။ အာဖဂန်နစ္စ တန်၊ ဗန်နာတူး၊ ချပ်၊ ပါပူးဝါးနယူးဂီနီ၊ ဂီနီဗက် ဆဲလ်၊ အီကွေတိုရယ်ဂီနီ၊ မက်ဆူတို၊ အန်ဂိုလာ နှင့် ဂီနီနိုင်ငံတို့သည် ကလေးသူငယ် အခွင့်အ ရေး အဆိုးဝါးဆုံးများဖြစ်သည်ဟု ဖော်ပြထား သည်။ ဤစစ်တမ်းသည် နိုင်ငံပေါင်း တစ်ရာ့ ခြောက်ဆယ်ကျော်မှ ကလေးများ၏ ရှင်သန်နေ ထိုင်မှု၊ ကျန်းမာရေး၊ ပညာရေး၊ အကာအကွယ် အစောင့်အရှောက်နှင့် ကလေးများ၏ အခွင့်အ ရေးကို အကာအကွယ်ပေးနိုင်မှု ပတ်ဝန်းကျင် စသည့် အခြေခံလိုအပ်ချက် (၅)ချက်ကို အခြေ ခံထားပြီး စာရင်းကောက်ယူခဲ့ခြင်း ဖြစ်သည်ဟုငျွိငါ့အ ဖောင်ဒေးရှင်းမှ ထုတ်ပြန်ခဲ့ပါသည်။
.
နိုင်ငံတကာတွင် ကလေးများကို မည်သို့ ပြုစုပျိုးထောင်နေသည်၊ မိဘအုပ်ထိန်းသူများ နှင့် ကလေးသူငယ်များကို ပြုစုပျိုးထောင်ရန် အခြေခံလိုအပ်ချက်များက ဘယ်လိုအရာတွေ ဖြစ်သည်ကို၊ မိဘများနည်းတူ နိုင်ငံတော်တွင် လည်း တာဝန်ရှိပါသည်။ ယင်းလိုအပ်ချက်များ ပြည့်စုံရန်မှာ တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အ စည်းတည်းနှင့် လုပ်ဆောင်၍မရသည်ကို လက် တွေ့အနေအထားဖြင့် မြင်ရုံနှင့် သိနိုင်ပါသည်။ ထိုသို့သော ကလေးအလုပ်သမား များကို မြို့ကြီး ပေါ်ရှိ လက်ဖက်ရည်ဆိုင်များ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များတွင် အတွေ့ရဆုံးဖြစ်သည်။ အချို့သော ကလေးအလုပ်သမားများသည် ဆိုင်ရှင်များနှင့်ဆွေမျိုး နီးစပ်တော်စပ်နေသူများ၊ ရပ်ဆွေရပ်မျိုး ဖြစ်နေသူများနှင့် ရပ်ကွက်တူနေ ထိုင်ခဲ့ခြင်းကြောင့် ထိုဆိုင်နှင့် အဆက်အသွယ် ရခဲ့သူများ ဖြစ်ကြသည်။
.
ထိုသို့ ကလေးများသည် မိမိတို့၏ နေရပ် များနှင့် မိဘများကို စွန့်ခွာကာမြို့ပြများတွင်လာရောက် အလုပ် လုပ်နေကြသည့် အကြောင်းရင်း မှာ များများစားစား မရှိပါ။ ဆင်းရဲမွဲတေမှုကြောင့်ပင် ဖြစ်သည်။ မိသားစုဆင်းရဲ၍ အရွယ်မရောက် သေးသည့် ကလေးများ အလုပ်လုပ်ခြင်းကို ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် လက်ခံထားရသည်ဟု အလုပ်သမားအရေး ကျွမ်းကျင်သူများက ဆိုသည်။ တစ်ဆက်တည်းပင် ''မြန်မာနိုင်ငံမှာကလေး လုပ်သား လုံးဝပပျောက်အောင် လုပ်မယ်ဆိုရင် မိသားစု ဝင်ငွေကို လုံလောက်အောင် ဖန်တီး ပေးရပါမည်။ ကလေးများ၏ မိဘများဝင်ငွေ မလုံလောက်ခြင်းက ကလေးလုပ်သားတွေ ပိုမိုများပြားလာခြင်း ဖြစ်စေသည်''ဟု ဆိုပါသည်။ ပြည်တွင်းစစ်နှင့် သဘာဝဘေးဒဏ်များကြောင့်လည်း ရွှေ့ပြောင်းကလေး လုပ်သားများနှင့်က လေးသူငယ် လူကုန်ကူးခံရမှုများ ရှိလာနိုင်သည်။ ကလေးလုပ်သားအဖြစ် လုပ်ကိုင်နေရာမှ အ ရွယ်ရောက်လာသူများသည် အိမ်တွင်းအလုပ်သ မားများအဖြစ် ကူးပြောင်းသွားသည်က အများ အပြားရှိသည်။ အလုပ်ရှင်များ အနေဖြင့် မိမိတို့ နှင့် အတူရှိနေသည့် ကာလသည် ကြာမြင့်လာ ခြင်းကြောင့် လူယုံအဖြစ် သတ်မှတ်ရန် မခက် ခဲတော့ပါ။ ဆင်းရဲမွဲတေမှုမှ ကလေးလုပ်သား ပပျောက်ရေးသည် ကောင်းမွန်သည့် ရည် ရွယ်ချက် ဖြစ်သော်လည်း လက်တွေ့ အကောင်အထည်ဖော်ရန် ခက်ခဲနေသေးသည်။
.
ကလေးလုပ်သားများ ပေါ်ပေါက်လာရန်ဖန် တီးသည့် အကြောင်းရင်းများတွင် မိဘများ၏ ဆင်းရဲမှုနှင့် အလုပ်ရှင် များက လိုလားစွာလက်ခံ လိုသည့် အချက်မှာ အဓိကအကြောင်းရင်းဖြစ်နေသည်ဟု ဆိုကြသည်။ ဆင်းရဲသော မိဘများ၏ မေတ္တာရပ်ခံမှုကြောင့် ကူညီသည့် အနေဖြင့် ကလေးလုပ်သားများကို လက်ခံရခြင်းဖြစ်သည် ဟု အလုပ်ရှင်များက ဆိုကြသည်။ တစ်ဖက်မှ ကြည့်လျှင် ကလေးလုပ်သားများသည် လူကြီး လုပ်သားများထက် ပို၍ ကျိုးနွံသည့်အတွက်လုပ် ငန်းခွင်တွင် ခိုင်းကောင်းသည်။ ခိုင်းစေရန်အသင့် ဖြစ်နေသည်။ ဆင်ခြေပေးခြင်း၊ အတွန့်တက်ခြင်း မရှိသလောက် နည်းပါးသည်ဟု ယူဆထားကြ သည်။ စက်ရုံများ အလုပ်ရုံများသည် ကျွမ်းကျင် မှုအပေါ် မူတည်ကာ လုပ်အားခကို ပေးခြင်းဖြစ် သောကြောင့် ကလေးလုပ်သားများ အနေဖြင့် အလုပ်လုပ်ကာ အတတ်ပညာ သင်ယူရမည် ဟု အလုပ်ရှင်များကရော ကလေးလုပ်သားများ ဘက်ကပင် ခံယူထားကြခြင်း ဖြစ်သည်။
.
ထိုခံယူချက်အမှားကြောင့်ပင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအထိ ပညာကို ပြီး ဆုံးအောင် သင်ကြားခွင့်မရရှိသည့် ကလေးများသည် ကလေးလုပ်သားအဖြစ် တစ်နည်းနည်း နှင့် လုပ်ငန်းခွင်များသို့ ရောက်ရှိလာခြင်းဖြစ် သည်။ အလုပ်ရှင်များကလည်း လုပ်ငန်းတွင်စိတ် ချရသည်။ မျက်နှာလွဲလို့ရသည်။ လူယုံဖြစ်သည် စသည့် ငွေမပေးရသည့် မြှောက်ပင့်စကားဖြင့် စေခိုင်းတတ်ကြသည်။ ကလေးလုပ်သားတို့မှာ ထိုထက်ပိုပြီး ဘာမှမခံစားရတော့ပါ။ အမြှောက် ကြိုက်သည့် လူ့သဘာဝကို ကောင်းကောင်းအ သုံးချသွားခြင်း ဖြစ်သည်။
.
လုပ်ငန်းရှင်များသုံးသည့် နောက်တစ်နည်းမှာ အလုပ်မျိုးစုံမှာ ထိုကလေးလုပ်သားများ အလုပ်မျိုးစုံတွင် သူတို့လုပ်နိုင်သည့် နေရာစုံနယ် ပယ်စုံထဲတွင် ဝင်ရောက်လုပ်ကိုင်ကြရာတွင် အခကြေးငွေ သို့မဟုတ် လုပ်အားခကို တိတိကျကျ သတ်မှတ်ပေးခြင်း မရှိဘဲ ထိုကလေးများ၏ ဘဝကို တာဝန်ယူလိုက်သည့် ပုံစံမျိုးစုံဖြင့် အ ခိုင်းအစေခံ လုပ်သားဘဝပုံစံမျိုးများလည်း ရှိ လာသည်။ လက်ရှိအိမ်တွင်း အလုပ်သမားဘဝ သို့ ရောက်နေသည့် ကလေးအလုပ်သမား အများအပြားရှိနေပါသည်။ အထူးသဖြင့် မိန်းက လေးများကို အိမ်တွင်းအလုပ်သမားများ အဖြစ် အသုံးပြုသည့် ဓလေ့ကို မြန်မာနိုင်ငံတွင် လူ အများက လက်ခံထားကြသည်မှာ ကာလရှည် ကြာပင် ရှိခဲ့သည်။ ယင်းကလေး လုပ်သားများ၏ လုပ်အားခကို ကလေးများ၏ မိဘ (သို့မ ဟုတ်) အုပ်ထိန်းသူကသာ လက်ခံရယူသည့် စနစ်ဖြစ်သည်။ အိမ်အကူအလုပ်ကို မလှိမ့်တ ပတ်ဖြင့် တာဝန်ပေးခြင်း ဖြစ်သည်။
.
၁၉၅၁ ခုနှစ် အလုပ်ရုံ ဥပဒေပြင်ဆင်ချက် ၌ အလုပ်လုပ်ကိုင်နိုင်ရန် ခွင့်ပြုထားသည့် ၁၃ နှစ်ပြည့်ပြီး ၁၆ နှစ် မပြည့်သေးသူကို ကလေး လုပ်သားဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ၁၆ နှစ် ပြည့်ပြီးသူကို ၁၈ နှစ် မပြည့်သေးသူ လူရွယ်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ကလေးသူ  ငယ်ဥပဒေအရ ၎င်း ၁၉၅၁ အလုပ်ရုံဥပဒေပြင် ဆင်ချက်ကို ပြင်ဆင်သည့် ဥပဒေ ၂ဝ၁၆ အရ ၁၄ နှစ်အောက် ကလေးသူငယ်များကို မိသားစု လုပ်ငန်းများမှအပ အခကြေးငွေ ဖြင့် လည်း ကောင်း၊ အခြားတစ်နည်းနည်းဖြင့်လည်း ကောင်း၊ အလုပ်ခိုင်းစေခြင်းသည် ပြစ်မှုမြောက် ပြီး သက်ဆိုင်ရာ တရားရုံးမှ ပြစ်ဒဏ်စီရင်ခြင်း ခံရနိုင်ပါသည်။ ၁၄ နှစ်မှ ၁၆ နှစ် အသက်အ ရွယ်ကို ကလေး လုပ်သားဟု ဥပဒေကသတ်မှတ် ထားပြီး သက်ဆိုင်ရာ ဆရာဝန်အလုပ်လုပ်ကိုင် နိုင်ကြောင်း ထောက်ခံချက် ရရှိမှသာလျှင် အ လုပ်ခိုင်းစေပိုင်ခွင့် ရှိသည်။ ယင်းတို့၏ အလုပ် ချိန်မှာ တစ်ရက်လျှင် ၄ နာရီဖြစ်ပြီး လူကြီးအ လုပ်သမားများနှင့် တန်းတူလုပ်ခ ပေးရမည်ဖြစ် သည်။ အလုပ်ချိန်ကို ည ၆ နာရီနှင့် နံနက် ၆ နာရီအတွင်း လုံးဝ ခိုင်းစေပိုင်ခွင့် မရှိပေ။ ၁၆ နှစ်နှင့် ၁၈ နှစ်ကို လူရွယ် လုပ်သားဟု သတ် မှတ်ကာ တစ်ရက်အလုပ်ချိန် ၈ နာရီ ခိုင်းစေ၍ ရပါသည်။ ထို့အပြင် ဆရာဝန်လက်မှတ်လည်း ပါရှိရမည် ဖြစ်သည်။
.
ကလေးလုပ်သား ပြဿနာနှင့် ပတ်သက် ၍ သုံးသပ်ပါက လက်ရှိပြဌာန်းထားသည့် ဥပ ဒေများနဲ့တင် လုံလောက် ပါသည်။ ဥပဒေ ထပ်ပြုစရာ မလိုပါ။ ဤသို့ ဖြစ်နေခြင်းမှာ ဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်ရန် တာဝန် ပျက်ကွက်မှုများကြောင့်သာ အားနည်းချက်အ ဖြစ် တွေ့ရပါသည်။ လက်ရှိအနေအထားတွင်လည်း မြို့နယ် အလုပ်သမား ဥပဒေအရာရှိများ ၏ လုပ်ပိုင်ခွင့်များသည် အလွန်မြင့်မားစွာ ဥပဒေတွင် ပေးထားပြီး ဖြစ်သည်။ ပြောရမည်ဆိုပါ က ဥပဒေအရာရှိသည့် အလုပ်သမားများနှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်မှုသည် မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် တန်းတူပါဝါ ရှိသည်ဟု ဆိုနိုင်သည်။ မြို့နယ်အလုပ်သမား ဥပဒေအရာရှိသည် မိမိမြို့ နယ်အတွင်းရှိ ဆိုင်များနှင့် အလုပ်ရုံများကို ၂၄ နာရီ ရှောင်တစ်ခင် စစ်ဆေးအရေးယူနိုင်ခွင့် အား ဥပဒေက ခွင့်ပြုပေးထားပါသည်။ စစ်ဆေး မှုနှင့် ထိရောက်သော အရေးယူဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးများတွင်လည်း က လေးသူငယ် စောင့်ရှောက်ကာကွယ်ရေး အဖွဲ့ ပါရှိရမည့် ဖွဲ့စည်းပုံလည်း ပါရှိပြီး ဖြစ်သည်။ ကလေးလုပ်သားများကို ခိုင်းစေခွင့် ဥပဒေကို အလုပ်ရှင်များက လိုက်နာရန် ပျက်ကွက်နေခြင်း မှာ ယင်းတို့အတွက်အကျိုးအမြတ်များ ရရှိနေ ခြင်းကြောင့် ဖြစ်သည်။ ကလေးလုပ်သားများ ဘက်မှ လိုက်နာရန် ပျက်ကွက်နေခြင်းမှာ စား ဝတ်နေရေး အဆင်မပြေခြင်းကြောင့် ဖြစ်သည်။
.
လက်တွေ့ကာလတွင် ကလေးလုပ်သားများ ကို ဥပဒေအရ တစ်နေ့လေးနာရီသာ ခိုင်းစေရ မည်ဟု သတ်မှတ်ထား သော်လည်း တစ်နေ့တွင် လူကြီးအလုပ်များ နည်းတူ တစ်နေ့ ၈ နာရီအ ထိ အလုပ်လုပ်နေရဆဲဖြစ်ပါသည်။ ဆင်းရဲမွဲ တေမှု၊ ဝင်ငွေ နိမ့်ပါးမှု၊ အသိပညာ ချို့တဲ့မှုတို့ ကို မကုစားနိုင်သရွေ့ ပညာသင်ကြားနိုင်မှု အခွင့်အလမ်း ပိုမိုနိမ့်ကျ နည်းပါးလာပြီး ကလေး လုပ်သား တိုးပွားလာမှုကို မလျှော့ချနိုင်တော့ပါ။ ဤအရာများကို အောင်မြင်အောင်၊ ပပျောက်နိုင်ရန် ဥပဒေအရ ထိထိရောက်ရောက် အရေးယူ မည်ဆိုပါကလည်း ကလေးသူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် သူတို့မိသားစု၏ ထမင်းဖိုးကို ရိုက်ခွဲသလို ဖြစ်သွားနိုင်ပါသည်။
.
ကလေးလုပ်သား ပြဿနာကို သတိပြုသုံး သပ်ကြည့်ပါက လုပ်အားခလည်း တန်ရာတန် ဖိုးမရသည့် ဈေးဖြင့် ရောင်းစားနေရသည့် ကလေးများထက် ကလေးလုပ်သားများကို အကြောင်းပြု၍ ကိုယ်ကျိုးရှာနေသူများသာ ပို၍ အဆင်ပြေ ပြေလည်နေသည်ကို တွေ့ရသည်။ အိုင်အယ်လ်အိုမှ လေးနှစ်တာ ၂ဝ၁၃ ဒီဇင်ဘာ ၂၁ ရက်မှ ၂ဝ၁၇ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ကလေးအလုပ်သမား ပြဿနာ ဖြေရှင်းရေးအ တွက် အစီအစဉ် ရေးဆွဲခဲ့ရာ အမျိုးသား အဆင့် လုပ်ငန်း စီမံချက်ကို ရေးဆွဲနိုင်သည့် အဆင့်သို့ ရောက်ခဲ့သည်။ အန္တရာယ်ရှိသော လုပ်ငန်းခွင် များမှ လျှော့ချနိုင်ရေးကို စတင်နိုင်ခဲ့သည်။ က လေးလုပ်သား လျှော့ချရေးသည် သူတို့၏ ဝင် ငွေနှင့် မိသားစု မှီခိုနေရခြင်း ကြောင့် မလွယ်ကူလှပါ။ ထို့ကြောင့် ဆက်စပ်နေသည့် ဝန် ကြီးဌာနများပါ ပူးပေါင်း လုပ်ဆောင်ရန် လိုပါသည်။ လွှတ်တော်၊ ဝန်ကြီးဌာနများ၊ အန်(န်) ဂျီအို၊ အိုင်အန်(န်)ဂျီအိုများ မကျန် တက်ညီလက်ညီ ပူးပေါင်း ဖြေရှင်းမှသာ ဤကလေး လုပ်သား ပြဿနာကို ထိထိ ရောက်ရောက် ကိုင်တွယ်နိုင်ပေမည်။ ကလေး လုပ်သား ပြဿနာသည် ကမ္ဘာနှင့် ချီသည့် ပြဿနာဖြစ်သည်။ ကလေးလုပ်သား ၁ ဒသမ ၁ သန်းကျော်ရှိသည်။ ထက်ဝက်ကျော်သည်၊ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များနှင့် ပတ်သက် နေသည်ဟု ဆိုသည်။ အမျိုးသားအဆင့် လုပ် ငန်းညှိနှိုင်းဆွေးနွေးပွဲများမှ ကလေးလုပ်သား ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းမှသာ အဖြေကို ရှာနိုင်တော့မည်ဟု ထင်မြင်ယူဆမိပါ သည်။
.

No comments:

Post a Comment

Recent Tube